နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကိုတာဝန်ယူရသည့် နိုင်ငံ၏အမြင့်ဆုံးအဖွဲ့အစည်းဖြစ်

 

နေပြည်တော်  စက်တင်ဘာ  ၂၈


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၄/၂၀၂၃)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌   ကျင်းပပြုလုပ်ရာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်  တက်ရောက်အမှာစကား ပြောကြားသည်။  


အစည်းအဝေးသို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်  ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊  အတွင်းရေးမှူး   ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေး      ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော် ကိုတာဝန်ယူရသည့် နိုင်ငံ၏အမြင့်ဆုံးအဖွဲ့အစည်း ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းများဆောင်ရွက်ရာ တွင်  စံနမူနာပြလုပ်ဆောင်ကြရန် လိုအပ်မည်ဖြစ် ပြီး  နိုင်ငံတော်နှင့်  ပြည်သူတို့၏     ကောင်းကျိုးကို ဖော်ဆောင်၍ ယုံကြည်မှုရရှိအောင် တည်ဆောက်နိုင် ရမည်ဖြစ်ကြောင်း၊  အစိုးရတစ်ရပ်အနေဖြင့်  နိုင်ငံ တော်ကို ဘက်ပေါင်းစုံမှဖွံ့ဖြိုးတိုးတက်ရေး အကောင် အထည်ဖော်ဆောင်ရွက်ရာတွင်  ရည်မှန်းချက်များ၊ ဦးတည်ချက်များချမှတ်၍    ဆောင်ရွက်ရကြောင်း၊ မိမိတို့အနေဖြင့်လည်း တိုင်းပြည်သာယာဝပြောရေး နှင့် စား၊ ရေ၊ ရိက္ခာဖူလုံရေးကို အမျိုးသားရေးလုပ်ငန်း စဉ် နှစ်ရပ်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကို အခြေခံသည့်   ပြည်ထောင်စုတည်ဆောက်ရေးကို နိုင်ငံရေးလုပ်ငန်းစဉ် နှစ်ရပ်အဖြစ် ချမှတ်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော် ကို ယခုအစိုးရလက်ထက်သာမက နောင်အနာဂတ် ကာလအထိ တည်ဆောက်လုပ်ဆောင်ရမည့်အချက် များဖြစ်ကြောင်း၊ ယင်းကိုအကောင်အထည်ဖော်ရန် မိမိတို့ အစိုးရလက်ထက်၌ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉) ရပ်ကို ချမှတ်ထားကြောင်း၊  ယင်း အချက်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက မျက်ခြည်မပြတ်ထိန်းသိမ်းအကောင် အထည်ဖော်ရန်လိုကြောင်း။


ဦးတည်ချက်များ၊ ရည်မှန်းချက်များ အောင်မြင် 
စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်    ထိန်းသိမ်းကြပ်မတ်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်
နိုင်ငံတော်စီမံအုပ်ချုပ်ရေး     ကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်များကို စတင်တာဝန်ယူဆောင်ရွက် ခဲ့ပြီး ပထမဦးဆုံးအကြိမ်ပြုလုပ်သည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအစည်းအဝေး၌   မိမိတို့  နိုင်ငံ သည် ဖွံ့ဖြိုးတိုးတက်မှုအားနည်းလျက်ရှိသည်ကို မိမိ အနေဖြင့်ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် မြေပေါ်မြေအောက်သယံဇာတများ၊ သဘာဝရင်းမြစ် များ၊ လူသားအရင်းအမြစ်များ များစွာပိုင်ဆိုင်ထားရှိ ပြီးဖြစ်သော်လည်း ထိရောက်အကျိုးရှိစွာ အသုံးချနိုင် မှုမရှိခြင်းကြောင့် ဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေခဲ့ ခြင်းဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် တည်ငြိမ်အေးချမ်းမှုရှိပြီး မျှော်မှန်း ချက်များ၊  ဦးတည်ချက်များကို   မှန်မှန်ကန်ကန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက နှစ်အနည်းငယ်အတွင်း  ဒေသတွင်းနိုင်ငံများအကြား ၌  အလယ်အလတ်အဆင့်၌   ရပ်တည်နိုင်မည်ဖြစ် ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ ကို တာဝန်ပေးအပ်ရာတွင် ယခင်က နိုင်ငံတော်၏ တာဝန်ထမ်းဆောင်ခဲ့မှု၊ လုပ်ငန်းတာဝန်လုပ်ဆောင်မှု နှင့် ဖြတ်သန်းခဲ့မှုများကိုကြည့်၍  တပ်မတော်ပိုင်းဆိုင်ရာအရာရှိကြီးများ၊ နယ်ဘက်ဆိုင်ရာပုဂ္ဂိုလ်များ ကို ယုံကြည်မှုဖြင့် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယုံကြည်စွာတာဝန်ပေးအပ်ရာတွင် ရာထူးနှင့် လုပ် ပိုင်ခွင့်ကို   အသုံးပြု၍    ကိုယ်ကျိုးစီးပွားပြုလုပ်မှု ကြောင့် အဖွဲ့ဝင်အချို့ကို အနားပေးခြင်း၊ ထိရောက် သည့်အရေးယူခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း။


တာဝန်ယူထားရသည့် ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က   ကောင်စီဝင်များ အနေဖြင့် သက်ဆိုင်ရာဒေသအလိုက် ဒေသဖွံ့ဖြိုးရေး သွားရောက်ဆောင်ရွက်ခဲ့မှုများနှင့်   ပတ်သက်၍ ပြောကြားရာတွင်   “ဒီလိုသွားခြင်းအားဖြင့်  တစ် အချက်ကျွန်တော်လည်း ဒေသရဲ့အခြေအနေမှန်ကို သိချင်တယ်။ ပြည်သူလူထုရဲ့ သဘောထားအမှန်ကို သိချင်တယ်။ စိတ်နေစိတ်ထားလိုအပ်ချက်ကို သိချင် တယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့လည်း တာဝန် ခွဲဝေပေးပြီးတော့မှသွားကြပါလို့ ပြောခဲ့ခြင်းဖြစ်ပါ တယ်။ သွားတဲ့အတွက်ကြောင့်လည်း အခြေအနေကို အရင်ထက်စာရင် ပိုပြီးတော့ သိလာရတာပေါ့။ ဥပမာ အားဖြင့် ပညာရေးအခြေအနေတွေ၊ ဒေသရဲ့ ကျန်းမာ ရေးအခြေအနေတွေ၊ လိုအပ်ချက်တွေ၊ နောက်စီးပွား ရေးအရ၊ ဒေသဖွံ့ဖြိုးရေးအရ လုပ်ရမယ့်ကိစ္စရပ်တွေ မှာလိုအပ်ချက်တွေ၊ တစ်ဦးချင်းပြည်သူအားလုံးက နေပြီးတော့  မလွဲမသွေလုပ်နေကြတဲ့  စီးပွားရေး လုပ်ငန်းတွေ၊  ကုန်ထုတ်လုပ်ငန်းတွေ၊  စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ လိုအပ် ချက်တွေ၊ ကျွန်တော်တို့ ဒါတွေအဓိကတွေ့လာတဲ့ အခါကျတော့၊  အဲ့ဒီမှာ  ကျွန်တော်တို့  ဘာလုပ်ဖို့ သင့်သလဲဆိုတာ ဆုံးဖြတ်လို့၊ စဉ်းစားလို့ရတာပေါ့။ ဒီလိုသွားပြီး ဆောင်ရွက်နိုင်တဲ့ အတွက်ကြောင့်လည်း စောစောကပြောတဲ့ မျှော်မှန်းချက် နှစ်ရပ်ကိုလည်း များစွာအထောက်အကူဖြစ်လာမှာ   ဖြစ်ပါတယ်။ တိုက်ရိုက်သော်လည်းကောင်း၊  သွယ်ဝိုက်၍သော် လည်းကောင်း   အထောက်အကူဖြစ်လာနိုင်တယ်။ စောစောကပြောတဲ့ မျှော်မှန်းချက်နှစ်ရပ်ထဲက နိုင်ငံ ရေးမျှော်မှန်းချက်ထဲမှာ   ပါတီစုံလမ်းကြောင်းကို သွားနိုင်ဖို့အတွက် သူတို့ရဲ့ Concept ကိုသိလာလို့ရှိရင် ကျွန်တော်တို့ ဘယ်လိုဖြည့်ဆည်းပြီး ဆောင်ရွက်ပေး မယ်၊ ကျွန်တော်တို့အပေါ် ယုံကြည်မှုရှိလာတဲ့အတွက် ကြောင့် မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်လာ နိုင်မယ်ဆိုတဲ့ အထောက်အပံ့ရလာမယ်။ ဒီလိုပဲ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ နိုင်ငံရေးစနစ် ကို သွားတဲ့အချိန်မှာလည်း သူတို့ရဲ့ပြောဆိုချက်တွေ၊ လိုလားချက်တွေကို   ဆောင်ရွက်ပေးခြင်းအားဖြင့် ဒီအပေါ်မှာ ယုံယုံကြည်ကြည်နဲ့ ဆောင်ရွက်နိုင်မယ် ဆိုလို့ရှိရင် အထောက်အကူရလာမယ်၊ အလားတူစွာပဲ တိုင်းပြည်သာယာဝပြောရေး၊ ခုနကပြောတဲ့ စီးပွား ရေးလုပ်ငန်းတွေကို   သေချာဆောင်ရွက်နိုင်မယ်၊ ပညာသင်ကြားရေးကို  ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် သူတို့ရဲ့ဘဝအပေါ်မှာ ကျေနပ်မှုရှိတဲ့အတွက်ကြောင့် သူတို့အားလုံးကနေ  တူညီတဲ့စိတ်သဘောထားနဲ့ တိုင်းပြည်တိုးတက်ရာ၊ တိုးတက်ကြောင်း ဝိုင်းလုပ် ကြမယ်ဆိုရင် တိုင်းပြည်သာယာဝပြောဖို့ ဖြစ်လာမှာ ပဲ ဖြစ်ပါတယ်။ အလုပ်ကို များများလုပ်နိုင်မယ်ဆိုရင် တော့၊ စောစောက ကျွန်တော်ပထမဦးဆုံးပြောခဲ့တဲ့ တိုင်းပြည်မှာ မြေပေါ်မြေအောက် သယံဇာတပစ္စည်း တွေ ရှိတယ်၊ လူလည်း ရှိတယ်၊  မြေလည်း ရှိတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ထိုက်သင့်သလောက် မတိုး တက်ဘူး၊ ဒါကိုသာကျွန်တော်တို့ ကျော်လွှားနိုင်မယ် ဆိုလို့ရှိရင်  တိုင်းပြည်စားရေရိက္ခာပေါများရေးဟာ အလျှံပယ်ဖြစ်လာမှာ။ အလျှံပယ်ဖြစ်လာရင် ပထမ အချက်ဖြစ်တဲ့ သာယာဝပြောရေးမှာလည်း သွားပြီး တော့ အထောက်အကူရမှာဖြစ်ပါတယ်။ ဒါတွေဟာ ဆက်စပ်နေပါတယ်၊ အဲ့ဒီတော့ နစကအဖွဲ့ဝင်များ အခုလိုသွားနိုင်ခဲ့တဲ့၊  ရတဲ့အကျိုးကတော့ တန်ဖိုး မဖြတ်နိုင်ဘူးလို့ ကျွန်တော်တော့ ပြောလိုပါတယ်။ တန်ဖိုးမဖြတ်နိုင်ဘူး။ ပေတံနဲ့တိုင်းလို့မရဘူး၊ ဘာလို့ လဲဆို သူတို့မြင်တွေ့လာခဲ့တာက တစ်ခုလည်းမဟုတ် ဘူး၊ နှစ်ခုလည်း မဟုတ်ဘူး။ ပြောရမယ်ဆို အပြန်ပြန် အလှန်လှန်ဖြစ်နေတယ်၊ ဒါ့ကြောင့်  အဲ့ဒါကိုလည်း ကျွန်တော်တို့  ကောင်စီအနေနဲ့လည်း  မျက်ခြည် မပြတ်ကြည့်ပြီး ဆောင်ရွက်ဖို့လိုသလို တိုးတက်မှု ရှိအောင်လည်း  ဆောင်ရွက်ဖို့လိုပါတယ်။  ကျန်တဲ့ ကောင်စီဝင်များလည်း ကျွန်တော်တို့ ဒေသတွေခွဲပေး ထားတာ ရှိပါတယ်။ ဆက်လက်သွားပြီးတော့ တတ် နိုင်သလောက် ဆောင်ရွက်ပေးသွားဖို့   လိုမယ်လို့ ပြောလိုပါတယ်။” ဟုပြောကြားသည်။


ယင်းနောက်  ကောင်စီဝင်များက သက်ဆိုင်ရာ ဒေသအလိုက်  သွားရောက်ခဲ့မှုနှင့်  ဒေသအလိုက် လိုအပ်လျက်ရှိသည့် ပညာရေး၊ ကျန်းမာရေး၊ စီးပွား ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက် များသိရှိခဲ့ရမှုအခြေအနေများ၊ ပြည်သူများအနေဖြင့် ငြိမ်းချမ်းစွာဖြင့် နေထိုင်လုပ်ကိုင်ဆောင်ရွက်လိုသည့် စိတ်ဆန္ဒများရှိသည့် အခြေအနေများ၊ နိုင်ငံတော် အနေဖြင့်    နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်လျက်ရှိသော်လည်း တိုင်းရင်းသားဒေသ များ၌ ပြည်ပအဖွဲ့အစည်းတချို့က ပြည်တွင်းငြိမ်းချမ်း မှုမရှိစေရေး  သွေးထိုးလှုံ့ဆော်   လုပ်ဆောင်လျက် ရှိသော်လည်း    ပြည်တွင်းငြိမ်းချမ်းရေးအတွက် အလားအလာကောင်းများရှိသည့် အခြေအနေများ၊ ဒေသအလိုက် ထုတ်ကုန်များနှင့်ပတ်သက်၍ အဆင့်မြင့် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် နည်းပညာ နှင့် အခြေခံအဆောက်အဦများ လိုအပ်ချက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြ သည်။


ထို့နောက် ကောင်စီတွဲဖက်အတွင်းရေးမှူးက လက်ရှိနိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်နှိမ်နင်းမှုလုပ်ငန်းများ ဆောင်ရွက်လျက် ရှိမှုနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိမှုအခြေအနေများ၊ အကြမ်းဖက်သမားများ ထံမှ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိမှုအခြေ အနေများ၊   မူးယစ်ဆေးဝါး   တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို   အလေးထားဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊      တရားမဝင်ကုန်သွယ်မှုများ ဆောင်ရွက်နေမှုများကို   ဖော်ထုတ်ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ဆီဈေးနှုန်းများနှင့် ကုန်ဈေးနှုန်းများ ကိုသတ်မှတ်ဈေးနှုန်းများထက် အလွန်အကျွံမြှင့်တင် ရောင်းချနေသူများနှင့် ပါဝင်ပတ်သက်လျက်ရှိသည့် ဌာနဆိုင်ရာတာဝန်ရှိသူများကို      ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည့် အခြေ အနေများကိုလည်းကောင်း၊ ကောင်စီအတွင်းရေးမှူး က  ကောင်စီလုပ်ငန်းများ   ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ဒေသအလိုက်တင်ပြချက်များအပေါ် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်လျက်ရှိမှုအခြေအနေများကို  ရှင်းလင်း တင်ပြသည်။


ရှင်းလင်းတင်ပြမှုများအပေါ်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဒေသအလိုက်လိုအပ်သည့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ နှင့်  ပတ်သက်၍   သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက   ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များရှိသကဲ့သို့      ပြည်ထောင်စုအဆင့်မှ ဆောင်ရွက်ပေးရမည့်  ကိစ္စရပ်များရှိကြောင်း၊  ယင်း တို့ကို  အဆင့်အလိုက်   ဖြည့်ဆည်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊  ဒေသအလိုက်    လိုအပ်ချက်၊ တိုင်းရင်းသားပြည်သူများ၏      လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး      စီမံဆောင်ရွက်လျက်ရှိ ကြောင်း၊   သက်ဆိုင်ရာဒေသအလိုက်   တန်ဖိုးမြှင့် ထုတ်ကုန်များ   ထုတ်လုပ်နိုင်ရန်အတွက်    လျှပ်စစ် ဓာတ်အားလိုအပ်ချက်ရှိခြင်းကြောင့်     ဒေသတွင်း ရေအားလျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေးနှင့် အခြေခံအဆောက်အဦများ ဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်းနှင့် အခြားလိုအပ် သည်များကို ဆွေးနွေးပြောကြားသည်။
ယင်းနောက် နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားရာတွင် မိမိတို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏    အန္တိမရည်မှန်းချက်မှာ လွတ်လပ်၍  တရားမျှတသည့်   ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ   ကျင်းပနိုင်ရေးပင်  ဖြစ် ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများ ဖြစ်ပွားခဲ့ခြင်းသည် နိုင်ငံအတွက်အကျည်းတန်သည့် ကိစ္စရပ်တစ်ခုဖြစ် ခဲ့ကြောင်း၊ ယင်းကိုသင်ခန်းစာယူရမည်ဖြစ်ပြီး ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများစာရင်း မှန်ကန်မှုရှိစေရေးကြိုတင် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊    မဲဆန္ဒရှင် စာရင်းများ အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်း    ကောက်ယူရန်လို ကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၁၄ ခုနှစ်တွင်  ပြည်လုံး ကျွတ်သန်းခေါင် စာရင်းကောက်ယူခဲ့ကြောင်း၊ နိုင်ငံ တကာစံချိန် စံနှုန်းများအရ ၁၀ နှစ်လျှင် တစ်ကြိမ် သန်းခေါင်စာရင်း  ကောက်ယူလေ့ရှိကြောင်း၊    ထိုသို့ သန်းခေါင်စာရင်း   ကောက်ယူခြင်းဖြင့်   မဲစာရင်း မှန်ကန်မှုအတွက်သာမက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်သည့်အချက်အလက်များကိုလည်း ရရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လာမည့်အောက်တို ဘာ ၁ ရက်မှစ၍ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူ သွားမည်ဖြစ်ပြီး ၂၀၂၄  ခုနှစ်တွင်   ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူနိုင်ရေး     ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။


ဖက်ဒရယ်စနစ်ကျင့်သုံးခြင်းနှင့်   ပတ်သက်၍ လူမျိုးကိုအခြေခံသည့် ဖက်ဒရယ်ကို ဆောင်ရွက်ခြင်း မဟုတ်ဘဲဒေသကိုအခြေခံသည့် ဖက်ဒရယ်စနစ်ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊   နိုင်ငံတကာတွင် လည်း ဖက်ဒရယ်စနစ်ကိုကျင့်သုံးလျက်ရှိသည့် နိုင်ငံ များရှိသော်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျင့်သုံးမှု ခြင်းတူညီမှုမရှိကြောင်း၊  မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံ ၏   အခြေအနေနှင့်    လိုက်လျောညီထွေရှိသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံအနေဖြင့် အသက်ပေါင်းများစွာ ပေးဆပ်ပြီးမှသာ လွတ်လပ်ရေးရရှိခဲ့ခြင်းဖြစ်ကြောင်း၊    တိုင်းပြည်၏ ပကတိအခြေအနေကို    တိုင်းရင်းသားပြည်သူများ အားလုံးမှန်မှန်ကန်ကန်သိရှိရန်လိုပြီး  ဒေသတစ်ခုချင်း၊  လူမျိုးတစ်မျိုးချင်းအကျိုးထက် တိုင်းပြည်၏ အကျိုး ကိုရှေးရှု၍  ဆောင်ရွက်ကြစေလိုကြောင်း၊ စစ်မှန် သည့်       ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည် ဆောင်ရွက်သွားကြရန်လိုကြောင်း   ပြောကြားသည်။


ထို့နောက်   တစ်နိုင်ငံလုံး   ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုး ခြင်း (၈)နှစ်မြောက် နှစ်ပတ်လည်နေ့အား အနှစ်သာရ ရှိစွာဖြင့်   ကျင်းပပြုလုပ်ရန်   ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ပြောကြားရာတွင် “လာမယ့် အောက်တို ဘာလ ၁၅ ရက်နေ့ဟာ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆို ခြင်း၊ NCA လက်မှတ်ရေးထိုးတဲ့ (၈) နှစ်မြောက်နေ့ ဖြစ်ပါတယ်။  ဒါကို   နိုင်ငံရေးအနှစ်သာရရှိရှိလုပ်ဖို့ ရှိပါတယ်။   တိုင်းရင်းသားခေါင်းဆောင်တွေလည်း လက်လှမ်းမီသလောက် အကုန်ဖိတ်ပါတယ်။ ပြည်ပ နိုင်ငံတွေလည်း  အခု   ဖိတ်နေပါပြီ။   ကျွန်တော် Personal  အကုန်စာတွေရေးပြီး   ဖိတ်ပါတယ်။ တစ်ချို့ကလည်း တယ်လီဖုန်းနဲ့၊  တချို့ကလည်း စာနဲ့ရေးပြီး ဖိတ်တာတွေ ရှိတယ်။  တချို့လာနိုင် တယ်လို့လည်း ပြောတာရှိတယ်။ တချို့ကတော့သူ လည်း မလာနိုင်ဘူး၊ သို့သော်လည်း အဓိကကျတဲ့ သူတို့ ကိုယ်စားလှယ်တွေ လွှတ်ပေးမယ်လို့ ပြောတာ တွေ ရှိပါတယ်။ ပြည်ပနိုင်ငံတွေက ဒီလိုသဘောထား ရှိလို့ရှိရင် ကျွန်တော်တို့ တိုင်းရင်းသားခေါင်းဆောင် တွေ ပိုပြီးလိုလားတဲ့စိတ်ရှိဖို့လိုတာပေါ့။ အထူးသဖြင့် လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေ အကုန်တက်နိုင်ဖို့ လိုပါတယ်။    လက်မှတ်မထိုးထားတဲ့အဖွဲ့တွေက လည်း  ငြိမ်းချမ်းရေးကို    လိုချင်တယ်ဆိုလို့ရှိရင် ဒီအခမ်းအနားကို လာတက်ခြင်းအားဖြင့် ငြိမ်းချမ်း ရေးလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလို့ရအောင် လမ်းခင်းဖို့လိုပါတယ်။ အမုန်းတရားတွေဖြစ်နေပြီး တော့ လုပ်နေမယ်ဆိုရင်တော့ တိုင်းပြည်နစ်နာဖို့ပဲရှိ တယ်။ ကျွန်တော်တို့ကတော့ Moving Forward ပဲ၊ ရှေ့ကိုသွားမှာပဲ။ ရသလောက် ကျွန်တော်လုပ်သွားမှာ ပဲ။  ရအောင်လုပ်သွားမယ်။  အဲ့ဒီတော့   ဒီအပေါ်မှာ ကျွန်တော်တို့ အားလုံးသံသယရှင်းရှင်း၊ အာဃာတ ကင်းကင်းနဲ့ လုပ်ကြမယ်ဆိုရင်တော့  ကျွန်တော်တို့ မျှော်မှန်းချက်လမ်းကြောင်းကတော့   ရှောရှောရှုရှု ရောက်မယ်ဆိုတာကို   တွေ့ပါတယ်။   ဒါလေးတွေ ဝိုင်းဝန်းဆောင်ရွက်ပေးနိုင်ဖို့အတွက်  တိုက်တွန်း လိုပါတယ်။” ဟု ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။                                              

သတင်းစဉ်