အာရှအားကစားပြိုင်ပွဲ အုပ်စုအဖွင့်ပွဲတွင် ဘင်္ဂလားဒေ့ရှ်ကို မြန်မာအမျိုးသားအသင်း အနိုင်ရ

 

ရန်ကုန်  စက်တင်ဘာ  ၁၉


တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပထမနေ့ကို စက်တင်ဘာ ၁၉ ရက်က စတင်ကျင်းပရာ မြန်မာအမျိုးသားအသင်းက ဘင်္ဂလားဒေ့ရှ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။


မြန်မာအသင်းသည်   အုပ်စုပထမပွဲတွင် အမှတ်ပြည့်ရယူနိုင်ခဲ့သော်လည်း   ဘင်္ဂလား ဒေ့ရှ်အသင်း၏  လက်ဆောင်ဂိုးကြောင့်သာ နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်း သည်  ဂိုးရရန်  ရုန်းကန်ခဲ့ရပြီး  ဒုတိယပိုင်းမှ ဂိုးရခဲ့သလို မိနစ် ၇၀ ကျော်တွင် တစ်ယောက် အထုတ်ခံရသဖြင့် အနိုင်ရလဒ်ကို ခက်ခက်ခဲခဲ ထိန်းကစားခဲ့ရသည်။


မြန်မာအသင်းသည်   ပြည့်ဖြိုးသူ  (ဂိုး)၊ သက်ဟိန်းစိုး၊  ဟိန်းဇေယျာလင်း၊  ဇွဲခန့်မင်း၊ ကောင်းထက်ပိုင်၊ ဇင်ကိုထက်၊ ဝေလင်းအောင်၊ နေမိုးနိုင်၊ ဇော်ဝင်းသိန်း၊ ထက်ဖြိုးဝေ၊ ရန်ကျော် ထွေးတို့ဖြင့် ပွဲထွက်ခဲ့သည်။ မြန်မာအသင်း သည်    ပွဲစကတည်းက    ဖိအားပေးနိုင်ရန် ကြိုးပမ်းသလို ဘင်္ဂလားဒေ့ရှ်အသင်းကလည်း အပြန်အလှန်တိုက်စစ်ဆင်နိုင်ခဲ့သည်။ ပထမ ပိုင်းတွင်   ဂိုးမသွင်းယူနိုင်ဘဲ   ၆၉   မိနစ်တွင် ခွန်ကျော်ဇင်ဟိန်း၏       ဖြတ်တင်ဘောကို ဘင်္ဂလားဒေ့ရှ်နောက်ခံလူ ဟာဆန်ဖျက်ထုတ် ရာမှ   ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့သဖြင့်    မြန်မာ အသင်း  အနိုင်ဂိုးရခဲ့ခြင်းဖြစ်သည်။  ၇၅ မိနစ် တွင် မြန်မာနောက်ခံလူ ဇွဲခန့်မင်း အနီကတ်ဖြင့် ထုတ်ပယ်ခံရသဖြင့် တစ်ယောက်လျော့သွားပြီး အနိုင်ရလဒ်ကို ခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရသည်။ ဘင်္ဂလားဒေ့ရှ်အသင်း ချေပဂိုးရနိုင်သည့် အခွင့် အရေးများရသော်လည်း အသုံးမချနိုင်သဖြင့် မြန်မာအသင်း နိုင်ပွဲရခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် စက်တင်ဘာ  ၂၁  ရက်တွင်  အိမ်ရှင်တရုတ် အသင်းနှင့် ကစားရမည်ဖြစ်သည်။ 


ရဲရင့်လွင်
ဓာတ်ပုံ - MFF