
နေပြည်တော် အောက်တိုဘာ ၅
အာဆီယံမဏ္ဍိုင် (၃) ရပ်ဖြစ်သော အာဆီယံနိုင်ငံရေး နှင့် လုံခြုံရေးအသိုက်အဝန်းမဏ္ဍိုင်၊ အာဆီယံစီးပွားရေး အသိုက်အဝန်းမဏ္ဍိုင်နှင့် အာဆီယံလူမှု-ယဉ်ကျေး မှုအသိုက်အဝန်းမဏ္ဍိုင်တို့၏ သက်ဆိုင်ရာ ဝန်ကြီး ဌာနများအကြား အာဆီယံအသိုက်အဝန်း မျှော်မှန်း ချက် ၂၀၄၅ စာတမ်း၏ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်း အဝေးကို ယနေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ ဝန်ကြီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များနှင့် မဏ္ဍိုင် (၃) ရပ် အောက်ရှိ ဝန်ကြီးဌာန ၁၀ ခုမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အာဆီယံအသိုက်အဝန်း မျှော်မှန်း ချက် ၂၀၄၅ ကို အပြီးသတ် ရေးဆွဲနိုင်ခဲ့ခြင်းအပေါ် ကျေနပ်အားရမိကြောင်းနှင့် ရှေ့ဆက်ဆောင်ရွက်ရ မည့် လုပ်ငန်းစဉ်များ၌ မိမိတို့၏ သက်ဆိုင်ရာ အမျိုးသားစီမံကိန်းများနှင့်ကိုက်ညီစွာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် အမျိုးသားအကျိုး စီးပွားဖြစ်ထွန်းစေရေး သက်ဆိုင်ရာဝန်ကြီးဌာနများ အနေဖြင့် ဆက်လက်ပူးပေါင်းပါဝင်ဆောင်ရွက်သွား ကြရန် တိုက်တွန်းပြောကြားသည်။
ထို့ပြင် ဒုတိယဝန်ကြီးက လာမည့် ၂၀၂၄ ခုနှစ် တွင်အာဆီယံ၌ မြန်မာနိုင်ငံမှ ထိရောက်အကျိုးရှိ စွာ ပူးပေါင်းဆောင်ရွက်နိုင်ရန် အလားအလာများ၊ စိန်ခေါ်မှုများအပေါ် သုံးသပ်ဆွေးနွေးပြောကြားကာ အစည်းအဝေးတက်ရောက်လာသူများက မိမိတို့၏ အမြင်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ကြ ရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် အာဆီယံအသိုက်အဝန်း ၂၀၂၅ အလွန် မျှော်မှန်းချက်ရေးဆွဲရေးဆိုင်ရာ အဆင့်မြင့် လုပ်ငန်းအဖွဲ့ (HLTF-ACV) ၏ မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က “တက်ကြွ၍ ကြံ့ခိုင်မှုရှိသော ပြည်သူ့ဗဟိုပြုအာဆီယံ” ဆောင်ပုဒ်ဖြင့် အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက် ၂၀၄၅ စာတမ်းအား အပြီးသတ်ရေးဆွဲနိုင်ခဲ့ခြင်းအပေါ် ရှင်းလင်းပြောကြား ခဲ့ပြီး ရှေ့ကာလ၌ ယင်းစာတမ်း၏ ဆက်စပ်စာတမ်း၊ မဟာဗျူဟာအစီအစဉ်များ ဆက်လက်ရေးဆွဲရာ တွင် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် ချိတ်ဆက်ကာ သက်ဆိုင်ရာအာဆီယံမဏ္ဍိုင် အလိုက် ဝန်ကြီးဌာနများနှင့် ဆက်စပ်အဖွဲ့အစည်းများအနေ ဖြင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုများ ဆက်လက် လုပ်ဆောင်သွားရန် အရေးကြီးကြောင်း ဆွေးနွေး ပြောကြားသည်။
ယင်းနောက် တက်ရောက်လာသည့် အာဆီယံ မဏ္ဍိုင် (၃) ရပ်အောက်ရှိ သက်ဆိုင်ရာ ဝန်ကြီးဌာန ကိုယ်စားလှယ်များက အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံက အာဆီယံ၌ ပူးပေါင်း ပါဝင်ဆောင်ရွက်နေမှုအခြေအနေ၊ ၎င်းတို့၏ သက်ဆိုင်ရာမဏ္ဍိုင်အသီးသီးအောက်မှ ဆောင်ရွက် လျက်ရှိသည့်အစီအစဉ်များနှင့် အနာဂတ်အာဆီယံ အလားအလာအပေါ် အမြင်ချင်းဖလှယ်သုံးသပ် ဆွေးနွေးတင်ပြကြသည်။
သတင်းစဉ်