မြန်မာပိုက်ကျော်ခြင်းအသင်းများ ယှဉ်ပြိုင်မည့် သုံးယောက်တွဲပိုက်ကျော်ခြင်းပြိုင်ပွဲ ယနေ့စတင်မည်

 

ရန်ကုန်  အောက်တိုဘာ  ၄


(၁၉)    ကြိမ်မြောက်      အာရှအားကစားပြိုင်ပွဲ     ပိုက်ကျော်ခြင်း သုံးယောက်တွဲ  အမျိုးသားနှင့် အမျိုးသမီးပြိုင်ပွဲတွင်  မြန်မာ အမျိုး သားအသင်းနှင့် အမျိုးသမီးအသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် ပြီး အောက်တိုဘာ ၅ ရက် (ယနေ့) တွင် စတင်ကျင်းပမည်ဖြစ်သည်။


သုံးယောက်တွဲ     ပိုက်ကျော်ခြင်းပြိုင်ပွဲကို     အောက်တိုဘာ ၅ ရက်မှ ၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး  အမျိုးသားပြိုင်ပွဲတွင် ခုနစ်သင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ခြောက်သင်း ယှဉ်ပြိုင်မည်ဖြစ်သည်။


သုံးယောက်တွဲ   အမျိုးသားပြိုင်ပွဲ  အုပ်စု (က) တွင်  မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ အုပ်စု (ခ) တွင် ထိုင်း၊ မြန်မာ၊ အိန္ဒိယ၊ ဖိလစ်ပိုင် အသင်းတို့ ပါဝင်နေသည်။ မြန်မာအမျိုးသားအသင်းသည် ပထမနေ့ တွင် အုပ်စုနှစ်ပွဲ ကစားရမည်ဖြစ်ပြီး ယနေ့ မြန်မာစံတော်ချိန် နံနက် ၇ နာရီခွဲတွင် ဖိလစ်ပိုင်အသင်း၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် ထိုင်းအသင်းနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ သုံးယောက်တွဲ အမျိုးသမီး ပြိုင်ပွဲ အုပ်စု (က) တွင် အိန္ဒိယ၊ ဗီယက်နမ်၊ တရုတ်၊  အုပ်စု (ခ) တွင် ထိုင်း၊ မြန်မာနှင့် တောင်ကိုရီးယား အသင်းတို့ ပါဝင်သည်။ မြန်မာအမျိုးသမီးအသင်း သည် အုပ်စုပထမပွဲအဖြစ် ယနေ့ မြန်မာစံတော်ချိန် နံနက် ၈ နာရီခွဲတွင် တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာပိုက်ကျော် ခြင်းအသင်းသည်       လေးယောက်တွဲပြိုင်ပွဲတွင် ရွှေတစ်ခု ရရှိထားသည်။


ရဲရင့်လွင်