
နေပြည်တော် စက်တင်ဘာ ၅
၂၀၂၃ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင် လယ်ဝေးမြို့နယ် ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ်(၁၃)အတွင်း ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၂၀၄ မိုင် ၁ ဖာလုံမှ မာရဝိဇယဘုရားအဝင် လမ်းဝဲယာ၌ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
တက်ရောက်
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်း ရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီး များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်း များ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က အမှာစကားပြောကြားရာ၌ ယနေ့ သစ်ပင်စိုက်ပျိုးပွဲတွင် သစ်မျိုး ၁၅ မျိုး၊ အပင်ပေါင်း ၂၅၂၀ ကို စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ သစ်ပင် များကို တစ်နိုင်ငံလုံး အရှိန်အဟုန်ဖြင့် နှစ်စဉ်စိုက်ပျိုး လျက်ရှိပြီး ယခုနှစ်မိုးရာသီတွင် နိုင်ငံပိုင် သစ်တော စိုက်ခင်းများအပါအဝင် သစ်ပင်ပေါင်း ၂၄ ဒသမ ၆၂၉ သန်း စိုက်ပျိုးတည်ထောင်လျက်ရှိပါကြောင်း။
ဟန်ချက်ညီညီထိန်းညှိပေး
“ဥတုရာသီ တောကိုမှီ” ဆိုသည့်အတိုင်း သစ်ပင် သစ်တောများသည် သက်ရှိများနေထိုင်ရာ ကမ္ဘာ မြေကြီး သာယာလှပစေရုံသာမက သက်ရှိများ ကောင်းမွန်စွာရှင်သန်နိုင်ရန် များစွာပံ့ပိုးကူညီပေးနေ ပါကြောင်း၊ ထို့ပြင်ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်း ပေးပြီး ဂေဟစနစ်များကိုလည်း တည်ငြိမ်စေပါ ကြောင်း၊ ရာသီဥတုမျှတကောင်းမွန်စေပြီး မြေနှင့် ရေကို ထိန်းသိမ်းပေးခြင်းဖြင့် ရေကြီးခြင်း၊ မြေပြိုခြင်း နှင့် လေမုန်တိုင်းကျရောက်ခြင်းစသည့် သဘာဝဘေး အန္တရာယ်များမှ ကာကွယ်ပေးပါကြောင်း၊ စားရေ ရိက္ခာ၊ ဆေးဝါးနှင့် သစ်တောထွက်ပစ္စည်းများကို လည်း ထောက်ပံ့ပေးပါကြောင်း၊ သစ်တောများသည် လုပ်ငန်းကဏ္ဍအသီးသီးနှင့် ဆက်စပ်နေပြီး စီးပွားရေး၊ လူမှုရေးဖွံ့ဖြိုးမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး မဏ္ဍိုင် (၃) ရပ်ကို ဟန်ချက်ညီညီ ထိန်းညှိပေးပြီး ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးအတွက် အထောက် အကူပြုသည့် အဓိကကဏ္ဍတွင် ပါဝင်ပါကြောင်း။
အထူးအလေးထားဆောင်ရွက်
၂၀၂၃ ခုနှစ်၊ မေ ၁၄ ရက်၌ ရခိုင်ပြည်နယ်တွင် တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် စစ်တွေမြို့ အပါအဝင် မုန်တိုင်းဒဏ်ခံခဲ့ရသည့် မြို့နယ် ၁၀ မြို့နယ်ကို ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် သစ်ပင်စိုက်ပျိုး ထိန်းသိမ်း ခြင်းကို သဘာဝဘေးအန္တရာယ်များမှ ကြံ့ကြံ့ခံနိုင်ရန် အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးနေသည်ကို အားလုံး အသိပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် သဘာဝဘေး အန္တရာယ်များ တားဆီးကာကွယ်နိုင်ရန်အတွက် သစ်တောပြုန်းတီးမှု လျော့နည်းရေးနှင့် ကမ်းရိုးတန်း တစ်လျှောက် သဘာဝအစိမ်းရောင်တံတိုင်းများဖြစ် သည့် ဒီရေတောနှင့် သစ်ပင်သစ်တောများကို အရှိန် အဟုန်မြှင့် စိုက်ပျိုးထိန်းသိမ်းရေး အထူးအလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း။
ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်
ထို့ပြင် မိုးလေဝသခန့်မှန်းချက်များအရ ၂၀၂၃ ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ ခုနှစ် မတ်လကာလ အတွင်း အယ်လ်နီညိုဖြစ်စဉ်များ ကြုံတွေ့ရမည်ဟု သိရှိရပါကြောင်း၊ ယခင်အတွေ့အကြုံများအရ မိုးခေါင် ရေရှားခြင်းနှင့် ပူပြင်းခြောက်သွေ့ခြင်းများ ဖြစ်ပေါ် နိုင်သည့်အတွက် ပူပြင်းခြောက်သွေ့ဒဏ် ခံနိုင်မှုရှိစေ ရေးနှင့် ရေပြတ်လပ်မှုမရှိစေရေး ကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်သွားကြရန်လည်း လိုအပ်ပါကြောင်း။
သစ်ပင်များစိုက်ပျိုးဆောင်ရွက်လျက်ရှိ
သစ်တောများအတွင်းရှိ သစ်ပင်များသာမက သစ်တောများ ပြင်ပတွင်ရှိနေသည့် သစ်ပင်သစ်တော များသည်လည်း အလွန်အရေးကြီးပါကြောင်း၊ “သစ်ပင်စိုက်မှ အရိပ်ရ၏၊ ရိပ်ခိုနားနေ အပန်းပြေ၏” ဆိုသည့်အတိုင်း ကျေးရွာ၊ မြို့ပြပတ်ဝန်းကျင် နေရာ အသီးသီးတွင် စိမ်းလန်းစိုပြည်ပြီး အရိပ်အာဝါသရရှိ စေရန် သစ်ပင်များရှင်သန်အောင် စိုက်ပျိုးထိန်းသိမ်း ကြရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအတွင်း ဖောက်လုပ်ထားရှိသည့် အဓိကလမ်းမကြီးများဖြစ် သည့် အာဆီယံလမ်းမကြီးများ၊ ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးနှင့် ရထားလမ်းများတစ်လျှောက် စိမ်းလန်းစိုပြည်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး သစ်ပင်များစိုက်ပျိုး ဆောင်ရွက်လျက်ရှိ ပါကြောင်း။
နိုင်ငံ၏လူဦးရေအများစုသည် ကျေးလက်ဒေသ များတွင် နေထိုင်ကြခြင်းဖြစ်သည့်အတွက် ကျေးလက် ထင်းလောင်စာ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေး ကျေးရွာ ထင်းစိုက်ခင်းများ စိုက်ပျိုးတည်ထောင်ရန်၊ နိုင်ငံနှင့်တစ်ဝန်း ကျေးရွာများတွင် ဒေသအလိုက် သင့်တော်သည့်အရိပ်ရပင်များ၊ လေကာပင်များကို စဉ်ဆက်မပြတ်စိုက်ပျိုးရန်၊ တောင်ထိပ်၊ တောင်ကုန်း တောင်တန်းများ၊ သစ်ပင်သစ်တောများ ထိန်းသိမ်း ရန်၊ သစ်ပင်များစိုက်ပျိုးရန်၊ မြစ်ချောင်းတစ်လျှောက် သစ်ပင်များစိုက်ပျိုးထိန်းသိမ်းရန်၊ ကမ်းရိုးတန်း ဒီရေ ရောက်ဒေသများတွင် ဒီရေတောအပင်များ စိုက်ပျိုး တည်ထောင်ရန် စသည့်သစ်ပင်သစ်တော စိုက်ပျိုး ထိန်းသိမ်းရေးလုပ်ငန်းများကို ထိထိရောက်ရောက် အောင်မြင်စေရန် ဆောင်ရွက်သွားကြရမည်ဖြစ် ပါကြောင်း။
ထိန်းသိမ်းကာကွယ်ဆောင်ရွက်
သစ်ပင်စိုက်ပျိုးခြင်းသည် အကျိုးကျေးဇူး အမျိုးမျိုးကို ရရှိခံစားနိုင်ပြီး သစ်တောများက အထောက်အပံ့ပြုသည့် ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ဆောင် မှုများက သက်ရှိလောကအတွက် အလွန်ပင်အရေးပါ လှပါကြောင်း၊ ထို့ကြောင့် နေပြည်တော်ကောင်စီ နယ်မြေအပါအဝင် နိုင်ငံတစ်ဝန်း မြို့ပြနှင့်ရပ်ရွာ၊ ကျေးလက်ဒေသအသီးသီးတွင် စိမ်းလန်းစိုပြည် သာယာစေရေးအတွက် သစ်ပင်သစ်တောများ၊ စိမ်းလန်းစိုပြည်သည့် သဘာဝမြေယာရှုခင်းများဖြစ် အောင် စဉ်ဆက်မပြတ် တိုးမြှင့်စိုက်ပျိုးတည်ထောင် ရေး အလေးထားဆောင်ရွက်ပေးကြရန်၊ နိုင်ငံရေရှည် ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေး၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုလျှော့ချရေးနှင့် သဘာဝဘေး အန္တရာယ် ကာကွယ်ရေးတို့အတွက် အလွန်အရေးပါ သည့် သစ်ပင်သစ်တောများ၊ သစ်တောဂေဟစနစ် ထိန်းသိမ်းရေးလုပ်ငန်းများကို ဘက်စုံကဏ္ဍစုံက ရှုမြင်သုံးသပ်ပြီး အမျိုးသားရေး တာဝန်တစ်ရပ်အနေ ဖြင့် ထိန်းသိမ်းကာကွယ် ဆောင်ရွက်သွားကြရန် တိုက်တွန်းနှိုးဆော်ပါကြောင်း ပြောကြားသည်။
ဦးဆောင်စိုက်ပျိုးပေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကံ့ကော်ပျိုးပင်ကို သတ်မှတ်နေရာတွင် ဦးဆောင်စိုက်ပျိုးပေးသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာ ကြသည့် ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေး မှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စု ဝန်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီး များနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများမှ ကျောင်း သား ကျောင်းသူများ၊ တာဝန်ရှိသူများသည် ပျိုးပင် များကို တစ်ပြိုင်တည်း စိုက်ပျိုးပေးကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ၂၀၂၃ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပျိုးပင် များအား တပျော်တပါးစိုက်ပျိုးနေမှုကို လှည့်လည် ကြည့်ရှုအားပေးကြသည်။
စနစ်တကျဖြင့် ထိန်းသိမ်း
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် မာရ ဝိဇယဗုဒ္ဓဥယျာဉ် ပရိဝုဏ်အတွင်း စိမ်းလန်းစိုပြည် စေရေးအတွက် စိုက်ပျိုးထားရှိသည့် လင်းလွန်းပင်၊ လုမ္ဗိနီအင်ကြင်းပင်နှင့် ကံ့ကော်ပင်စသည့် သစ်ပင် များ ရှင်သန်ဖြစ်ထွန်းလျက်ရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက် များအပေါ် သစ်ပင်များ စဉ်ဆက်မပြတ်ရှင်သန် ဖြစ်ထွန်းစေရေးနှင့် ဘုရားကြီး ပရိဝုဏ်အတွင်း စိမ်းလန်းစိုပြည်မှုရှိစေရေး စနစ်တကျဖြင့် ထိန်းသိမ်း ဆောင်ရွက်သွားရန် လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့သည်။
ယနေ့ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ တတိယ အကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် ကံ့ကော်၊ ခရေ၊ ကျွန်း၊ ပိတောက် စသည့်သစ်မျိုးများ အပါဝင် သစ်မျိုး ၁၅ မျိုး၊ အပင်ပေါင်း ၂၅၂၀ ကို လူထုလှုပ်ရှားမှုအသွင်ဖြင့် စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း၊ သစ်ပင်များကိုတစ်နိုင်ငံလုံး အရှိန်အဟုန်ဖြင့် နှစ်စဉ် စိုက်ပျိုးလျက်ရှိပြီး ယခုနှစ်မိုးရာသီတွင် နိုင်ငံပိုင် သစ်တောစိုက်ခင်းများအပါအဝင် သစ်ပင်ပေါင်း ၂၄ ဒသမ ၆၂၉ သန်း စိုက်ပျိုးတည်ထောင်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်