စပါးခွံလောင်စာသုံး Gasifier နည်းပညာဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကျင်းပ

 

နေပြည်တော်  ဩဂုတ်  ၃၁


စပါးခွံလောင်စာသုံး   Gasifier   နည်းပညာဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၃) ကို ယနေ့နံနက်ပိုင်း တွင်  နေပြည်တော်ရှိ  စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀)  အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ် ထွန်း၊ ဒေါက်တာချာလီသန်းနှင့် ဒေါက်တာ မျိုးသိန်း ကျော်၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ဦးရင်မောင်ညွန့် နှင့် ဒေါက်တာ အောင်ဇေယျ၊  ဌာနဆိုင်ရာ အကြီးအကဲ များ၊  ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး  ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဧရာဝတီတိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊  မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်၊ မြန်မာ နိုင်ငံ စက်မှုကုန်ထုတ်လုပ် သူများအသင်းတို့မှ   တာဝန်ရှိသူများက   Virtual စနစ်ဖြင့် တက်ရောက်ကြသည်။


ဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက  နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ စက်မှုဝန်ကြီးဌာနမှ တာဝန်ခံ၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနတို့   ပူးပေါင်းပြီး  Gasifier   ဆိုင်ရာ နည်းပညာများ   ဖွံ့ဖြိုးတိုးတက်ရေးအတွက်    စက်မှု ဝန်ကြီးဌာနအနေဖြင့်  “စပါးခွံလောင်စာသုံး Gasifier နည်းပညာဆိုင်ရာကော်မတီ (Technical Committee)” နှင့် “စပါးခွံလောင်စာသုံး  Gasifier  နည်းပညာဆိုင်ရာ ဆပ်ကော်မတီ” တို့ကို  ဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊  ဓာတုအင်ဂျင်နီယာ   အထူးပြုဘာသာရပ်ပညာရှင် များဖြင့်  ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းချက်အရ မြန်မာနိုင်ငံအင်ဂျင်နီယာကော်စီမှ  Gasifier လုပ်ငန်း အဖွဲ့  (MEngC-Gasifier Working Group-MGWG) ကို ပညာရှင် ၁၅ ဦးဖြင့် ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့်     ထုတ်လုပ်မှုတိုးမြှင့် ရေး၊      လူမှုစီးပွားဘဝ    မြှင့်တင်ရေးလုပ်ငန်းများကို အထောက်အကူပြုမည့်     လုပ်ငန်းစဉ်များဖြစ်၍ အောင်မြင်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဆွေးနွေးရရှိလာသည့်  နည်းပညာများကို Gasifier ထုတ်လုပ်သုံးစွဲသူများအား    ဆက်လက်ဖြန့်ဝေပြီး Biomass မှတစ်ဆင့် လျှပ်စစ်ထုတ်လုပ်သုံးစွဲသည့် လုပ်ငန်းများအပြင်  စီးပွားဖြစ်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးသည့်လုပ်ငန်းများကို  တစ်ပါတည်း ဖွံ့ဖြိုးတိုးတက်အောင်     ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊  တက်ရောက်လာသူများအနေဖြင့် သင်ယူ တတ်မြောက်ခဲ့သည့် ပညာရပ်များ၊ ဗဟုသုတများ၊ အတွေ့အကြုံများကိုအခြေခံ၍  ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက်      လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းက Gasifier နှင့် ပတ်သက်၍  ပထမအကြိမ်ညှိနှိုင်းအစည်းအဝေးကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင်    ကျင်းပခဲ့ပြီး ဆောင်ရွက်ရန်လိုအပ်သည့် အချက် (၃)ချက် ချမှတ်ခဲ့ ကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များမှ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားများကို     ဝန်ကြီးဌာနအနေဖြင့် ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း၊     ပြည်တွင်း၌ ပတ်ဝန်းကျင်ထိခိုက်မှု     အန္တရာယ်ကင်းရှင်းသည့် စပါးခွံလောင်စာသုံး Gasifier များ   အသုံးပြုမှု ပိုမို တိုးတက်ဖွံ့ဖြိုးရေးအတွက်  နည်းပညာပိုင်းဆိုင်ရာ နှင့် လိုအပ်သည်များကို  ကူညီဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ယင်းနောက်   သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် Gasifier အသုံးပြုမှု နည်းပညာနှင့် စပ်လျဉ်း၍ SOP (မူကြမ်း) ရေးဆွဲထားပြီး    ကုန်ကြမ်းအသုံးပြုမှု၊    ဓာတ်ငွေ့ ထုတ်လွှတ်မှု လျော့နည်းသက်သာစေရေးစီမံဆောင် ရွက်မှုနှင့် စွန့်ပစ်ပစ္စည်း  စီမံခန့်ခွဲမှုအစီအစဉ်တို့နှင့် စပ်လျဉ်း၍   သက်ဆိုင်သည့်   ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍     တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်များက  တိုင်းဒေသကြီးအတွင်း  စပါးခွံ လောင်စာသုံး Gasifier များ သုံးစွဲနေမှု၊  ပတ်ဝန်းကျင်၊ လေထု၊ ရေထု၊ မြေထု ပျက်စီးမှုမရှိစေရေး  အဖွဲ့များ ဖွဲ့စည်း၍    စစ်ဆေးကြပ်မတ်နေမှု၊   သုံးစွဲသူများ တိုးတက်မြင့်မားရေးအတွက် ကူညီပံ့ပိုးပေးနေမှုများ ကို ရှင်းလင်းတင်ပြသည်။


ထို့နောက်     သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီးက Gasifier  နည်းပညာဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး   လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အား       ထုတ်လုပ်ရေးလုပ်ငန်းနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့က Gasifier နည်းပညာဆိုင်ရာများ၊    စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန     ညွှန်ကြားရေးမှူးချုပ်က Gasifier ဆိုင်ရာဆောင်ရွက်ချက်များ၊ စက်မှုပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်က စပါးခွံလောင်စာသုံး  နည်းပညာဆိုင်ရာဆပ်ကော်မတီ ဖွဲ့စည်းမှုနှင့်   ဆောင်ရွက်ချက်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ Gasifier Working Group မှ    Gasifier   ဆိုင်ရာ   ဆောင်ရွက်ချက်များနှင့် ရန်ကုန်နည်းပညာတက္ကသိုလ်    ပါမောက္ခချုပ်က သုတေသနလုပ်ငန်းများ   တိုးမြှင့်ဆောင်ရွက်ရန်နှင့် ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို   ဆွေးနွေး တင်ပြသည်။ 


ထို့နောက် တက်ရောက်လာသူများက နိုင်ငံ့စီးပွား မြှင့်တင်နိုင်ရေးအတွက်    ကုန်ထုတ်လုပ်မှုလုပ်ငန်း များဆောင်ရွက်ရာတွင်   လိုအပ်သော    လျှပ်စစ် ဓာတ်အားရရှိရန်     ပတ်ဝန်းကျင်ထိခိုက်မှုမရှိသည့် Gasifier များ တပ်ဆင်အသုံးပြုလျှင် လိုက်နာရမည့် အချက်များ၊ နည်းပညာလိုအပ်ချက်များကို  ပံ့ပိုးပေးနိုင်မည့်ကိစ္စရပ်များ၊ ပြည်သူများကျန်းမာရေး ထိခိုက် မှုမရှိစေရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးကြပြီး   စက်မှုဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။


သတင်းစဉ်