
မူဆယ် စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် လူဝင်/ထွက်ဂိတ်များမှ ခြောက်ညအိပ် ခုနစ်ရက် ယာယီနယ်စပ်ဖြတ်သန်းသွားလာခွင့်လက်မှတ်(TBP)များကို ရက်ချိန်းပေး စနစ်ဖြင့် ပိုမိုအဆင်ပြေအောင် ဆောင်ရွက်ပေးလျက် ရှိပြီး ယနေ့ နံနက် ၈ နာရီက ကောင်းမှုတုံရပ်ကွက် ငွေဆင်အိမ်ရာတွင် တစ်ရက်လျှင် ဦးရေ ၅၀၀ မှ ၅၈၀ အထိ နယ်စပ်ဖြတ်သန်း ဝင်/ထွက် သွားလာ နိုင်ရေးကို တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ယာယီနယ်စပ် ဖြတ်သန်းသွားလာခွင့် လက်မှတ်(TBP)များကို စက်တင်ဘာ ၄ ရက်မှစ၍ စတင်ဆောင်ရွက်ပေးလျက်ရှိရာ မန့်ဝိန်းဂိတ်ပေါက်၌ စက်တင်ဘာ ၁၃ ရက်တွင် ၁၄ ရက်၊ ၁၅ ရက်၊ ၁၆ ရက်နေ့အတွက် သုံးရက်စာ ဦးရေ ၁၅၀၀ အား စတင်ဆောင်ရွက်ပေးခဲ့ပြီး စက်တင်ဘာ ၁၆ ရက်တွင် မူဆယ်မြို့ ကုန်သည်ကြီးများအသင်း ရုံးဝင်းအတွင်း စက်တင်ဘာ ၁၇ ရက်မှ ၂၉ ရက်အထိ ၁၆ ရက်စာ ဦးရေ ၆၄၆၆ ဦးအား နန်းတော်ဂိတ်တွင် ဦးရေ ၃၀၀ နှင့် ဆင်ဖြူဂိတ်တွင် ဦးရေ ၂၀၀ ဖြင့် တစ်ရက်လျှင် ဦးရေ ၅၀၀ နှုန်းဖြင့် နယ်စပ်ဖြတ်သန်း ဝင်/ထွက် သွားလာနိုင်ရန် ဆောင်ရွက်ပေးခဲ့သည်။ ထို့အတူ ယနေ့ စက်တင်ဘာ ၂၇ ရက်တွင် တတိယအကြိမ် ရက်ချိန်းပေးစနစ်ဖြင့် ဆောင်ရွက်ရာတွင် စက်တင် ဘာ ၃၀ ရက်မှ အောက်တိုဘာ ၈ ရက်အထိ ကိုးရက် စာ ဦးရေ ၅၀၃၀ ကျော်အား ဆောင်ရွက်ပေးခဲ့ပြီး တစ်ရက်လျှင် ဦးရေ ၅၀၀ မှ ၅၈၀ အထိ နန်းတော် ဂိတ်တွင် ဦးရေ ၃၃၀ နှင့် ဆင်ဖြူဂိတ်တွင်လည်း ဦးရေ ၂၅၀ အထိ တိုးမြှင့်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ထိုသို့ ရက်ချိန်ပေးစနစ်ဖြင့် ဆောင်ရွက်ရာတွင် မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး၏ ညွှန်ကြားမှုဖြင့် မူဆယ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေး မှူး ဦးရဲရင့်ထွန်းက ဦးစီးကြပ်မတ်၍ နယ်စပ်ဂိတ် လဝကဒုတိယဌာနခွဲမှူး၊ လက်ထောက်ညွှန်ကြားရေး မှူး ဦးငွေမိုးနှင့်အတူ မြို့နယ်ဦးစီးအရာရှိ ဦးစန်းလွင် နှင့် ဝန်ထမ်းများ၊ လူကုန်တားရဲတပ်ဖွဲ့မှ တာဝန်ရှိ သူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျန်းမာရေး ဝန်ထမ်းများပူးပေါင်း၍ ယာယီနယ်စပ်ဖြတ်သန်း သွားလာခွင့်လက်မှတ်(TBP)များကို ရက်ချိန်းပေး စနစ်ဖြင့် ပိုမိုအဆင်ပြေအောင် တိုးမြှင့်ဆောင်ရွက် ပေးလျက်ရှိသည်။ ထိုကဲ့သို့ ဆောင်ရွက်နေမှုအား မူဆယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနှင့် တာဝန်ရှိ သူများက လာရောက်ကြည့်ရှုခဲ့ကြကြောင်း သိရ သည်။
အယ်လ်စိုး(မူဆယ်)