
ရန်ကုန် အောက်တိုဘာ ၄
Airport of Thailand (AOT) မှ လေယာဉ်မီးငြှိမ်းသတ် ကယ်ဆယ်ရေး အဆင့်မြင့်သင်တန်းကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ငါးရက်ကြာလာရောက် ပို့ချပေးခဲ့ကြောင်း YACL က အောက်တိုဘာ ၄ ရက် တွင် သတင်းထုတ်ပြန်ထားသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား စီမံ ခန့်ခွဲဝန်ဆောင်မှုပေးလျက်ရှိသော Yangon Aero-drome Company Limited (YACL) သည် ၎င်း၏ လေဆိပ်ဝန်ဆောင်မှု အသုံးပြုသူခရီးသည်များနှင့် မိတ်ဖက်လုပ်ငန်းများ၏ ဘေးအန္တရာယ်ကင်းရှင်း လုံခြုံရေးအတွက် ချမှတ်ထားသော စံသတ်မှတ်ချက်၊ ကတိကဝတ်များ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် Airport of Thailand (AOT) မှ နည်းပြများက လေယာဉ် မီးငြှိမ်းသတ်ကယ်ဆယ်ရေး အဆင့်မြင့် သင်တန်း (Air-craft Fire Fighting Rescue Course) ကို ပို့ချပေးခြင်းဖြစ်သည်။
“ယခုသင်တန်း ပြီးမြောက်မှုမှတစ်ဆင့် ARFF Team ရဲ့ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အရည်အသွေး ကို မြှင့်တင်ပေးနိုင်မှာဖြစ်ပြီး မတူညီတဲ့အရေးပေါ်အခြေအနေအမျိုးမျိုးကို ပိုမိုထိရောက်တဲ့ ဖြေရှင်း ချက် စံနှုန်းများနဲ့ ကိုင်တွယ်ဖြေရှင်းသွားနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု YACL ၏ Chief Operating Officer ဖြစ်သူ Mr. Pedro Cavem က ပြောကြား သည်။
အဆိုပါသင်တန်းကို စက်တင်ဘာ ၂၅ ရက်မှ ၂၉ ရက်အထိ ငါးရက်ကြာ သင်ကြားပို့ချပေးပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နေပြည် တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တို့မှ ဝန်ထမ်း ၃၀ တက်ရောက်ကြသည်။
အဆိုပါသင်တန်း လေ့ကျင့်ရေးအစီအစဉ်တွင် အရေးပေါ်အခြေအနေများအပေါ် တုံ့ပြန်ဆောင်ရွက် နိုင်မှု စွမ်းဆောင်ရည်ကိုမြှင့်တင်ရန် မရှိမဖြစ်လိုအပ် သော အကြောင်းအရာများစွာပါဝင်ပြီး ကဏ္ဍ ၁၁ ခု ကို လေ့ကျင့်ပို့ချပေးကြောင်း YACL ၏ ထုတ်ပြန်ချက် အရ သိရသည်။
mnn