ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ စတုတ္ထအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုး

 

နေပြည်တော်   စက်တင်ဘာ   ၇ 


သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ   အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးတို့တွင် ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ် မိုးရာသီတစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။ 


ယနေ့တွင်  ၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)  မိသားစုများ၏  စတုတ္ထအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို နေပြည်တော် ဇေယျာသီရိမြို့နယ်   ရေဆင်းဆည်အနီး၌ ကျင်းပ ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍   ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။


အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်၏ ဇနီး  ဒေါ်ကြူကြူလှ၊  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ     ဒုတိယဥက္ကဋ္ဌ   ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင် အေးနှင့် ဇနီး၊   ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်     ပုဂ္ဂိုလ်များနှင့်   ဇနီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ နိုင်ငံတော် ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသား အရာရှိကြီး များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရှိ  ရုံးဌာန အသီးသီးမှ  အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။


သစ်ပင်သစ်တောများကို စနစ်တကျ ပြန်လည်
စိုက်ပျိုးထိန်းသိမ်းမှသာလျှင် သဘာဝ
ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းခြင်းကို 
ဟန်ချက်ညီ ဆောင်ရွက်သွားနိုင်မည်


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က  အမှာစကား ပြောကြားရာတွင်   ယခုကဲ့သို့   သစ်ပင်စိုက်ပွဲတွင် အားလုံးပျော်ရွှင်တက်ကြွစွာ  ပါဝင်ဆောင်ရွက်နေကြ သည်ကို    တွေ့မြင်ရသည့်အတွက်   ဝမ်းမြောက်ပါ ကြောင်းကို   ဦးစွာပြောကြားလိုကြောင်း၊ ယခုအခါ သစ်ပင်သစ်တောများ ပြုန်းတီးမှုကြောင့် ကမ္ဘာကြီး သည်  တဖြည်းဖြည်း ပိုမိုပူနွေးလာသည်မှာ အားလုံး အသိပင်ဖြစ်ကြောင်း၊    ကမ္ဘာကြီးပူနွေးလာသည့် အတွက်  မိုးခေါင်ရေရှားခြင်း၊ ရေကြီးခြင်း၊ မုန်တိုင်း ကျရောက်ခြင်း၊  မြေပြိုခြင်း၊  ငလျင်လှုပ်ခြင်း စသည့် သဘာဝဘေးများကို   မိမိတို့လူသားများအနေဖြင့် ရင်ဆိုင်တွေ့ကြုံခံစားနေကြရသည်ကို  တွေ့မြင်ကြ မည်ဖြစ်ကြောင်း၊   ထို့အပြင်   အခြားသောသက်ရှိများ ဖြစ်သည့်     တောတွင်းတိရစ္ဆာန်များသည်လည်း တဖြည်းဖြည်း     မျိုးသုဉ်းလျော့ပါးလာကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊  ယင်းသည် သက်ရှိများနှင့် သဘာဝတရား၏ ဂေဟစနစ်များ တစ်စတစ်စ ကွာဟ လာသည့်    ဆိုးရွားမှုများ၏    အကျိုးဆက်များပင် ဖြစ်ကြောင်း။


သစ်တောသစ်ပင်များသည်    သဘာဝပတ်ဝန်း ကျင်၊ သက်ရှိများ၏ ဂေဟစနစ်နှင့်  လူနေမှုစနစ်တို့ အပေါ်တွင်  များစွာအကျိုးသက်ရောက်မှု ရှိကြောင်း၊ သစ်တော သစ်ပင်များကို   လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်     ခေတ်အဆက်ဆက် အသုံးပြုခဲ့ကြသကဲ့သို့ ပြန်လည်စိုက်ပျိုးကြရန်လည်း လိုအပ်ကြောင်း၊    နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သလောက်သာ ထုတ်ယူသုံးစွဲခြင်း၊  ပြန်လည် စိုက်ပျိုးမှုများကို    ပြုလုပ်ခြင်းဖြင့်   ပြည်သူတို့၏ လူမှုစီးပွားဘဝ    ဖွံ့ဖြိုးတိုးတက်မှုနှင့်    သဘာဝ ပတ်ဝန်းကျင်၊        ဂေဟစနစ်ထိန်းသိမ်းခြင်းတို့ကို ဟန်ချက်ညီ ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ စနစ်တကျထုတ်ယူသုံးစွဲမှုမရှိဘဲ      အလွန်အကျွံ ထုတ်ယူသုံးစွဲခြင်းကြောင့် ရာသီဥတုပြောင်းလဲမှု များကို  ကြုံတွေ့ရခြင်းဖြစ်ပြီး  ယခင်နေပြည်တော် ဒေသ၏ ရာသီဥတုသည် ၂၀၀၆ ခုနှစ်တွင်   ပျမ်းမျှ အပူချိန် ၂၆ ဒသမ ၉၇  ဒီဂရီစင်တီဂရိတ်ခန့်သာ ရှိခဲ့ရာ  ယခုအချိန်တွင်  ပျမ်းမျှအပူချိန် ၂၈ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အထိ တိုးမြင့်လာသည်ကို တွေ့ရှိရ မည်ဖြစ်ကြောင်း၊    ထို့ကြောင့်လည်း   တပ်မတော် အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်   လူထု အသွင်ဖြင့် သစ်ပင်စိုက်ပျိုးမှုများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း။


ကမ္ဘာကြီး ပူနွေးလာသည်နှင့်အမျှ မြေအောက်ရေ ခန်းခြောက်ခြင်း၊ မြစ်များ ကျဉ်းမြောင်းတိမ်ကောခြင်း၊ ချောင်း၊ မြောင်းများ  ခန်းခြောက်ခြင်းများဖြစ်လာပြီး သက်ရှိအားလုံး        အသက်ရှင်ရပ်တည်နိုင်ရေး ရေအခက်အခဲများ ရှိလာသည်ကိုလည်း  တွေ့ရှိရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် သစ်တော သယံဇာတများ ရေရှည်တည်တံ့စေရေး၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပရေး၊ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုလျှော့ချရေး၊    သဘာဝဘေးအန္တရာယ် ကာကွယ်ရေးတို့အတွက် စနစ်တကျဆောင်ရွက်သွား ရန်လိုအပ်မည်ဖြစ်ကြောင်း၊    ယခုကဲ့သို့    သစ်ပင် စိုက်ပျိုးပွဲများ     ပြုလုပ်ခြင်းသည်    လူသားဆန်ပြီး အင်မတန်မွန်မြတ်သည့်   လုပ်ဆောင်ချက်ဖြစ်သော ကြောင့် ဂုဏ်ယူဝမ်းမြောက်ဖွယ်ဖြစ်ကြောင်း။


မိမိတို့နိုင်ငံ၏ ပထဝီအနေအထားကိုကြည့်မည် ဆိုပါက သက်ရှိလူသားတစ်ယောက်အတွက် ပကတိ အားဖြင့် ပြီးပြည့်စုံသည့် လိုတရပဒေသာပင်ပေါက်ရာ ရပ်ဝန်းတစ်ခုဟု ဆိုနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ တည်ရှိနေပုံကိုကြည့်ပါက  နိုင်ငံ၏ အနောက်ဘက်၊ မြောက်ဘက်နှင့် အရှေ့ဘက်တို့တွင် မြင့်မားသည့် တောင်တန်းကြီးများရှိသကဲ့သို့ ယင်းတောင်တန်းများ အပေါ်တွင်  သစ်တောသစ်ပင်များ  များစွာ ပေါက် ရောက်နေရာယူထားကြကြောင်း၊ ထို့အပြင် အနောက် ရိုးမတောင်တန်းကြီးနှင့်   အရှေ့ရိုးမတို့ကြားတွင် ချင်းတွင်း၊  ဧရာဝတီ၊  စစ်တောင်းမြစ်တို့နှင့်ယှဉ်ပြီး  ပုံတောင် ပုံညာရိုး၊ အလယ်ရိုးမ(မင်းဝံတောင်ရိုး)နှင့် ရှမ်းကုန်းပြင်မြင့်တို့ရှိပြီး ယင်းတောင်ရိုး တောင်တန်း များတွင်လည်း သစ်တောကြီးများဖြင့် ဖုံးအုပ်လျက် ရှိကြောင်း၊   အဆိုပါ သစ်တောများကို စနစ်တကျ အသုံးပြုနိုင်မှသာ အကျိုးရှိနိုင်မည်ဖြစ်ကြောင်း။


သစ်တော၊  သစ်ပင်ထိန်းသိမ်းရေးနှင့် မိမိတို့ 
ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးကို အမျိုးသားရေး 
ကိစ္စရပ်အနေဖြင့် ဆောင်ရွက်ကြရန်လို


သစ်တောထူထပ်ပြီး  အဖိုးတန်သစ်တောများရှိ သည့် မိမိတို့နိုင်ငံကို နယ်ချဲ့များက မတရားကျူးကျော် မှုများ ပြုလုပ်ခဲ့ကြပြီး  အတိုင်းအဆမရှိ သစ်တော များကို  ခုတ်လှဲယူခဲ့ကြသည်ကို တွေ့ရှိရမည် ဖြစ် ကြောင်း၊ ခေတ်အဆက်ဆက်တွင်လည်း နိုင်ငံဝင်ငွေ ရရှိရေးအတွက်  သစ်များထုတ်ယူရောင်းချခဲ့သဖြင့် သစ်တောဖုံးလွှမ်းမှု ရာခိုင်နှုန်းသည်  ၄၂ ရာခိုင်နှုန်း ခန့်အထိ  ကျဆင်းလာခဲ့သည်ကို  တွေ့ရှိရကြောင်း၊ သယံဇာတဟူသည်မှာ သဘာဝအလျောက် ပြန်လည် ပြည့်ဖြိုးနိုင်သည်ရှိသကဲ့သို့  ပြန်လည်ဖြည့်တင်း၍ မရသည့် သယံဇာတများလည်းရှိကြောင်း၊ သစ်ပင် သစ်တောဟူသည်မှာ သဘာဝအလျောက် ပြန်လည် ပြည့်ဖြိုးစေနိုင်သည့်     စွမ်းပကားများရှိသကဲ့သို့ လူသားများ၏  လုပ်ဆောင်ဖန်တီးမှုများဖြင့်လည်း ပြန်လည်ဖြည့်တင်းပေးနိုင်သည့်အရာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် သစ်တောသစ်ပင်များ   ပြန်လည် ထူထောင်ဖြည့်တင်းခြင်းများကို    မှန်မှန်ကန်ကန်ဆောင်ရွက်မှုမရှိပါက သဘာဝတရား၏ ရိုက်ခတ်မှု ဒဏ်ကို     ခံကြရမည်ဖြစ်ကြောင်း၊    အထူးသဖြင့် သစ်တောများနှင့်နီးကပ်နေသည့်  ကျေးလက်ဒေသ များတွင် သစ်ပင်သစ်တောများကို ထိန်းသိမ်းကြရေး နှင့် မြို့ပြများတွင်  နေထိုင်ကြသူများအနေဖြင့်လည်း မိမိပတ်ဝန်းကျင်       စိမ်းလန်းစိုပြည်မှုရရှိစေရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်     လွှမ်းခြုံ ဆောင်ရွက်သင့်သည်ကို ပြောကြားလိုကြောင်း။


တပ်မတော်အနေဖြင့် တပ်ပိုင်စိုက်ပျိုးရေးလုပ်ငန်း များတွင် ရာသီသီးနှံများကို စိုက်ပျိုးသကဲ့သို့ နှစ်ရှည် စားသုံးပင်များနှင့်  အရိပ်ရလေကာပင်များ စိုက်ပျိုး လျက်ရှိသည်ကို   တွေ့ရှိရမည်ဖြစ်ပြီး စားရေးအတွက် အထောက်အကူဖြစ်သကဲ့သို့   ရရှိလာသည့်   အရိပ် အာဝါသများကြောင့် အကျိုးခံစားရမှုများလည်း   ရှိ ကြောင်း၊  “သစ်တစ်ပင်ကောင်းလျှင် ငှက်တစ်သောင်း နားနိုင်သည်”  ဟူသည့် စကားအတိုင်း  ကုသိုလ်လည်း ရရှိမည်ဖြစ်ပြီး     မိမိပတ်ဝန်းကျင်အတွက်လည်း အကောင်းဆုံး အကျိုးသက်ရောက်မှုများ  ဖြစ်လာနိုင် မည်ကို      တွက်ဆဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ကြောင့် ပတ်ဝန်းကျင်ကောင်းတစ်ခုကို  ဖန်တီးနိုင် ရေး၊    မိမိတို့ပတ်ဝန်းကျင်  စိမ်းလန်းစိုပြည်ရေးကို အတတ်နိုင်ဆုံး   ပါဝင်ကုသိုလ်ယူဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း။


ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)    အနေဖြင့် ၂၀၁၁ ခုနှစ်မှစပြီး  သစ်ပင်စိုက်ပျိုးပွဲများကို   နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိရာ  ၂၀၂၃ ခုနှစ် တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင်ပေါင်း ၁၉၀,၄၇၃ ပင် စိုက်ပျိုးနိုင်ခဲ့ပြီး  ရှင်သန်မှုအနေဖြင့်  ၁၀၉,၈၈၅ ပင် ရှင်သန်ဖြစ်ထွန်းခဲ့သည်ကို    တွေ့ရှိရသည့်အတွက် ၅၅    ရာခိုင်နှုန်းခန့်သာ     ရှင်သန်ဖြစ်ထွန်းသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် သစ်ပင်စိုက်ပျိုးပွဲများကို အချိန်နှင့် လူအင်အားအသုံးပြု၍  ဆောင်ရွက်ရသည့် နည်းတူ   အကျိုးရှိရှိ   အောင်မြင်ဖြစ်ထွန်းမှုရှိစေရေး စိုက်ပျိုးကြသည့်သူများက ရှင်သန်မှုရှိအောင် စိုက်ပျိုး ကြရန်  လိုသကဲ့သို့  ထိန်းသိမ်းရန်  တာဝန်ရှိသူများ အနေဖြင့်လည်း       ရာနှုန်းပြည့်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန်မှာကြားလိုကြောင်း၊  ယနေ့ပြုလုပ် သည့် စတုတ္ထအကြိမ်  မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် တွင်  ကျွန်း၊ မန်ဂျန်ရှားနှင့် ပိတောက်ပင် စုစုပေါင်း ၃,၅၂၈ ပင်ကို ထပ်မံစိုက်ပျိုးသွားမည်ဖြစ်ပြီး အားလုံး ရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးသွားကြရန် မှာကြား လိုကြောင်း။ 


မိမိတို့အနေဖြင့်  ယနေ့ကမ္ဘာကြီးပူနွေးလာခြင်း ကို ပြန်လည်ကုစားရန်အတွက်  လူသားတစ်ယောက် ၏    တာဝန်အဖြစ်ခံယူပြီး   သစ်ပင်စိုက်ပျိုးကြရန်၊ သစ်ပင်များကို    စိုက်ပျိုးခြင်းနှင့်     ထိန်းသိမ်း စောင့်ရှောက်ခြင်း  အလေ့အထများသည် လူသားဆန် ပြီး ဖြူစင်မွန်မြတ်သည့်  အလုပ်မျိုးဖြစ်သည့်အတွက် အလေးအနက်ထား  လုပ်ဆောင်သွားကြရန်၊ စတင် စိုက်ပျိုးပြီးချိန်မှစ၍ အောင်မြင်ဖြစ်ထွန်းသည့်အချိန် အထိ ထိန်းသိမ်းပြုစုခြင်းလုပ်ငန်းစဉ်များကို  ရာသီ အလိုက်၊   အပင်သက်တမ်းအလိုက်   မပျက်မကွက် ဆောင်ရွက်သည့်   စနစ်တစ်ရပ်အဖြစ်   လုပ်ဆောင် သွားကြရန်၊  သစ်ပင်စိုက်ပျိုးခြင်းသည်   ပစ္စုပ္ပန်တွင် သာ    အကျိုးဖြစ်စေရုံသာမက   သံသရာအတွက်  အထောက်အပံ့ကောင်းတစ်ရပ်လည်း   ဖြစ်သည်ကို        ခံယူဆောင်ရွက်သွားကြရန်လိုကြောင်း   ပြောကြား သည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုး


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်    ဇနီးတို့က ရတနာတန်းဝင်  ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေး ကြသည်။ ဆက်လက်ပြီး  အခမ်းအနားတက်ရောက် လာကြသည့်  အရာရှိကြီးများနှင့်  ဇနီးများ၊ အရာရှိ၊ စစ်သည် မိသားစုများက  သတ်မှတ်နေရာအသီးသီး တွင် ပျိုးပင်များကို   စိုက်ပျိုးကြသည်။   ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် အရာရှိ၊  စစ်သည် မိသားစုများ၏ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုကို          လှည့်လည်ကြည့်ရှုအားပေး ကြသည်။


၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် စတုတ္ထအကြိမ်
သစ်ပင်စိုက်ပျိုးပွဲအထိ ရေဆင်းဆည်ပတ်ဝန်းကျင်၌ 
ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရ လေကာပင် စုစုပေါင်း ၁၉၄,၀၀၁ ပင်အား 
စိုက်ပျိုးခဲ့ပြီးဖြစ်


ယနေ့ပြုလုပ်သည့်   ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများ၏  စတုတ္ထအကြိမ်သစ်ပင်စိုက်ပျိုးပွဲတွင်    ရတနာတန်းဝင်ကျွန်းပင် ၁၇၆၄ ပင်၊ မန်ဂျန်ရှား ၈၈၂ ပင်၊ ပိတောက် ၈၈၂ ပင် စုစုပေါင်း ၃,၅၂၈ ပင်အား  စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင် နှင့် ဂေဟစနစ်ထိန်းသိမ်းရေးအတွက်  ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)  မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်  စတုတ္ထအကြိမ် သစ်ပင် စိုက်ပျိုးပွဲအထိ    သစ်ပင်စိုက်ပျိုးပွဲတော် (၃၉)   ကြိမ် ကျင်းပပြုလုပ်၍ ရတနာတန်းဝင်ပင်၊  နှစ်ရှည် သီးနှံ ပင်နှင့် အရိပ်ရလေကာပင်  စုစုပေါင်း ၁၉၄,၀၀၁ ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ်သည်။


တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယနေ့တွင် စုစုပေါင်းသစ်ပင် ၁၇၅,၆၇၄ ပင်ကို စုပေါင်း စိုက်ပျိုးပေးနိုင်ခဲ့


အလားတူ   တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌လည်း မိုးရာသီသစ်ပင်စိုက်ပွဲများ ကျင်းပ၍ ရတနာ တန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံး သီးနှံပင်၊ အရိပ်ရလေကာပင်များကို စုပေါင်းစိုက်ပျိုး ကြရာတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ ၇,၃၈၀၊  မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌    ၁၅,၂၅၅   ပင်၊ အရှေ့မြောက်တိုင်း   စစ်ဌာနချုပ်၌   ၂၀,၁၃၅ ပင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၉,၅၂၅ ပင်၊   အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၌ ၁၃,၆၁၈ ပင်၊ တြိဂံ ဒေသတိုင်းစစ်ဌာနချုပ်၌ ၁၄,၆၁၃ ပင်၊ အရှေ့ တောင် တိုင်းစစ်ဌာနချုပ်၌ ၅,၄၄၅ ပင်၊  ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၌  ၁၃,၅၂၉  ပင်၊   ရန်ကုန်တိုင်း စစ်ဌာနချုပ်၌ ၉,၀၈၃ ပင်၊  အနောက်တောင်တိုင်း စစ်ဌာနချုပ်၌ ၁၃,၂၃၀ ၊  အနောက်ပိုင်းတိုင်းစစ်ဌာန ချုပ်၌ ၁၀,၉၆၄ ပင်၊  အနောက်မြောက်တိုင်းစစ်ဌာန ချုပ်၌ ၉,၁၁၂ ပင်၊  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၂၀,၂၀၇ ပင်နှင့်  တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၀,၀၅၀  တို့ကို  တိုင်းမှူးများနှင့် တာဝန်ရှိသူများက စုပေါင်း စိုက်ပျိုးခဲ့ကြပြီး   တပ်မတော်တစ်ရပ်လုံးအနေဖြင့်  ယနေ့တွင်   စုစုပေါင်းသစ်ပင်  ၁၇၅,၆၇၄  ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိသည်။


 သတင်းစဉ်