တန်ဖိုးမြှင့်ဝါးထုတ်ကုန် နည်းပညာများမျှဝေနေသည့် ဇေယျာသီရိမြို့နယ်မှ ဝါးလက်မှုနည်းပညာလုပ်ငန်း

 

တွေ့ဆုံမေးမြန်း−ရွှေပင်လယ်(IPRD)၊ ဓာတ်ပုံ− အေးလင်းထွန်း(ဇေယျာ)
 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံ့စီးပွားတိုးတက်လာစေရေးအတွက် စိုက်ပျိုးရေးကို အခြေခံသည့် ကုန်ထုတ်စွမ်းအားများ မြင့်မားတိုးတက်လာရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နေပြည်တော်တွင် စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းများဖြင့် ဆောင်ရွက်လျက်ရှိသည်။  ယင်းတို့အနက်  ဝါးလက်မှုပစ္စည်းများ ထုတ်လုပ်နေမှုများနှင့်  ဝါးလက်မှုပစ္စည်းများ ထုတ်လုပ်ခြင်းနှင့်ပတ်သက်ပြီး နည်းပညာများ  လေ့ကျင့်သင်ကြားပေးနေသူ ဇေယျာသီရိမြို့နယ် ဝန်ပြန်ကျေးရွာမှ ဝါးလက်မှု ဦးကျော်ဝင်းနှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ပါသည်။ 

မေး    ။    ။    ဒီဝါးလက်မှုလုပ်ငန်းကို  ဘယ်အချိန်က  စလုပ်ကိုင်            ဖြစ်တာလဲရှင်။
ဖြေ    ။    ။     ၂၀၁၄၊ ၂၀၁၅ ခုနှစ် လောက်ကတည်းက စလုပ်ဖြစ်တာပါ။
            စစချင်းတုန်းက ဝါးစိုက်တာပေါ့။ စိုက်တဲ့ဝါးတွေက ရာသီဥတုသိပ်မရွေးဘူး။ ဝါးပင်က  ပုံမှန်အားဖြင့် မျှစ်တစ်ပိဿာကို ကျပ် ၃၀၀၀ ကနေ ၈၀၀၀   လောက်အထိ ရှိတယ်။   ဒီဝါးပင်က မျှစ်တွေကို ဂျပန်တို့  ထိုင်ဝမ်တို့ကို  ပို့မယ်ဆိုပြီး  စလုပ်လာခဲ့တာ။ မျှစ်ရဖို့အတွက် ဝါးကို ဧက ၅၀၀၀၊ ၁၀၀၀၀ စိုက်မယ်၊ ဝါးအသုံးချရေး နည်းပညာကို လိုက်ပြီး လေ့လာသင်ယူရင်းနဲ့ ပထမတော့ ဝါးပရိဘောဂ ပေါ့၊ နောက်တော့ တန်ဖိုးမြှင့်အဖြစ် အဆောက်အအုံ၊ အထပ်သား၊ ပါကေးတို့အဲဒီအဆင့်ကိုရောက်ချင်တာ။    ပိုက်ဆံလည်း  များများ လိုချင်တယ် သမ္မာအာဇီဝလည်းကျချင်တယ်၊ နေထိုင်ရတာ သက်သောင့် သက်သာလည်း ဖြစ်ချင်တယ်။ လေ့လာပြီး တွက်ကြည့်လိုက်တော့ တစ်နှစ်ကို တစ်ဧက ငွေကျပ် သိန်း ၅၀ ကတော့   ပြေးမလွတ်ဘူး၊ လုပ်သင့်တဲ့ လုပ်ငန်းတစ်ခုဆိုပြီး စလုပ်ဖြစ်သွားတာပါ။ Bamboo ဝါးကုန်ထုတ်သမဝါယမအသင်းဆိုပြီး    ဖွဲ့ထားတယ်။   Bamboo မျှစ်ထုတ်လုပ်ရေးလုပ်ငန်းနဲ့ Bamboo ဝါးပရိဘောဂလုပ်ငန်းဆိုပြီး မှတ်ပုံတင်ထားတယ်။ 


မေး    ။    ။     ဝါးလက်မှုလုပ်ငန်းမှာ အဓိကထုတ်ကုန်က ဘာထုတ်လုပ်             ပါသလဲရှင်။
ဖြေ    ။    ။    ဝါးလက်မှုနည်းပညာသင်တန်းကို အဓိက သင်ပါတယ်။ ပြီးရင် ဝါးပရိဘောဂပေါ့။ 


မေး    ။    ။     ဝါးလက်မှုလုပ်ငန်းမှာ       ဘယ်လိုသင်တန်းမျိုးတွေ            သင်ပေးနေပါသလဲရှင်။
ဖြေ    ။    ။     ဒီမှာက အရင်တုန်းက ပန်းပုလည်း သင်လို့ရတယ်။   ဝါးတဲဆောက်တာ၊ ပရိဘောဂလုပ်တာ၊ ခမောက်ရက်တာ၊ မီးသွေးဖုတ်တာ၊ ဆပ်ပြာလုပ်တာ၊    ခေါင်းလျှော်ရည်လုပ်တာ အကုန်သင်ပေးပါတယ်။ ဝါးပေါင်းခံရည်လည်း လုပ်တယ်။ 


မေး    ။    ။     ဝါးလက်မှုသင်တန်းကို ဘယ်ဒေသတွေက လာတက်             ကြပါသလဲ။ သင်တန်းသား ဘယ်လောက် မွေးထုတ် ပေးနိုင်ခဲ့ပြီလဲ။
ဖြေ    ။    ။    မြစ်ကြီးနား၊ ချင်း၊ ရှမ်း၊ ရခိုင်၊ ရေး၊ မြိတ်အစုံပဲ တစ်နိုင်ငံ            လုံး လာတက်ကြတယ်၊ အရင်ကတော့  တစ်နှစ်ကို သင်တန်းသား ၂၀၀ လောက် ပုံမှန်သင်တန်းဆင်းတယ်။ အခုလည်း သင်တန်းသား ၅၀ လောက်တော့ ရှိပါတယ်။ ထွက်သွားလိုက် သူတို့ ဒေသမှာ မိုးရာသီ အလုပ်မရှိဘူးဆိုရင် ပြန်ဝင်လာလိုက် ဖြစ်နေတာပေါ့။ ငွေလည်းစုရင်း အတတ်ပညာလည်း ထပ်သင်ရင်းပေါ့။ သင်တန်းသား ဦးရေ ၁၈၀၀ နဲ့ အထက်မှာ ရှိပါတယ်။


မေး    ။    ။     ဒီက သင်တန်းဆင်းသွားတဲ့သူတွေက ဝါးလက်မှုလုပ်ငန်းကို             ဆက်လုပ်ကြတာလား။
ဖြေ    ။    ။    ဝါးပရိဘောဂလုပ်တယ်၊ အဆောက်အအုံတွေ လုပ်ကြ             တယ်။ တချို့လည်း သူဌေးတွေဖြစ်ပြီး အောင်မြင်နေ ကြပါတယ်။ 


မေး    ။    ။     ဝါးအဆောက်အအုံတွေကို သီးခြားဆောက်ထားတာလား။
ဖြေ    ။    ။     ကျွန်တော့်ခြံဝင်းထဲက အိမ်တွေ တော်တော်များများက             နေဖို့အတွက် သီးသီးသန့်သန့်နဲ့   ဆောက်ထားတာ မဟုတ်ဘူး။ သင်တန်းပေးရင်းနဲ့ သင်တန်းသားတွေ   ဆောက်တာ များပါတယ်။ စိတ်တိုင်းကျတော့ မဟုတ်ဘူးပေါ့။


မေး    ။    ။     လုပ်ခအနေနဲ့ရော ဘယ်လိုသတ်မှတ်ထားပါသလဲ။ 
ဖြေ    ။    ။     ငယ်တဲ့ကလေးတွေဆိုရင်  ကျပ် ၅၀၀၀  လောက်က             စပေးတယ်။ တစ်ပတ်လောက်နေရင် ကျပ် ၅၅၀၀၊ ၆၀၀၀ စသဖြင့် ၈၀၀၀ လောက်အထိ ပေးပါတယ်။ ကျပ် ၁၀၀၀၀ နဲ့ ၁၀၀၀၀ အထက်တွေကတော့ များပါတယ်။  ကျပ် ၁၅၀၀၀ အထိ ပေးပါတယ်။ 


မေး    ။    ။     အခု အလုပ်ဆင်းနေတဲ့သူတွေက သင်တန်းသားတွေလား။
ဖြေ    ။    ။    ကျွမ်းကျင်တဲ့ လူလည်းပါတယ်။ သင်တန်းသားတွေလည်း             ပါတယ်။ သင်တန်းသားတွေက သင်တန်းတက်ရင်းနဲ့ ပရိဘောဂလာသင်တယ်၊ သင်ရင်းနဲ့   ပရိဘောဂလုပ်ရောင်းတယ်။ ဝါးတဲတွေ  ဆောက်ရောင်းတာပေါ့။     ဝါးတဲလေးတွေကိုတော့ စားသောက်ဆိုင်တွေက မှာကြပါတယ်။ သိပ်မကျွမ်းကျင်ရင် ၁၀ ရက် လောက် ဆောက်ရတယ်။ သင်တန်းပေးရင်းနဲ့ စမ်းပြီးဆောက်ထား တာတွေလည်း ရှိပါတယ်။ တစ်လုံးကို ခုနစ်သိန်းခွဲ ရောင်းရပါတယ်။ သင်တန်းပေးတာနဲ့ လက်တွေ့လုပ်တာက တစ်ပြိုင်တည်းလုပ်တာ။ တချို့ သင်တန်းသားတွေဆိုရင် စရိတ်ပါမလာဘူး ဒါမျိုးဆို ထုတ်ချေး ပေးတယ်၊ သင်တန်းကာလရယ်လို့ သီးခြားသတ်မှတ်ထားတာ မရှိဘူး၊ တစ်ပတ်ဆိုရင် ထိုင်ခုံတစ်လုံး၊ နှစ်လုံး စလုပ်လို့ရပြီ အဲဒီအချိန်ဆို သူတို့အတွက် ပိုက်ဆံရပြီ၊ တချို့က ဆောက်လုပ်ရေးသင်တယ်၊ တချို့က ဒီဇိုင်းပိုင်းသင်တယ်၊ ယင်းလိပ်သင်တန်းတွေလည်း ပေးတယ်၊ ဒါတွေကို သင်တန်းကြေးမယူဘဲ သင်ပေးတာ။  တော်တော်ကြိုးစား တဲ့ သူဆိုရင် တစ်လကို ဆယ်သိန်းကျော်လောက် ဝင်ငွေရှိတယ်။ မေး    ။    ။     ဒီလို  ဝါးလက်မှုသင်တန်းဖွင့်တဲ့အတွက်     ဘယ်လို             အကျိုးကျေးဇူးရရှိပါသလဲ။
ဖြေ    ။    ။     လာသင်တဲ့သူတွေအနေနဲ့ ပညာလည်းရ၊ ငွေလည်းရတဲ့             Cash for Work အစီအစဉ်ပါပဲ။ ကျွန်တော်က သင်တန်း ပေးတယ်၊ ဝါးတဲဆောက်ဖို့အတွက် ဆေးစိမ်ပြီးပြုတ်ပြီးသားဝါးကို ကျွန်တော်က  ရောင်းပေးတယ်၊ ပစ္စည်းပေါ်မှာ  အကျိုးအမြတ်က သင်တန်းသားတွေက ခံစားရတယ်။ သင်တန်းသားတွေလည်း ပိုက်ဆံ ရတယ်၊ ကျွန်တော်ကလည်း ဝါးရောင်းရတယ်။ ဝါးရောင်းရတဲ့ငွေနဲ့ ကျွန်တော်တို့ ဒီသင်တန်းကို ရပ်တည်နိုင်တယ်။ 


မေး    ။    ။     ဝါးကို မှိုမတက်၊ ပိုးမထိုးအောင် ဘယ်လိုလုပ်ထားပါသလဲ။             ဝါးသက်တမ်းက    ဘယ်လောက်    ကြာရှည်ခံနိုင်ပါ သလဲရှင်။
ဖြေ    ။    ။     ဝါးကို အရင်ဆုံး အလယ်ကနေ  ထိုးဖောက်ရပါတယ်။             ဖောက်ပြီးမှပြုတ်ရတာ၊ ပြုတ်ပြီးမှ သုံးကြတာ။ ပိုးမထိုး အောင်တော့ ထိန်းထားရပါတယ်။ ဝါးလုံးအရှည်လိုက် ကန်နဲ့ နှစ်ရက် ထည့်ပြုတ်ရပါတယ်။ တစ်ရက်က မီးထိုးတယ်၊ နောက်တစ်ရက်ကို ဒီအတိုင်းပဲထားပါတယ်။ ပြုတ်တဲ့အချိန်မှာ ရေထဲကို   သဲဆပ်ပြာ ထည့်တယ်။၊ ပြာရည်လည်းထည့်တယ်၊   ဝါးပေါင်းခံရည်လည်း ထည့်တယ်။ ရောစပ်တဲ့အချိုးအတိုင်းပေါ့။ ရေသုံးဂါလန်ဆိုရင် ဆေးတစ်ပေါင်ပေါ့။ အပူချိန် ၇၀ ဒီဂရီနဲ့ အချိန် ၂၄ နာရီ ထားပါတယ်။ ပရိဘောဂက  မှိုတော့တက်နိုင်တယ်၊ ပိုးမထိုးနိုင်တော့ဘူး။ နှစ် ၁၀၀ လောက်အထိ ခံပါတယ်။ ခန့်မှန်းပေါ့။ အင်ဒိုနီးရှားနိုင်ငံက လူတွေက နှစ် ၇၀၊ ထိုင်းနိုင်ငံက လူတွေက နှစ် ၁၅၀၊ အိန္ဒိယနိုင်ငံက လူတွေက ၂၅ နှစ် သတ်မှတ်ကြတာပေါ့။ တရုတ်မှာ   နှစ်ထောင်ဂဏန်းရှိတဲ့ ဝါးအဆောက်အအုံတွေရှိတယ်။ မြင်းခြံ၊ နွားထိုးကြီး၊ ကယားဘက် မှာလည်း နှစ် ၁၀၀ ဝန်းကျင်သက်တမ်းရှိတဲ့  ဝါးအဆောက်အအုံ တော်တော်များများ တွေ့ပါတယ်။ သုတေသနတော့ သိပ္ပံနဲ့နည်းပညာ ဝန်ကြီးဌာနနဲ့ပေါင်းပြီး ဓာတ်ခွဲစမ်းသပ်တာတော့ လုပ်နေပါပြီ။  


မေး    ။    ။    ဝါးပြုတ်တဲ့အခါ     တစ်ကြိမ်ပြုတ်ရင်        ဝါးအလုံး             ဘယ်လောက်လောက် ပြုတ်လို့ရပါသလဲ။
ဖြေ    ။    ။    ပြုတ်တဲ့ကန်က နှစ်ပေကျော် သုံးပေနီးပါးရှိတယ်။ ဝါးကြီးရင် တစ်ကန်ကို ဝါးအလုံး ၇၀ လောက် ဆံ့တယ်။ ဝါးသေးရင်တော့ တစ်ကန်ကို ဝါးအလုံး ၃၀၀ လောက် ဆံ့ပါတယ်။   ကြသောင်းဝါး အလတ်တွေဆိုရင် ၁၀၀ ကျော်လောက်ဆံ့တယ်။ 


မေး    ။    ။     သင်တန်းအမျိုးအစား   ဘယ်နှခုလောက်   သင်ကြား             ပေးပါသလဲရှင်။
ဖြေ    ။    ။     ၂၈ မျိုးလောက် သင်ပေးပါတယ်။ လက်မှုပစ္စည်းလည်း             အမျိုးမျိုးပေါ့။ ကိုယ်မတတ်ရင် တခြားက ဆရာခေါ်ပြီး သင်ပေးပါတယ်။ ခမောက်ဆိုရင် ငါးသိုင်းချောင်းက   ဆရာခေါ်ပြီး သင်ပါတယ်။ ဦးထုပ်တွေထိုးတာက ဝက်လက်၊   ရွှေဘိုက   ဆရာ ခေါ်ပြီး သင်တာပေါ့။ လက်မှုဆရာ ခေါ်မယ်ဆိုရင်တော့ လူစုရတာပေါ့။ တိုင်ကပ်နာရီလုပ်တာတို့၊ ဆွဲခြင်းလုပ်တာတို့ကြတော့ ပုဂံကဆရာ လာသင်ပေးတယ်။ 


မေး    ။    ။    သင်တန်းသားတွေအတွက် ဝါးကို ဘယ်လိုရောင်းချပေးပါ             သလဲ။
ဖြေ    ။    ။    ဝါးက အမျိုးမျိုးပေါ့၊   ကြသောင်းဝါးတစ်လုံးကို ကျပ်             ၁၃၀၀၊ နည်းနည်းသေးရင် ၁၀၀၀ ကနေ ၆၅၀ ရှိတယ်။ ဝါးဘိုးဝါးက တစ်လုံးကို ကျပ် ၅၀၀၀၊ ဆေးစိမ်ပြီးရင်တော့ စျေးက ပြောင်းသွားတာပေါ့ ပေါင်းခနဲ့ ဆေးဖိုးက ကျပ် ၅၀၀၀   လောက် ကျသွားတယ်။ ထီးရိုးဝါးဆိုရင် အဆစ်တိုင်း    အဆစ်တစ်ဆစ်ကို ဆေးရည်ဝင်အောင် နှစ်ပေါက် ဖောက်ရတာပေါ့၊ အဲဒီ လုပ်အားခရှိတယ်၊ စိမ်တဲ့လုပ်အားခ၊ ဆယ်တဲ့လုပ်အားခရှိတယ်။ လုပ်အားခနဲ့ဆိုတော့ ကျပ် ၁၀၀၀၀ ကျော်လောက် ဖြစ်သွားတယ်။ 


မေး    ။    ။     ဝါးလက်မှုလုပ်ငန်းအပြင် ဘာတွေလုပ်သေးလဲ။
ဖြေ    ။    ။    ဝါးမီးသွေးဖုတ်တာတွေ၊ ဝါးပေါင်းခံရည်ထုတ်တာတွေ            လုပ်ပါတယ်။ 


မေး    ။    ။     ဝါးပေါင်းခံရည်ကို ဘယ်လိုရရှိပါသလဲရှင်။
ဖြေ    ။    ။    ဝါးမီးသွေး ထုတ်လုပ်ရာမှ ရရှိလာတဲ့ သဘာဝပစ္စည်း             တစ်ခု ဖြစ်ပါတယ်။ မီးရှို့လိုက်တော့   ထွက်လာတဲ့ မီးခိုးတွေကို ဝါးလုံးနဲ့ အအေးခံလိုက်တာ၊ မီးခိုးထွက်ရင်းကနေ ငွေ့ရည်ဖွဲ့ပြီး အောက်ကိုပြန်ကျတဲ့ရေကို ခံထားတာ။ မီးခိုးအရည်ပေါ့။ ဝါးပေါင်းခံရည်ကနေ ဆပ်ပြာလည်းလုပ်တယ်။ ဝါးပေါင်းခံရည်နဲ့ ပတ်သက်ပြီး    ဂျပန်နဲ့   စျေးကွက်ချိတ်ဆက်ထားတာတော့    ရှိပါ တယ်။


မေး    ။    ။     ဝါးတဲဆောက်ထားတာတွေကို    ဘယ်ဒေသတွေက             ဝယ်တာ များတာလဲ။ ဝါးတဲကို သယ်ယူပို့ဆောင်မှုအနေနဲ့ ဘယ်လိုသယ်ယူပါသလဲ။
ဖြေ။        ။     ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ နောင်ချို၊   တောင်ကြီး၊             ခိုလမ် အစုံပါပဲ၊ ဒီဝါးတဲကို အလုံးလိုက်ပဲသယ်ပါတယ်။ ဆိုင်ဖွင့်ဖို့ အပန်းဖြေအနားယူဖို့အတွက် အသုံးပြုကြတာများတယ်။ တချို့ဆိုရင် ဝါးတဲ ၁၀ တဲ ကျော်ကျော်လောက် လာမှာတာမျိုးဆို ဒေသမှာ စိတ်ဝင်စားတဲ့ လူပဲစုပေးဆိုပြီး ဆရာပဲ လွှတ်ပေးလိုက်တာ၊ ကိုယ့်ဘာသာလုပ်ဆိုပြီး သင်တန်းပေးခဲ့တယ်။ ဝါးပေါင်းပုံ ပေါင်းနည်း ကအစ သင်ပေးလိုက်တာ။ သွားသင်ပေးရတဲ့သူက သွားလာစားသောက် စရိတ်နဲ့ နေ့စားခပဲ ယူပါတယ်။ နည်းပညာတွေ မျှဝေပေးခဲ့တာပေါ့။ အဓိက ဒီဝါးလက်မှုလုပ်ငန်းပြန့်ပွားရေးကို ဦးတည်တော့ ဒီလုပ်ငန်းကို လုပ်တတ်တဲ့သူ အများကြီး ပြန့်သွားတာပေါ့။ တောင်ကြီး၊ ရွာငံ၊ ချင်း၊ မြစ်ကြီးနား၊ မန္တလေးတို့ဘက်မှာ ဒါမျိုး ဝါးလက်မှုလုပ်တတ်တဲ့သူတွေ အများကြီးပေါ့။ ဆွမ်ပရာဘွမ်၊ ပူတာအိုဘက်တောင် ပါသေးတယ်။ ဒီကနှစ်ယောက်၊ သုံးယောက်သွားရတယ်။ ပြီးရင် အဲဒီဒေသခံတွေကို သင်ပေးပြီး လက်တွေ့လုပ်ကြတာပေါ့။ လုပ်ငန်းလာအပ်တဲ့ ဟိုတယ် ဆောက်ချင်တာတို့ဆိုရင် သင်တန်းသားတွေထဲကနေ စိတ်ချရတဲ့လူမျိုးကို ထည့်ပေးလိုက်တာ။ 


မေး    ။    ။     ဝါးစိုက်တာ ဧကဘယ်လောက် စိုက်ထားပါသလဲ။ ဝါး             အဆောက်အအုံတွေ ဆောက်တော့ ဝါးကို ဘယ်ကရယူ ပါသလဲ။ 
ဖြေ    ။    ။     ဝါးပင်ကို ၃၅ ဧကလောက် စိုက်ထားပါတယ်။ အခု            သုံးတဲ့ဝါးတွေက နေပြည်တော် ဂမုန်းတောင်က သဘာဝ အလေ့ကျပေါက်တဲ့ ဝါးတွေ။ ထီးရိုးဝါး အရှည်ကြီးတွေက တောင်ငူမှာ စိုက်တယ်။ 


မေး    ။    ။     ဝါးပျိုးပင်ပေါက် ဆောင်ရွက်ပုံနဲ့ စျေးကွက်ပေါက်စျေး             ကိုလည်း ပြောပြပေးစေလိုပါတယ်ရှင်။
ဖြေ    ။    ။     ဝါးကိုစိုက်ရင် မျှစ်တစ်ချောင်းရဲ့ ဝင်ငွေက ကျပ် ၂၅၀၀၀             ကနေ ၃၀၀၀၀   အထိရှိတယ်၊    ပွားနှုန်းကလည်း တော်တော်ပွားတယ်။   ဝါးပင်ကို လေးပေလောက်ဆိုရင်  ဖြတ်ပြီ၊ မျှစ်ကို စားလိုက်ပြီ ရောင်းလိုက်ပြီဆိုရင် မျှစ်က တစ်ပိဿာမှ ကျပ် ၃၀၀၀  လောက် ရတာ။ ဝါးပင်ကနေ အတက်တစ်တက် ထွက်တယ်ဆိုရင် ကျပ် ၂၅၀၀ ရတယ်။ ဝါးအတက်က ငါးတက်၊ ခြောက်တက်လောက် ထွက်တယ်။ အပင်ကြီးကို  ခွဲလိုက်ရင် ကျပ် ၅၀၀၀ လောက်ရတယ်။ ပျိုးစေ့တစ်စေ့ကနေ တစ်ပင်ပေါက်တာပေါ့၊  ဝါးက  မြက်မျိုးနွယ် မြက်ကြီးပင်မျိုး။ မြက်ပင်လိုမျိုး အဆစ်အဆစ်တွေထွက်တာပေါ့။   ဒီနှစ်အတွက်ဆို အပင်ပေါက်တွေ ရောင်းပြီးသွားပြီ၊ ကုန်ခါနီးဆိုရင် ပြန်ခွဲထားလိုက်တာ။ ထပ်ထပ်ပြီးခွဲလို့ရတယ်။   ပျိုးကြီးလာရင် ပြန်ရောင်း၊  ပျိုးပင်က တစ်ပင်ကို ကျပ် ၁၅၀၀ ရတယ်။ စိတ်ဝင်စားရင်  ဒီဝါးပျိုးပင်က သားစဉ်မြေးဆက် ရောင်းစားနေရုံပဲ။


မေး    ။    ။     ဝါးလက်မှုလုပ်ငန်းသင်တန်းပေးနေမှုနဲ့ ပတ်သက်ပြီး             ရှေ့ဆက်ပြီးတော့ ဘာတွေလုပ်ဖို့ရှိပါသလဲ။
ဖြေ    ။    ။     သင်တန်းကျောင်းဆောက်ဖို့ မြေဧက ၁၀ ဧက လျာထား             ပါတယ်။     သမဝါယမနှင့်   ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနရဲ့အကူအညီနဲ့ ဒီမှာ သင်တန်းကျောင်းဖွင့်ဖို့   စီစဉ်နေပါ တယ်။