
စစ်တွေ စက်တင်ဘာ ၂
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်း ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင် သည့် မြန်မာနိုင်ငံအခြေစိုက် သံရုံးများမှ သံရုံးအကြီးအကဲများ နှင့် သံတမန်များသည် ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ မှ တပ်မတော်ရဟတ်ယာဉ်များဖြင့် ထွက်ခွာကြပြီး မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ ပြန်လည် လက်ခံရေးစခန်းသို့ ရောက်ရှိကြ သည်။
ယင်းနောက် စခန်းတာဝန်ခံ နှင့် တာဝန်ရှိသူများက နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံ ရေးဆိုင်ရာ စီမံဆောင်ရွက်ထား ရှိမှုအခြေအနေများနှင့် ပြန်လည် လက်ခံရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို ရှင်းလင်းပြသရာ (အပေါ်ပုံ) ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများက လိုအပ်သည်များ ဖြည့်စွက်မှာကြားပြီး စခန်းအတွင်း လှည့်လည်ကြည့်ရှုကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် သံတမန်အဖွဲ့သည် ပြန်လည်ဝင်ရောက်လာမည့် နေရပ် စွန့်ခွာသူများအား ပြန်လည်နေရာ ချထားမည့် ကြိမ်ချောင်း(တောင်) ကျေးရွာသို့ ဆက်လက်ထွက်ခွာ ကြပြီး ကြိမ်ချောင်း(တောင်) ကျေးရွာရှိ အသင့်ဆောက်လုပ်ပြီး နေအိမ်များနှင့် မြေကွက်များကို လေ့လာကြည့်ရှုကြသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် သံတမန်အဖွဲ့သည် လှဖိုးခေါင် ယာယီနေရာချထား ရေးစခန်းသို့ ရောက်ရှိကြပြီး တာဝန်ရှိသူများက ပြန်လည် ဝင်ရောက်လာမည့်သူများအား ပြန်လည်နေရာချထားခြင်း မပြုမီ စခန်းတွင် ခေတ္တနေထိုင်နိုင်ရေးနှင့် လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့များ ပံ့ပိုးနိုင်ရေး အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားကာ စခန်းအတွင်း ပြင်ဆင်ဆောင်ရွက် ထားရှိမှုများကို လိုက်လံကြည့်ရှု ကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးနှင့် သံတမန်အဖွဲ့သည် လေကြောင်းခရီးဖြင့် စစ်တွေမြို့မှ ပြန်လည်ထွက်ခွာကြပြီး နေပြည် တော်သို့ ပြန်လည်ရောက်ရှိကြ သည်။
သတင်းစဉ်