နိုင်ငံတော်ဩဝါဒါစရိယ မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကချုပ် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသ ထိုင်းနိုင်ငံမှ မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိ

 

မန္တလေး   စက်တင်ဘာ  ၆   


နိုင်ငံတော်ဩဝါဒါစရိယ        အမရပူရမြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကချုပ်၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသသည် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ အဘိဓဇ မဟာရဋ္ဌဂုရု   အဘိဓဇ    အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တဉာဏိဿရ  လိုက်ပါ၍ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျန်းမာရေးအရ ဆေးကုသမှု ခံယူခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် မန္တလေးမြို့သို့ ပြန်လည်ကြွရောက်လာရာ  မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်    ဦးမျိုးအောင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန် ရှိသူများက တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ခရီးဦးကြိုဆိုဖူးမြော်ကြသည်။ 


ယင်းနောက် ဆရာတော်ကြီးအတွက်  လိုအပ် သော    ကျန်းမာရေးစောင့်ရှောက်မှုကို   အနီးကပ် ကြီးကြပ်၍ အပြည့်အဝဆောင်ရွက်ပေးနိုင်ရန် မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးရှိ အထူးသီးသန့်ခန်း သို့ပင့်ဆောင်ပြီး တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ  ဝင်းနိုင်၊   ဆေးရုံအုပ်ကြီး  ဒေါက်တာ သက်အောင်နှင့်    အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစစ်ဆေးမှုများကို    ဆောင်ရွက်ပေး ကြသည်။


ထို့နောက်   သီတဂူဆရာတော်ကြီးအား   တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က လှူဖွယ်ပစ္စည်း များနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းပြီး ဩဝါဒခံယူကြသည်။


ဆက်လက်၍    တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆရာတော်ကြီး ကျန်းမာရေးစောင့်ရှောက်မှု  ခံယူ သီတင်းသုံးနေစဉ်အတွင်း   အထူးဂရုစိုက်ကြပ်မတ် ဆောင်ရွက်သွားရေးနှင့်    လိုအပ်သည်များရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြသွားရေးတို့ကို တာဝန်ရှိ သူများကို မှာကြားခဲ့သည်။                  

သတင်းစဉ်