
မူဆယ် စက်တင်ဘာ ၆
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူဆယ်မြို့တွင် ချို့တဲ့နွမ်းပါးပြည်သူများအား ခရိုင်/မြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင် များ၊ မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက စုပေါင်း၍ ကာလတန်ဖိုး ငွေကျပ်သိန်း ၂၀၀ ကျော်တန်ဖိုးရှိ မီးဖိုချောင်သုံးအစားအသောက်များနှင့် အဝတ် အထည်များကို ယနေ့ နံနက်ပိုင်းက ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့ ပြည်ထောင်စုလမ်းမကြီး ပေါ်တွင် ပေးဝေလှူဒါန်းကြသည်။
ထိုသို့ ပေးဝေးလှူဒါန်းရာတွင် မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှိုင်ကျော်မြင့်နှင့်ဇနီးတို့က ကြီးမှူးစီစဉ်ပြီး မူဆယ်ခရိုင်ရဲတပ်ဖွဲ့နှင့်မိသားစုဝင်များ က ငွေကျပ်သိန်း ၁၀၀ ကျော်၊မြို့နယ်ရဲစခန်းမှ ငွေကျပ်သိန်း ၂၀ ကျော်၊ မူဆယ်မြို့မ ရဲစခန်းမှ ငွေကျပ်သိန်း ၆၀ ကျော်နှင့် မူဆယ်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ငွေကျပ် ၁၇ သိန်းကျော် စုပေါင်း၍ ဆန် တစ်ပြည်အိတ် ၁၀၀၀၊ ရေသန့်ဘူး ၁၂၀၀၊ သီးစုံပဲဟင်း ဘူး ၁၂၀၀၊ မာမီးခေါက်ဆွဲ လေးထုပ်ပါ အထုပ်ကြီး ၁၀၀၀၊ ကြက်သွန် တစ်ပိဿာထုပ် ၁၀၀၀၊ ဆီ၂၅ ကျပ်သားဘူး ၁၀၀၀၊ ကြက်ဥ ခြောက်လုံးပါကတ် ၁၀၀၀၊ ငရုတ်သီးကြော် ဘူး ၁၂၀၀၊ အထွေထွေဆေးဝါးဘူး ၁၂၀၀ နှင့် အဝတ်အထည်တို့အပြင် ရဲမှူးနှင့်ဇနီးက ငွေကျပ်သိန်း ၃၀ ကျော်ပေးဝေလှူဒါန်းသည်။
အဆိုပါ ပြည်သူ့အကျိုးပြုပြည်သူများအား ပေးဝေလှူဒါန်းနေမှုကို မူဆယ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုကာ ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရန် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
မူဆယ်ခရိုင်(ပြန်/ဆက်)