
ရန်ကုန် အောက်တိုဘာ ၃
တရုတ်နိုင်ငံ၌ကျင်းပလျက်ရှိသည့် (၁၉) ကြိမ် မြောက် အာရှအားကစားပြိုင်ပွဲ ပိုက်ကျော်ခြင်း လေးယောက်တွဲပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များ ကို အောက်တိုဘာ ၃ ရက်က ဆက်လက် ကျင်းပရာ မြန်မာပိုက်ကျော်ခြင်းအသင်း ဗိုလ်လုပွဲတက်ရောက်ခဲ့သည်။
အမျိုးသား လေးယောက်တွဲပြိုင်ပွဲ ဆီမီး ဖိုင်နယ်ပွဲစဉ်များတွင် မြန်မာအသင်းက ဂျပန် အသင်းကို နှစ်ပွဲ-တစ်ပွဲ၊ အင်ဒိုနီးရှားအသင်းက ဖိလစ်ပိုင်အသင်းကို နှစ်ပွဲ-တစ်ပွဲဖြင့် အနိုင် ရခဲ့သည်။ မြန်မာအသင်းသည် ပထမပွဲငယ် တွင် ၂၁-၉ မှတ်ဖြင့် အမှတ်ပြတ်အနိုင် ရသော်လည်း ဒုတိယပွဲငယ်တွင် ၂၁-၁၈ မှတ်ဖြင့် ပြန်လည်အရေးနိမ့်သဖြင့် တတိယပွဲငယ်မှာ အဆုံးအဖြတ်ဖြစ်လာသည်။ တတိယပွဲငယ် တွင်မူ မြန်မာအသင်းသည် အမှားအယွင်းမရှိ ကစားကာ ၂၁-၁၅ မှတ်ဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ လေးယောက်တွဲ ပိုက်ကျော်ခြင်း အမျိုးသားနှင့် အမျိုးသမီးပြိုင်ပွဲ ဗိုလ်လု ပွဲစဉ်များကို အောက်တိုဘာ ၄ ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး မြန်မာအမျိုး သားအသင်းသည် အင်ဒိုနီးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာ အသင်းသည် အုပ်စုပွဲတွေ့ဆုံရာတွင် အင်ဒို နီးရှားကို အရေးနိမ့်ထားသဖြင့် ရှုံးကြွေး ပြန်ဆပ်ပြီး ရွှေတံဆိပ်ရယူနိုင်ရန် ကြိုးပမ်း ရမည်ဖြစ်သည်။
မြန်မာပိုက်ကျော်ခြင်းအသင်း သည် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သဖြင့် လက်ရှိ ကျင်းပနေသည့် (၁၉) ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအနေဖြင့် ပထမဆုံး ဆုတံဆိပ်ရရှိရန် သေချာသွားပြီ ဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MASTAF