
နေပြည်တော် စက်တင်ဘာ ၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းခရိုင် ဟုမ္မလင်းမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၄၀၅၁၁ ဧကရှိသော နယ်မြေကို “နန်ယုတ် ကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာ အမှတ် (၉၉/၂၀၂၃)အရ ၁၃၈၅ ခုနှစ်၊ ဝါခေါင်လဆန်း ၁၄ ရက်၊ (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သည် မြစ်၊ ချောင်း၊ အင်း၊ အိုင် စသည့်ရေအရင်းအမြစ်နှင့် ရေဝေ ရေလဲဒေသများထိန်းသိမ်းရန်၊ ဂေဟစနစ်တည်ငြိမ်မှုရှိစေရန်၊ ဒေသခံ ပြည်သူများ၏ အခြေခံလိုအပ်ချက်ဖြစ်သော သစ်၊ ထင်း၊ ဝါးစသည့် သစ်တောထွက်ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းနိုင်ရန်နှင့် ရာသီဥတုသာယာမျှတစေပြီး စိုက်ပျိုးရေးလုပ်ငန်း များကို အထောက်အကူပြုစေရန်ရည်ရွယ်၍ ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောများကို ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါသည်။
နန်ယုတ်ကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းအားဖြင့် အဆိုပါ ဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော ကျွန်း၊ သစ်ရာ၊ အင်ကြင်း စသည့်အဖိုးတန်သစ်မျိုးများနှင့် ကညင်၊ သပြေ၊ လောက်ယား၊ သစ်စေး စသည့် ဒေသမျိုးရင်းသစ်မျိုးများကို ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ မျိုးသုဉ်း ပျောက်ကွယ်နိုင်သည့် အပင်မျိုးစိတ်များနှင့် တောရိုင်းတိရစ္ဆာန်များအား ကာကွယ်နိုင်ခြင်း၊ နေထိုင်ကျက်စားလျက်ရှိသော ဝက်ဝံ၊ မျောက်၊ ဆတ်၊ ပြောင်၊ ချေ၊ တောဝက် စသည့်တောရိုင်းတိရစ္ဆာန်များ၏ နေရင်း ဒေသများ တိုးပွားလာနိုင်ခြင်း၊ ဥရုမြစ်အတွင်း စီးဝင်သော နန်ယုတ် ချောင်း၏ ရေဝေရေလဲဧရိယာအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်းနှင့် သစ်တောသယံဇာတများကို စနစ်တကျစီမံအုပ်ချုပ်နိုင်မည်ဖြစ်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန