
နေပြည်တော် စက်တင်ဘာ ၇
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် ကော်မတီအစည်းအဝေး (၃/၂၀၂၃)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပဋိပက္ခအတွင်း လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဥက္ကဋ္ဌများ၊ အဖွဲ့ဝင် များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင် ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာအမျိုးသားအဆင့် လုပ်ငန်း စီမံချက် ဒုတိယသက်တမ်းကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၀ ရက်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက် နေပြီဖြစ်ပါကြောင်း၊ ဒုတိယသက်တမ်းကာလအတွင်း စီမံချက်လုပ်ငန်းစဉ်များကို ဒေသအဆင့် အမျိုးသမီး ကော်မတီ၏ လုပ်ငန်းတာဝန်များတွင် ထည့်သွင်း ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာအမျိုးသမီးကော်မတီ ဥက္ကဋ္ဌများထံသို့ အကြောင်းကြားပြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသ ကြီး/ ပြည်နယ်များတွင် အမျိုးသားအဆင့် လုပ်ငန်း စီမံချက်နှင့်စပ်လျဉ်းသည့် အသိပညာပေးမှုများကို ဆောင်ရွက်နေပါကြောင်း၊ ပဋိပက္ခနှင့်စပ်လျဉ်းသော လိင်အကြမ်းဖက်မှုဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူး ချုပ် ၏ ၂၀၂၂ ခုနှစ်၊ အစီရင်ခံစာတွင် မြန်မာနိုင်ငံနှင့် စပ်လျဉ်း၍ ဖော်ပြချက်များအပေါ် အမျိုးသားအဆင့် ကော်မတီက ယခုနှစ်ဇူလိုင် ၂၅ ရက်တွင် တုံ့ပြန်ချက် ထုတ်ပြန်ခြင်း၊ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ပြည်သူ များ လွယ်လင့်တကူ လက်လှမ်းမီသိရှိရေး အမျိုးသား အဆင့်လုပ်ငန်းစီမံချက် အသိပညာပေးလက်ကမ်း စာစောင်ပြုစုထားရှိပြီး ဖြန့်ဝေရေး စီစဉ်လျက်ရှိပါ ကြောင်းနှင့် ပထမ ခြောက်လပတ် အစီရင်ခံစာကို ရေးသားပြုစုလျက်ရှိပါကြောင်း၊ ယခုအစည်းအဝေး တွင် အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ဒုတိယ သက်တမ်း၏ ပထမ(၆)လပတ် အစီရင်ခံစာအတည်ပြု ရေးနှင့် အမျိုးသားအဆင့် လုပ်ငန်းစီမံချက် တတိယ အကြိမ်သက်တမ်းတိုးရေးကိစ္စများကို ဆွေးနွေးပေး စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က ပြီးခဲ့သည့်အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃) ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ခဲ့မှု များ၊ လုပ်ငန်းကော်မတီ အစည်းအဝေး(၂/၂၀၂၃)၏ ဆုံးဖြတ်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက် မှုများ၊ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၃) အကောင်အထည်ဖော်မှုအပေါ် သုံးသပ်ချက် များကို တင်ပြဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာသူများက ပထမ (၆) လပတ် အစီရင်ခံစာ(မူကြမ်း)အပေါ် အကြံပြု ဆွေးနွေးအတည်ပြုခြင်းနှင့် စီမံချက်ကာလတတိယ သက်တမ်းတိုးရေးတို့ကို ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်