
ရန်ကုန် ဩဂုတ် ၃၁
၂၀၂၄ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲအတွက် လေ့ကျင့် ပြင်ဆင်နေသည့် မြန်မာ ယူ-၂၃ အသင်းသည် မြန်မာ နေရှင်နယ်လိဂ်ကလပ် ရှမ်းယူနိုက်တက်အသင်းနှင့် သြဂုတ် ၃၁ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ခြေစမ်းကစားရာ ဂိုးမရှိသရေကျခဲ့သည်။
အာရှဖလား ခြေစစ်ပွဲမတိုင်မီ အပြီးသတ် လူရွေးချယ်ရန် ကစားသည့်ခြေစမ်းပွဲတွင် မြန်မာ ယူ-၂၃ အသင်းသည် သရေရလဒ် ရရှိခဲ့သည်။ မြန်မာ ယူ-၂၃ အသင်းသည် ယခုပွဲတွင် လူစုံအသုံးပြုခဲ့သလို ခြေစစ်ပွဲအတွက် နည်းဗျူဟာနှင့် ကစားကွက်လည်း ကြိုတင်ပြင်ဆင်ကစားခဲ့သည်။ မြန်မာ ယူ-၂၃ အသင်းသည် စက်တင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ တောင်ကိုရီးယားနိုင်ငံ၌ကျင်းပမည့် အာရှဖလား ယူ-၂၃ ခြေစစ်ပွဲအတွက် ပြင်ဆင်နေခြင်းဖြစ်ပြီး ယခု ရက်ပိုင်းအတွင်း အပြီးသတ်လူရွေးချယ်မည် ဖြစ် သည်။ ရှမ်းယူနိုက်တက်အသင်းမှာလည်း ပြည်တွင်း လိဂ်ပြိုင်ပွဲအပြင် စက်တင်ဘာလအတွင်း စတင် ယှဉ်ပြိုင်ရမည့် AFC Cup ပြိုင်ပွဲအတွက် ပြင်ဆင်နေ ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းတွင်မူ မြန်မာ့လက်ရွေးစင်အသင်းနှင့် မြန်မာ ယူ-၂၃ အသင်းသို့ ပေးထားရသည့် ကစားသမားများမှလွဲ၍ ကျန်ကစားသမားများဖြင့် ယှဉ်ပြိုင်ခဲ့ပြီး နိုင်ငံခြား သားကစားသမားများလည်း ပါဝင်ကစားခဲ့သည်။
နှစ်သင်းစလုံး ဂိုးရနိုင်သည့်အခွင့်အရေးများ ရရှိ သော်လည်း အဆုံးသတ်မသေချာသဖြင့် ဂိုးမရှိ သရေ ရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MNL