
နေပြည်တော် စက်တင်ဘာ ၂၇
အကြိမ်(၃၀)မြောက် မြန်မာ့ တပ်မတော် ဆေးပညာနှီးနှော ဖလှယ်ပွဲ အကြိုအလုပ်ရုံဆွေးနွေး ပွဲကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ် တပ်မတော်ဆေး တက္ကသိုလ် သက်မဲ့ခန္ဓာအသုံးပြုခွဲစိတ်လေ့ကျင့်ရေးခန်းမဆောင်၌ ဆက်လက်ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ တပ်မတော်ဆေးသုတေသနတပ် တပ်မှူး၊ တပ်မတော်ဆေး တက္ကသိုလ် အရိုးရောဂါပညာဌာန ပါမောက္ခ/ဌာနမှူး၊ တပ်မတော်မှ အရိုးအထူးကု ဆရာဝန်များ၊ အိန္ဒိယနိုင်ငံမှ လက်ပိုင်းဆိုင်ရာ ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ မိုဟစ်ရှာမားနှင့် တပ်မတော်ဆေးတက္ကသိုလ်၊ ဆေး တက္ကသိုလ်(၁)၊ ဆေးတက္ကသိုလ် (၂)၊ ဆေးတက္ကသိုလ် (မန္တလေး)၊ ဆေးတက္ကသိုလ်(မကွေး)တို့မှ အရိုးရောဂါ ပညာဆေးလက်တွေ့ ပါရဂူနှင့် ဘွဲ့လွန်သင်တန်းသား များ တက်ရောက်ကြသည်။
Pre-Conference Workshop တွင် ပြည်တွင်း/ပြည်ပမှ အတွေ့ အကြုံရင့်ကျက်သည့် ပါမောက္ခ ပညာရှင်ကြီးများက တက်ရောက် လာကြသူများအားလုံးကို ပြုပြင် အစားထိုးခွဲစိတ်ကုသမှု နည်း စနစ်များ၊ အယူအဆအတွေး အခေါ်ပိုင်းကို အခြေခံ၍ လက်တွေ့လုပ်ကိုင်နိုင်သည်အထိ သက်မဲ့ဆရာ (Silent Mentor) များကို အသုံးပြု၍ လက်တွေ့ သရုပ်ပြ သင်ကြားဆွေးနွေးခြင်း နှင့် Online မှတစ်ဆင့် မြန်မာ နိုင်ငံတစ်ဝန်းလုံးရှိ အရိုးဆရာဝန် များအား Webinar တွင် တိုက်ရိုက် ထုတ်လွှင့်၍ သင်ကြားမှုများ နှစ်ရက်ကြာ ပြုလုပ်ခဲ့သည်။ ဤ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း အားဖြင့် မြန်မာ့တပ်မတော်ဆေး ဝန်ထမ်းတပ်ဖွဲ့မှ အရိုးပါရဂူငယ် များ၊ ဘွဲ့လွန်ကျောင်းသားများနှင့် ကျန်းမာရေးဝန်ကြီးဌာနအောက် ရှိ ဆေးတက္ကသိုလ်များမှ ဘွဲ့လွန် ကျောင်းသား ကျောင်းသူများ အနေဖြင့် စစ်ဘက်နယ်ဘက်မှ ပါမောက္ခဆရာဝန်ကြီးများ၊ ပြည်ပ မှ ပညာရှင်ကြီးများနှင့် တိုက်ရိုက် ထိတွေ့သင်ကြား ဆွေးနွေးနိုင်ခဲ့ ပြီး သက်မဲ့ဆရာ (Silent Mentor) အသုံးပြုလက်တွေ့ လေ့ကျင့်နိုင် ခဲ့ခြင်းကြောင့် အရိုးရောဂါပညာ အစားထိုးခွဲစိတ်ကုသမှုနယ်ပယ် အနေဖြင့် နိုင်ငံတကာအဆင့်သို့ တက်လှမ်းလာသော ကဏ္ဍတစ်ခု ဖြစ် လာမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်