
အာဆီယံပဋိညာဉ်စာတမ်း စာပိုဒ်(၃၁)အရ အာဆီယံဥက္ကဋ္ဌတာဝန်ကို အဖွဲ့ဝင်နိုင်ငံများ၏ အင်္ဂလိပ်ဘာသာဖြင့် နိုင်ငံအမည် အက္ခရာစဉ် အလိုက် အဖွဲ့ဝင်နိုင်ငံများက နှစ်စဉ်အလှည့်ကျ တာဝန်ယူထမ်းဆောင် ရမည်ဟု ဖော်ပြထားပါသည်။ အဆိုပါမူအရ မြန်မာနိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ရယူဆောင်ရွက်ရ မည်ဖြစ်ပါသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အလှည့်ကျဥက္ကဋ္ဌတာဝန် ရယူရန်အတွက် အချိန်အနည်းဆုံး(၂)နှစ် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြပါသည်။
သို့ဖြစ်၍ မြန်မာနိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌ တာဝန်ယူမည့်ကိစ္စနှင့် ပတ်သက်၍ လက်ရှိအချိန်တွင် ရှေ့လုပ်ငန်း စဉ်(၅)ရပ်နှင့်အညီ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် နိုင်ငံတော်ကို တည်ဆောက်နေသည့် ကာလဖြစ်သဖြင့် ၂၀၂၆ ခုနှစ် တွင် ဖိလစ်ပိုင်နိုင်ငံက အာဆီယံဥက္ကဋ္ဌတာဝန်ယူရန် အဆင်ပြေမှု ရှိ-မရှိကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးထံသို့ မြန်မာဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက စာပေးပို့၍ သဘောထားမေးမြန်းခဲ့ပါသည်။ အဆိုပါကိစ္စကို မြန်မာ က ၂ဝ၂၃ ခုနှစ်၏ အာဆီယံဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသို့လည်း အသိပေးထားပြီးဖြစ်ပါသည်။
ဖိလစ်ပိုင်နိုင်ငံကလည်း ၂၀၂၆ ခုနှစ်တွင် ၎င်းမှ အာဆီယံဥက္ကဋ္ဌ တာဝန်ယူရန် အဆင်ပြေပါကြောင်းနှင့် လက်ရှိအာဆီယံဥက္ကဋ္ဌနှင့် ကျန်အဖွဲ့ဝင်များကို အသိပေးပြောကြားသွားမည်ဖြစ်ကြောင်း တရား ဝင် အကြောင်းပြန်ကြားမှုပြုခဲ့ပါသည်။ ထို့နောက် ဖိလစ်ပိုင်နိုင်ငံခြား ရေးဝန်ကြီးက အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးထံလိပ်မူ၍ ဖိလစ်ပိုင် နိုင်ငံသည် အာဆီယံဥက္ကဋ္ဌတာဝန်ကို ၂ဝ၂၇ ခုနှစ်အစား ၂ဝ၂၆ ခုနှစ် တွင် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း၊ အာဆီယံဥက္ကဋ္ဌနှင့် အဖွဲ့ဝင် နိုင်ငံများ၏ ထောက်ခံမှုရရှိမည်ဟု မျှော်လင့်ပါကြောင်း စာပေးပို့ခဲ့ပါ သည်။
(၄၃)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအပြီး တူညီ ဆန္ဒ(၅)ချက် အကောင်အထည်ဖော်မှုဆိုင်ရာ အာဆီယံခေါင်းဆောင် များ၏ ပြန်လည်သုံးသပ်ချက်နှင့် ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့ပြီး ယင်းထုတ်ပြန်ချက်၏ စာပိုဒ်(၁၅)တွင် “၂၀၂၆ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံမှတာဝန်ယူရန် ဆုံးဖြတ် ခဲ့ကြပြီး၊ အခြားဆုံးဖြတ်ချက်တစ်ရပ် မထွက်ပေါ်မီအချိန်အထိ၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌဇယားကို အက္ခရာစဉ်အတိုင်း ဆက်လက် ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြသည်” ဟု ဖော်ပြပါရှိသည်ကို တွေ့ရှိ ရပါသည်။
ထိုပြင် အချို့သောနိုင်ငံတကာသတင်းမီဒီယာများ၏ ဖော်ပြချက် များ၌လည်း ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌတာဝန်နှင့်ပတ်သက်၍ ဖော်ပြချက်များသည် ၎င်းတို့လိုလားသည့်ပုံစံများဖြင့် အဓိပ္ပာယ် လွဲမှားစွာ ဖော်ပြနေသည်ကို တွေ့ရှိရပါသည်။
မြန်မာနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌတာဝန်ယူမှုနှင့်ပတ်သက်၍ သမိုင်းကြောင်း ပြန်ကြည့်ရပါက အာဆီယံပဋိညာဉ်စာတမ်း စာပိုဒ် (၃၁)အရ အာဆီယံဥက္ကဋ္ဌတာဝန်ကို ၂၀၀၆ ခုနှစ်တွင် တာဝန်ယူရ မည်ဖြစ်ပါသည်။ သို့သော် ထိုအချိန်အခါက မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတော်ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်(၇)ရပ်နှင့်အညီ ဒီမိုကရေစီ သို့ကူးပြောင်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်လျက်ရှိသည့်အတွက် လည်းကောင်း၊ အာဆီယံအဖွဲ့၏ ရည်မှန်းချက်များအကောင်အထည် ဖော်ရာတွင် အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်စေရန်အတွက် ရှေးရှု၍လည်းကောင်း မြန်မာနိုင်ငံအနေဖြင့် ၂၀၀၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူမည့် အခွင့်အရေးကို အနစ်နာခံစွန့်လွှတ် ခဲ့ပါသည်။ ထို့နောက် အာဆီယံဥက္ကဋ္ဌတာဝန်ကို ၂၀၁၆ ခုနှစ်တွင် တာဝန်ယူရမည့် အလှည့်ကိုလည်း မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန်ရှိသည့်အတွက် အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည့် မလေးရှားနှင့် လာအိုနိုင်ငံတို့နှင့် ညှိနှိုင်းသဘောတူညီချက် အရ ၂၀၁၄ ခုနှစ်တွင် တာဝန်လွှဲပြောင်းယူခဲ့သည့် သာဓကများရှိပါ သည်။
သို့ဖြစ်ပါ၍ မြန်မာနိုင်ငံက မိမိနိုင်ငံ၏ ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များရှိ၍ ၂၀၂၆ ခုနှစ် အာဆီယံဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင် နိုင်ငံသို့ သဘောထားမေးမြန်း ညှိနှိုင်းမှုပြုလုပ်ခဲ့ပြီး အခြားအဖွဲ့ဝင် နိုင်ငံများသို့ချပြအသိပေးခြင်း၊ သဘောတူညီမှုရှိခြင်းများဖြင့် လွှဲပြောင်းခဲ့ခြင်းဖြစ်ပါကြောင်း သိသာနိုင်ပါရန် ရှင်းလင်းဖော်ပြအပ် ပါသည်။