
နေပြည်တော် စက်တင်ဘာ ၁၉
ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများစာတတ်မြောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန် များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေး သည် မြန်မာနိုင်ငံရှိ ကျေးလက်ဒေသနေ ပြည်သူများ နှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး လှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် ပြုလုပ်သည့် ညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဩဂုတ် ၃၀ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့အစည်း အဝေး (၄/၂၀၂၃)တွင် ကျေးလက်နေပြည်သူများ အပါအဝင် ဒေသခံတိုင်းရင်းသားများ၏ စာတတ် မြောက်မှုနှင့် အတန်းပညာ တတ်မြောက်မှု အားနည်း သည်ကို တွေ့ရှိရသည့်အတွက် ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ် မြောက်ရေး “ ဝ၊ ထ၊ က၊ လ ၊ သ” စီမံကိန်းကို မိမိတို့ ကော်မတီက အကောင်အထည်ဖော် ဆောင်ရွက်ရန် လမ်းညွှန်ခဲ့ကြောင်း။
အထောက်အထားများအရ အခိုင်အမာသိရှိ
သမိုင်းကြောင်းကို ပြန်ကြည့်ပါက ရှေးမြန်မာ မင်းများလက်ထက် မြန်မာ့လူဘောင်အဖွဲ့အစည်း တွင် စာမတတ်သူနည်းပါးပြီး စာတတ်မြောက်သူ များပြားခဲ့သည်ကို တွေ့ရမည်ဖြစ်ပါကြောင်း၊ ရှေးမြန်မာမင်းများ၏ အားပေးမှုနှင့် ဘုန်းတော် ကြီးကျောင်းများ၏ သင်ကြားမှုကြောင့် စာတတ် မြောက်မှုမြင့်မားခဲ့ခြင်းဖြစ်သည်ကို ပြည်တွင်းပြည်ပ သမိုင်း အထောက်အထားများအရ အခိုင်အမာ သိရှိ ကြောင်း။
မိမိတို့နိုင်ငံ အင်္ဂလိပ်၊ ဂျပန်၊ အင်္ဂလိပ် ကိုလိုနီ ခေတ် ကျွန်သပေါက် ကျရောက်ချိန်တွင် မြန်မာနိုင်ငံ၏ စာတတ်မြောက်မှုနှုန်းမှာ ၃၅ ရာခိုင်နှုန်းအထိကျဆင်းခဲ့ရပြီး လွတ်လပ်ရေးရပြီး နောက် ၁၉၆၄ ခုနှစ်မှ စာတတ်မြောက်ရေးလှုပ်ရှားမှု စတင်ဆောင်ရွက်ခဲ့ရာ ၁၉၇၃ ခုနှစ် လူဦးရေ သန်းခေါင်စာရင်းအရ ၆၆ ဒသမ ၉ ရာခိုင်နှုန်း၊ ၁၉၈၃ ခုနှစ် လူဦးရေသန်းခေါင်စာရင်းအရ ၇၆ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ် လူဦးရေ သန်းခေါင်စာရင်းအရ ၈၉ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်းအရ ၈၉ ဒသမ ၁ ရာခိုင်နှုန်း အသီးသီး စာတတ်မြောက်မှုရှိခဲ့သည်ကို ထုတ်ပြန် ထားကြောင်း၊ ၂၀၁၄ ခုနှစ်တွင် လူဦးရေ သန်းခေါင် စာရင်းအရ မူလတန်းပညာရေးကို ဆုံးခန်းတိုင်အောင် မသင်ကြားခဲ့ရသည့် ကလေးပေါင်း ၂ ဒသမ ၇ သန်း ခန့်ရှိပြီး အသက် ၁၅ နှစ်နှင့်အထက် စာမတတ် သူပေါင်း ၃ ဒသမ ၅၅ သန်းခန့် ရှိနေကြောင်းကို ထုတ်ပြန်ထားကြောင်း၊ အလားတူ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းအရ နိုင်ငံ အတွင်းတွင် အသက် ၁၅ နှစ်နှင့်အထက် စာမတတ် သူပေါင်းသည် ၄ ဒသမ ၁ သန်းခန့်ရှိကြောင်း ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရှိရကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် အမျိုးသမီး စာမတတ်မြောက်သူ ရာခိုင်နှုန်းသည် အမျိုးသားများထက် မြင့်မားကြောင်းကို တွေ့ရှိရ ကြောင်း။
အကျယ်တဝင့် လမ်းညွှန်ထားပြီးဖြစ်
ထို့ကြောင့် နိုင်ငံတော်ဝန်ကြီးချုပ်က ပညာခေတ် တွင် ကျေးလက်နေ ပြည်သူများ၊ တိုင်းရင်းသားပြည်သူ များ၏ ပညာရည်မြင့်မားရေးကို ဦးစားပေး ဆောင်ရွက်သွားရန်၊ ယခင်မိမိတို့နိုင်ငံတွင် “အ” သုံးလုံးသင်တန်းများ သင်ကြားပေးခဲ့ရာ အောင်မြင်မှု များ ရရှိခဲ့သဖြင့် ကမ္ဘာပေါ်တွင် စံပြပုံစံအဖြစ် အသိ အမှတ်ပြုခံခဲ့ရကြောင်း၊ “အ” သုံးလုံး သင်တန်းများမှ တစ်ဆင့် စာပေဖတ်ရှုမှုကို စိတ်ဝင်စားလာပြီး ပညာ တတ်မြောက်လိုစိတ်များဖြစ်ပေါ်လာနိုင်ပြီး ကျောင်း ပြင်ပ ပညာရေး (Non - Formal Education) ဖြင့် မူလတန်းပညာ KG+5 အထိ သင်ကြားပေးနိုင်ကြောင်း၊ ထိုမှတစ်ဆင့် KG+9 ကို သင်ကြားပေးနိုင်မည်ဖြစ် ကြောင်းဖြင့် စက်တင်ဘာ ၁ ရက်တွင် ကျင်းပခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၃/၂၀၂၃)တွင် အကျယ်တဝင့် လမ်းညွှန်ထားပြီးဖြစ် ကြောင်း။
မြန်မာနိုင်ငံ စာတတ်မြောက်ရေးလှုပ်ရှားမှုသည် အီရန်နိုင်ငံ တီဟီရန်မြို့၌ကျင်းပခဲ့သည့် နိုင်ငံတကာ စာတတ်မြောက်ရေး လှုပ်ရှားမှုအဖြစ် သတ်မှတ်သည့် ၁၉၆၆ ခုနှစ်ထက် နှစ်နှစ်စောပြီး စတင်ဆောင်ရွက်ခဲ့ ကြောင်း၊ စာတတ်မြောက်ရေးကို ၁၉၆၄ ခုနှစ်တွင် စတင် ဆောင်ရွက်ခဲ့သော်လည်း ၁၉၆၂ ခုနှစ် တော်လှန်ရေး ကောင်စီလက်ထက်တွင် “အ” သုံးလုံး ဖခင်ကြီးဖြစ်သော ပညာရေး အထူးအရာရှိ (ဆရာ အတတ်သင်) “ဆရာကြီး ဦးသံဗျင်”က ပညာရေး ဝန်ကြီးဌာနသို့ စာမတတ်သူပပျောက်ရေး “အ” သုံးလုံးစီမံကိန်းကြီးကို ဆောင်ရွက်ခွင့် တောင်းခံခြင်း မှ စတင်ခဲ့သည်ဟု လေ့လာသိရှိရကြောင်း၊ ၁၉၆၄ ခုနှစ် နွေရာသီကျောင်းပိတ်ရက်တွင် မိတ္ထီလာမြို့နယ် အရှေ့သဖန်း စံပြကျေးရွာ၌ “အ” သုံးလုံး ကျေသင်တန်းကို မူလတန်းဆရာဖြစ် သင်တန်းမှ ဆရာ သုံးဦးနှင့် အလယ်တန်းဆရာဖြစ် သင်တန်းမှ ဆရာတစ်ဦးတို့က ပထမဆုံး စမ်းသပ်ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းသို့ “အ” သုံးလုံး သင်တန်းသား ၂၀၀ ခန့် တက်ရောက်သင်ကြားခဲ့ကြောင်း၊ တစ်လ ကုန်၍ စစ်ဆေးပြီးသောအခါ သင်တန်းသား ၁၀၀ ခန့် စာတတ်မြောက်ခဲ့ကြောင်းကို တွေ့ရှိရကြောင်း။
စာတတ်မြောက်ရေးလှုပ်ရှားမှုများ ဆောင်ရွက်
တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံကျောင်းများမှ စေတနာလုပ်အားပေး ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်များမှ ဆရာ၊ ဆရာမများက ပါဝင်လုပ်အားပေးခဲ့ကြကြောင်း၊ တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာကျောင်း များ ကျောင်းပိတ်ချိန်တွင် တက္ကသိုလ်ဆရာ၊ ဆရာမ များ၊ ကျောင်းသား၊ ကျောင်းသူများ၊ အခြေခံပညာ ဆရာ၊ ဆရာမများ၊ ပညာရေး ဝန်ထမ်းများ၏ စေတနာလုပ်အားဖြင့် စာတတ်မြောက်ရေး လှုပ်ရှား မှုများကို ဆောင်ရွက်ခဲ့ကြကြောင်း၊ ထို့ပြင် ရပ်ရွာ အတွင်းရှိ အခြေခံပညာအထက်တန်း အောင်မြင်သူ များ၊ သင်ယူဖူးသူများနှင့် ဘွဲ့ကြိုဘွဲ့ရ စေတနာ လုပ်အားပေးများကလည်း အဆိုပါ လှုပ်ရှားမှုများကို ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည်ကို မှတ်တမ်း များအရ သိရှိရကြောင်း။
မြန်မာနိုင်ငံကို ပေးအပ်ချီးမြှင့်ခဲ့
ထို့ကြောင့် ၁၉၇၁ ခုနှစ်တွင် မိတ္ထီလာ ခရိုင်လုံး ကျွတ်စာတတ်မြောက်ရေး အောင်ပွဲကို ကျင်းပနိုင်ခဲ့ ပြီး နယ်မြေခံလူထု ရှစ်သောင်းကျော်နှင့်အတူ တစ်နိုင်ငံလုံးမှ သတင်းစာဆရာများ စုံစုံလင်လင်တက်ရောက်ကျင်းပနိုင်ခဲ့ရာ အဆိုပါ လူထုလှုပ်ရှား မှုဖြင့် စာမတတ်သူပပျောက်ရေး ဆောင်ရွက်ချက်ကို လည်း ယူနက်စကိုက အသိအမှတ်ပြု ဂုဏ်ပြုသည့် အနေဖြင့် “မိုဟာမက်ရေဇာပါလာဗီဆု”ကို ၁၉၇၁ ခုနှစ် စက်တင်ဘာ ၈ ရက် နိုင်ငံတကာ စာတတ် မြောက်ရေးနေ့တွင် မြန်မာနိုင်ငံကို ပေးအပ်ချီးမြှင့် ခဲ့ကြောင်း။
ထို့အပြင် ၁၉၈၄ ခုနှစ်တွင် ဆရာကြီး ဦးသောင်းထွန်း က ဂျာမနီနိုင်ငံ အနောက် ဘာလင် တွင် ကျင်းပခဲ့သည့် စာတတ်မြောက်ရေးညီလာခံတွင် Burmese Way to Literacy စာတမ်း တင်သွင်းခဲ့ရာ မြန်မာနိုင်ငံ၏ စာတတ်မြောက်ရေးအတွက် ဘတ်ဂျက်မလို စေတနာဝန်ထမ်း လူထုလှုပ်ရှားမှုကို ကမ္ဘာသိ ဖြန့်ဝေနိုင်ခြင်း၊ နိုင်ငံတကာစာတတ် မြောက်ရေး သက်ကြီးဖတ်စာများ၊ စာစဉ်များ ဖြန့်ဝေ နိုင်ခြင်းတို့အတွက် ယူနက်စကိုက “နိုမာဆု”ကို ထပ်မံချီးမြှင့်ခြင်း ခံခဲ့ရသည်အထိ ကမ္ဘာသိ လှုပ်ရှား မှုအဖြစ် အောင်မြင်မှုရရှိခဲ့သည်ကို တွေ့ရမည်ဖြစ် ကြောင်း၊ ယင်းသို့ ဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံ စာတတ်မြောက်ရေးသည် လူထုလှုပ်ရှားမှု အသွင်ဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ထိုစဉ်က မြန်မာတစ်နိုင်ငံ လုံး ၃၀၈ မြို့နယ်ရှိသည့်အနက်မှ ၂၉၇ မြို့နယ်အထိ ဆောင်ရွက်နိုင်ခဲ့သည့် ရလဒ်ကောင်းများရရှိပြီး သန်းနှင့်ချီသော ပြည်သူများ စာတတ်မြောက်လာခဲ့ သည်အထိ အောင်မြင်မှုရရှိခဲ့ခြင်း ဖြစ်ကြောင်း။
ယခု ၂၀၂၃ ခုနှစ် (၅၇)နှစ်မြောက် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “တည်ငြိမ်အေးချမ်းသော လူ့အဖွဲ့အစည်းကမ္ဘာကြီး သို့ ကူးပြောင်းဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့” ဆောင်ပုဒ်အတိုင်း စာတတ်မြောက်ခြင်းသည် တစ်ဦးချင်းစီ၏ အကျိုးကျေးဇူးများ ရရှိရုံသာမက မိမိတို့၏ ဒေသအတွင်း၊ နိုင်ငံတွင်း လူမှုရေး၊ စီးပွား ရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှုစသည့် အကျိုးကျေးဇူးများ လည်း ရရှိစေရန် စွမ်းဆောင်ပေးကြောင်းကို ထင်ရှား စေခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်နှင့်ပြည်သူများ ဦးတည်လျှောက်လှမ်းနေသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်နေချိန်တွင် ယင်းစနစ်ကို အကောင် အထည်ဖော်မည့် ပုဂ္ဂိုလ်များနှင့် လိုက်နာကြရမည့် ပုဂ္ဂိုလ်များသည် စာတတ်မြောက်ရန်နှင့် အတန်း ပညာ တတ်မြောက်နေရန်လိုအပ်သကဲ့သို့ ဒေသခံ တိုင်းရင်းသားများကလည်း မြန်မာနိုင်ငံ၏ ရုံးသုံး ဘာသာစကားဖြစ်သည့် မြန်မာစာကိုလည်း တတ်မြောက်နေရန် လိုအပ်သည့်အတွက် စာတတ် မြောက်ရေးကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း။
စာတတ်မြောက်မှ အများသူငှာတို့၏ မြှောက်ပင့် စည်းရုံး ဆွဲဆောင်မှုတို့အပေါ် ဝေဖန်ပိုင်းခြားနိုင်မည် ဖြစ်ကြောင်း၊ စာတတ်မြောက်မှုမှ စာပေဖတ်ရှု လေ့လာလိုစိတ် ရှိလာမည်ဖြစ်ပြီး စာပေလေ့လာ ဖတ်ရှုမှလည်း မိမိကိုယ်နှင့် မိမိပတ်ဝန်းကျင်ကို ထိန်းကျောင်းနိုင်မည်ဖြစ်ကြောင်း၊ ယနေ့ နိုင်ငံ အတွင်း အချို့ မြို့နယ်များနှင့် နယ်စပ်ဒေသအချို့တွင် ဖြစ်ပေါ်နေလျက်ရှိသည့် အကြမ်းဖက်မှုများသည် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ၁၅ နှစ်အထက် စာမတတ်သူ ၄ ဒသမ ၁ သန်း၏ နောက်ဆက်တွဲ အကျိုးဆက်များကြောင့်ဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ဤနေရာတွင် ဆရာတော် ရှင်မဟာရဋ္ဌသာရက “ဧကရတုပုဒ်” တွင် “သုစိပုဘာ ဝိလိသိဓာ” အက္ခရာ ၈ လုံးကို ဆရာတော်၏ စာသင် သား တပည့်များကို နေ့စဉ်ကျင့်သုံးလိုက်နာရမည့် အချက်အဖြစ် ညွှန်ပြထားသည်ကို တွေ့ရကြောင်း၊ ထိုအက္ခရာ ၈ လုံး၏ အနက်အဓိပ္ပာယ်မှာ သုဏေယျ-ကြားနာရ၏၊ စိန္တေယျ- ကြံစည်ရာ၏၊ ပုစ္ဆေယျ- မေးမြန်းရာ၏၊ ဘာသေယျ- ပြောဆိုဆွေးနွေးရာ၏၊ ဝိစာရေယျ- စူးစမ်းဆင်ခြင်ရာ၏၊ လိစေယျ- ရေးမှတ်ရာ၏၊ သိက္ခေယျ- လေ့ကျင့်ရာ၏၊ ဓာရေယျ-နှုတ်တက်ဆောင်ရာ၏ဟု ဖော်ပြထားကြောင်း၊ ယင်းအဓိပ္ပာယ်နှင့် ရတုစာပုဒ်ကို ကြည့်ခြင်းဖြင့် စာတတ်မြောက်မှုသည် မည်မျှအရေးကြီးသည်ကို တွေ့ရမည်ဖြစ်သကဲ့သို့ စာတတ်မြောက်မှ အဆင့် အတန်းပညာကိုလည်း ဆက်လက်သင်ယူ တတ်မြောက်ပြီး
“ပညာရွှေအိုး လူမခိုး”၊ အလိမ္မာ စာမှာရှိ ဆိုသကဲ့သို့ မိမိကိုယ်တိုင် အမှားအမှန် အကောင်းအဆိုး ဝေဖန်ပိုင်းခြား ဆင်ခြင်နိုင်ပြီး မမှားသင့်သည်ကို မမှားရအောင် မိမိနှင့် ပတ်ဝန်းကျင်ကို ထိန်းကျောင်း ပဲ့ပြင်နိုင်မည်ဖြစ်ကြောင်း၊ ရှေးမြန်မာမင်းများ လက်ထက် ကုဋေရှစ်ဆယ်သူဌေးသား အကြောင်း အရာများသည် အသိပညာအတတ်ပညာ မရှိခဲ့သည့် အတွက် နောက်ဆုံးဘဝ နိဂုံးချုပ်မလှ ဖြစ်ခဲ့ရသည့် ဖြစ်စဉ်သာဓကများဖြစ်ပြီး ဦးကျည်ပွေ့ ဖြစ်စဉ်က လည်း စာတတ်မြောက်မှုမည်မျှအရေးကြီးသည်ကို ဖော်ပြနေသည့်အချက်ပင် ဖြစ်ကြောင်း။
ပွင့်ပွင့်လင်းလင်း ဆွေးနွေး
ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်း ကျောင်း ပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနကို ဖွဲ့စည်းထားပြီး စာတတ်မြောက်ရေးနှင့် ကျောင်း ပြင်ပပညာရေးများကို အကောင်အထည်ဖော်လျက် ရှိကြောင်းကို သိရှိရကြောင်း၊ ယခု လုပ်ငန်းကို မိုးလေဝသ ကင်းရှင်းပြီး လယ်ယာများ၊ တောင်ယာ များ ရိတ်သိမ်းပြီးချိန်တွင် စတင်ဆောင်ရွက်နိုင်ရန်နှင့် လက်တလော စတင်ဆောင်ရွက်၍ရမည့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အလိုက် မြို့နယ်အဆင့်ကိုလည်း ယနေ့အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်သွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး စာတတ် မြောက်မှု တိုးတက်လာရေးသည် ပညာရေးဝန်ကြီး ဌာန တစ်ခုတည်းသာမက ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များက ဝိုင်းဝန်း ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ပြည်သူများ စာတတ်မြောက်ခြင်း၏ အရေးပါမှုကိုသိရှိရန်၊ နားလည်နိုင်ရန် အသိပညာပေးရေးသည်လည်း အရေးကြီးသည်ကို သတိပြုရမည်ဖြစ်ကြောင်းနှင့် ယနေ့အစည်းအဝေးတွင် နိုင်ငံတော်အတွက် အရေးပါလှသည့် ပြည်သူများ စာတတ်မြောက်မှု တိုးပွားလာစေရန်အတွက် ရှေ့ဆက်ဆောင်ရွက်သင့် သည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလို ကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေက ပညာရေးဝန်ကြီးဌာန အနေဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အစီအမံ များနှင့် စာသင်သားသုံး အထောက်အပံ့ပစ္စည်းများ၊ နည်းပြ၊ ကြီးကြပ်ထောက်ပံ့ရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန၊ ကျောင်း ပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက အမျိုးသား ပညာရေး ဥပဒေဆိုင်ရာများနှင့် ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာန ဖွဲ့စည်းထားရှိမှု၊ “ ဝ၊ ထ၊ က၊ လ၊ သ” (အခြေခံစာတတ်မြောက်ရေး)အဆင့်မှ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်ရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရေးလုပ်ငန်း စီမံချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင်များက ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းစီမံချက် အပေါ် ဝန်ကြီးဌာနများအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည့် အစီအမံများနှင့်အကြံပြုချက် များကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရှင်းလင်းဆွေးနွေးတင်ပြ မှုများနှင့်ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
သတင်းစဉ်