
ရန်ကုန် စက်တင်ဘာ ၁
စက်တင်ဘာ နိုင်ငံတကာရက်သတ္တပတ်နှင့် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပထမ အဆင့်အတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် စက်တင်ဘာ ၁ ရက် ညနေပိုင်းက မြန်မာနေရှင်နယ်လိဂ်ကလပ် အား/ကာသိပ္ပံအသင်းနှင့် ခြေစမ်းကစားရာ (အောက်ပုံ) နှစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် ပြည်ပကလပ်များတွင် ကစားနေသူအချို့ ပူးပေါင်းနိုင်ခြင်းမရှိသေးသဖြင့် လူစုံပါဝင်နိုင်ခြင်းမရှိသေးပေ။ အား/ကာသိပ္ပံ အသင်းမှာလည်း ပြည်တွင်းကစားသမားများဖြင့် ဖွဲ့စည်းထားသည့်အသင်းဖြစ်ပြီး အမာခံကစားသမားများ ပါဝင်ကစားခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်း အတွက် ဂိုးများကို ဆွမ်လမန်နှင့် ဇင်ကိုထက်တို့က သွင်းယူခဲ့သည်။
မြန်မာ့လက်ရွေးစင်အသင်းသည် စက်တင်ဘာ ၈ ရက်နှင့် ၁၁ ရက်တို့တွင် ယှဉ်ပြိုင်ကစားရမည့် နီပေါလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ခြေစမ်းပွဲကစားခြင်း ဖြစ်ပြီး ဒုတိယမြောက် ခြေစမ်းပွဲလည်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းက ဒဂုံစတားအသင်းနှင့် ခြေစမ်းပြီး နောက် ဒုတိယမြောက်ခြေစမ်းပွဲအဖြစ် အား/ကာသိပ္ပံအသင်းနှင့် ယှဉ်ပြိုင်ကစားခြင်းဖြစ်သည်။
ကိုညီလေး ၊ ဓာတ်ပုံ - MFF