
နေပြည်တော် အောက်တိုဘာ ၁၃
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော် MICC-2 ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်သည်။
အဆိုပါ အခမ်းအနားသို့ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် NCA လက်မှတ်မရေးထိုး ရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဖိတ် ကြားထားခဲ့ရာ NCA လက်မှတ် ရေးထိုးထားသော ကရင်တိုင်းရင်း သားခေါင်းဆောင် စောမူတူး စေးဖိုး၊ ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU) ဥက္ကဋ္ဌ ကျာဆော်လမွန်၊ NCA တွင် ပါဝင် လက်မှတ်ရေးထိုးခဲ့ကြသည့် EAOs ခေါင်းဆောင်များဖြစ်သည့် ဦးခွန်ဥက္ကာ၊ ဦးခိုင်စိုးနိုင်အောင်၊ ဦးမျိုးဝင်းနှင့် အခမ်းအနားသို့ ဖိတ်ကြားထားသည့် EAO ကိုယ်စားလှယ်များသည် ယနေ့ မွန်းလွဲပိုင်းတွင် တာချီလိတ်မြို့မှ လေကြောင်းခရီးဖြင့် နေပြည်တော် သို့ ရောက်ရှိကြသည်။
အဆိုပါ EAO ခေါင်းဆောင် များအား အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တိုင်းရင်းသား တိုင်းရင်းသူများ၊ ဌာန ဆိုင်ရာဝန်ထမ်းများ၊ ငြိမ်းချမ်းရေး ကို လိုလားသည့် ဒေသခံပြည်သူ များက ထာဝရငြိမ်းချမ်းရေးကို ရရှိရေးသည် ပြည်သူတစ်ရပ်လုံး ၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊ ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံ သားအားလုံး၏ ဆန္ဒအမှန်ဖြစ် သည်၊ ပြည်ထောင်စုကြီး ငြိမ်းချမ်း ဖို့ တွေ့ဆုံဆွေးနွေးကြပါစို့ စသည့် စာသားပါဆိုင်းဘုတ်များ ကိုင် ဆောင်၍လည်းကောင်း၊ နိုင်ငံတော် အလံငယ်များ ကိုင်ဆောင်၍ လည်းကောင်း နေပြည်တော် လေဆိပ်၌ ကြိုဆိုခဲ့ကြသည်။
ထို့ပြင် တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များကလည်း NCA နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ နေပြည်တော် သို့ ထွက်ခွာလာကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်