နိဗ္ဗာန်ရည်စူး ကြည်နူးဖူးမြော် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်

Type
1

 

ခင်ရတနာ

၁၂-၈-၂၀၂၃ ရက်နေ့ (စနေနေ့)ဒုတိယဝါဆိုလပြည့် ကျော်  ၁၁  ရက်။  နေမပူ၊  မိုးမရွာ၊  နံနက်ခင်း  လေပြည်လေညင်းနှင့်   ခြေခင်းလက်ခင်းကလည်း   သာလှသည်။ မိုးပြာရောင် ကောင်းကင်နောက်ခံတွင် တင့်တယ်စွာ  စံပယ်နေတော်မူသည့် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွား ဆင်းတုတော်မြတ်ကြီးအား      ဖူးမြော် ကြည်ညိုရန် ရပ်ဝေးရပ်နီး    ခရီးအသွယ်သွယ်တို့မှ   ရောက်ရှိလာကြသည့် ရဟန်းရှင်လူ ပြည်သူများက ရင်ပြင်တော်ပြည့်လုနီးမျှ အုန်းအုန်းကျွက်ကျွက် စည်ကားလျက်ရှိသည်။    ကြည်နူးချမ်းမြေ့ခြင်း၊ အေးချမ်းသာယာခြင်း၊    ဝမ်းမြောက်ပျော်ရွှင်ခြင်း တို့က  လူတိုင်းကိုယ်စီ၏  အဇ္ဈတ္တ၊  ဗဟိဒ္ဓသန္တာန်တို့ တွင် ထင်ဟပ်လျက်၊ ကုသိုလ်တရားနှင့် စိတ်ကောင်း စိတ်မြတ်တို့က   ဝန်းကျင်တစ်ခုလုံးကို   ဖုံးလွှမ်း နေသည်ဟု မှတ်ယူခံစားမိသည်။


ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအနက် မြန်မာမှာသာမက ကမ္ဘာတွင်ပါ ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့်      “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားဆင်းတုတော်မြတ်ကြီး စံပယ်တော်မူရာ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံနယ်မြေသို့ စတင်ဝင်ရောက်လာ ချိန်မှစကာ မြင်သမျှ၊ တွေ့သမျှ ရှုခင်းမြင်ကွင်းတို့က လောကတံထွာဓမ္မတာတည်းဟူသော ဘဝအမော တို့ကို ပြေပျောက်စေကာ အအေးဓာတ်၊ အငြိမ်းဓာတ် တို့ကို ရရှိခံစားစေသည်။ ထို့ပြင် မြန်မာမှုအနုပညာ၊ ခေတ်မီနည်းပညာများနှင့်      ထုထည်အင်အား ကြီးမားလှစွာသော   လုံ့လ၊   ဝီရိယ၊   ဉာဏ်ပညာ၊ သဒ္ဓါတရားတို့ပေါင်းစပ်ကာ   သမိုင်းတွင်အောင် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည့် ရုပ်ပွားဆင်းတု တော်မြတ်ကြီး၏ ကြီးမားခံ့ညားထည်ဝါမှုကလည်း ဖူးမြော်ကြည်ညို၍မဝ၊ အံ့ဩ၍ မကုန်နိုင်ဖွယ်ပင် ဖြစ်သည်။


ဘူမိဖဿမုဒြာ


ဗုဒ္ဓဆင်းတုတော်များ   ထုလုပ်ပူဇော်ကြရာ၌ မုဒြာဟန်အမျိုးမျိုးရှိသည့်အနက်မှ    မာရဝိဇယ ဆင်းတုတော်ကြီးအား   ဘူမိဖဿမုဒြာဟန်ဖြင့် စကျင်ကျောက်သားဖြင့် ထွင်းထုပူဇော်ထားခြင်းဖြစ် သည်။ ဗုဒ္ဓဘုရားရှင်ဘုရားအဖြစ်သို့ ရောက်ရှိတော် မူပြီး  ဗောဓိပင်ရင်း  အပရာဇိတပလ္လင်ထက်ဝယ် သီတင်းသုံးစံပယ်တော်မူစဉ်     မာရ်နတ်မင်းသည် ဘုရားရှင်အား  သုံးလောက၏  ညွတ်ရုံးဦးခိုက်မည့် အဖြစ်ကို   မလိုလားသည့်အတွက်  မာရ်စစ်သည် အပေါင်းတို့နှင့်အတူ         လက်နက်အမျိုးမျိုး စွဲကိုင်ကာ    လာရောက်တိုက်ခိုက်ခဲ့ရာ    မြတ်စွာ ဘုရားရှင်က မဟာပထဝီမြေကြီးကို   သက်သေညွှန်း ခြင်းဖြင့်                 မာရ်စစ်သည်အပေါင်းအား အောင်နိုင်တော်မူခဲ့သည့်ဟန်ကို         ဖော်ညွှန်း ထားခြင်းဖြစ်သည်။


ထို့ကြောင့်   “မာရဝိဇယ”   ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဖူးတွေ့ရသည်မှာ ဘူမိဖဿမုဒြာဟန် ၏  ဂုဏ်အင်များဖြစ်သည့်  ပုဗ္ဗေစ ကတပုညတာ မင်္ဂလာ    (ရှေးမဆွကပင်   တင်ကြိုပြုခဲ့ဖူးသည့် ကောင်းမှုနှင့် ပြည့်စုံခြင်း)၊ အတ္တသမာပဏိဓိမင်္ဂလာ (တစ်နေ့ထက်တစ်နေ့ ကောင်းမှုများ ဖြည့်ဆည်း ခြင်း)၊ ခန္တီစ (သည်းခံခြင်း)၊ ဖုဋ္ဌဿလောကဓမ္မေဟိ စိတ္တံယဿန ကမ္ပတိ (လောကဓံတရားရှစ်ပါးတို့အား မတုန်မလှုပ်သောစိတ်ဖြင့် ခိုင်ခိုင်မတ်မတ် ရင်ဆိုင် ခြင်း) စသည့်မင်္ဂလာတရားတော်တို့ကို လည်းကောင်း၊ ဘုရားရှင်၏ သစ္စာပါရမီ၊ အဓိဋ္ဌာနပါရမီ၊ ဥပေက္ခာ ပါရမီတို့ကိုလည်းကောင်း  နက်ရှိုင်းစွာ  ကြည်ညို သဒ္ဓါစိတ်ဖြင့် ရှုမြင်နိုင်မည်ဖြစ်ပါသည်။


စိတ်နှလုံးကြည်နူးရသည့်နေ့


 “မာရဝိဇယ   ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” ဟု ရွှေစာလုံးဖြင့်  ပုံဖော်ရေးသားထားသော  ခမ်းနား ထည်ဝါသည့် မုခ်ဦးကြီးက ဘုရားဖူးတို့၏ စိတ်နှလုံး ကို   ဆွဲဆောင်ညှို့ငင်ထားသည်။   ကမ္ဘာပေါ်တွင် ဉာဏ်တော်အမြင့်ဆုံး စကျင်ကျောက် ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား   မျက်ဝါးထင်ထင် ဖူးမြော်ခွင့်ရရှိတော့မည်ဟု အတွေးစိတ်ကူးများဖြင့် ဘုရားဖူးများ၏   မျက်နှာပေါ်ဝယ် ချမ်းမြသည့် အပြုံးကိုယ်စီဖြင့်ရှိနေသည်။   စစ်ဆေးရေးဂိတ်၌ အမည်စာရင်းပေးခြင်း၊   ဝင်ခွင့်ကတ်ပြားလဲလှယ် ခြင်းနှင့် လုံခြုံရေးအတွက် စနစ်တကျ စစ်ဆေးခြင်း များ ပြုလုပ်ကြရပြီး ခရီးသွားများက ဝင်ခွင့်ရရှိရန် အပြုံးချိုချိုဖြင့်  ဝန်ဆောင်မှုပေးနေသည့်  လုံခြုံရေး ဝန်ထမ်းများကို  ဖြတ်ကျော်ကာ  ဗုဒ္ဓဥယျာဉ်တော် အတွင်း မကြာမီရောက်ရှိခဲ့သည်။


မုခ်ဦးအဝင် လမ်းနံဘေးတွင် သစ်ပင်ပန်းမန် များဖြင့်     အလှဆင်စိုက်ပျိုးထားပြီး   ဘုရားဖူး အမျိုးသမီးအချို့   စုပေါင်းဓာတ်ပုံရိုက်၊    အနားယူ အပန်းဖြေလျက်ရှိသည်ကို  တွေ့ရသည်။  “သံဃာ တော်တွေနဲ့  သီလရှင်တွေ၊  သက်ကြီးဘိုးဘွားတွေ၊ နာမကျန်းသူတွေ    စီးနင်းနိုင်ပါတယ်ခင်ဗျာ”   ဟု မော်တော်ယာဉ်ငယ်(ဘက်ဂီ)  မောင်းနှင်သူ လူငယ် လေးက   ဖိတ်ခေါ်သည်ကို   တွေ့ရသည်။   ဘက်ဂီ ယာဉ်လေးများကား ဘုရားကြီးရှိရာနှင့် မုခ်ဦးဝသို့ လူးလားခတ်မျှ    မောင်းနှင်ပို့ဆောင်ပေးနေသလို မော်တော်ကားပေါ်မှ သက်ကြီးအဘိုးအဘွားများက လမ်းလျှောက်အဖွဲ့များကို     လက်ပြနှုတ်ဆက် ကြသည်။


ဗုဒ္ဓဥယျာဉ်တော် ဝတ္ထုကံအတွင်းသို့ မုခ်ဦးအဝ မှ လှမ်းမျှော်ကြည့်ပါက လက်ဝဲဘက်ခြမ်းကုန်းတော် ပေါ်၌ မိုးတိမ်သားတို့နောက်ခံထားကာ တိမ်ဖြူများ နှင့်   တစ်သားတည်းဖြစ်သယောင်  “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြင်ရသည်။ မုခ်ဦး အဝင်    လမ်းလက်ယာဘက်ခြမ်း   ဘုရားကြီး၏ မျက်နှာချင်းဆိုင်တွင်တော့   မြတ်ဗုဒ္ဓဟောကြား တော်မူခဲ့သည့် ပိဋကတ်သုံးပုံကို  ပါဠိ၊  Romanize ဘာသာတို့ဖြင့် ရေးထိုးထားသည့်  ကျောက်စာချပ် များရှိရာ ကျောက်စာရုံစေတီများ၊  လက်ဝဲခြမ်းတွင်    မဟာဗုဒ္ဓဝင်   ကျမ်းဂန်များနှင့်အညီ    တည်ထား ကိုးကွယ်သည့် မုစလိန္ဒကန်တော်နှင့် နဂါးရုံဘုရား တို့အား ကြည်ညိုဖွယ် စတင်ဖူးမြင်ရသည်။


ထိုမှသည် ဘုရားဖူးခရီးသည်များ ခေတ္တနားနေ တည်းခိုနိုင်ရန်အတွက် မြန်မာမှုအနုသုခုမ လက်ရာ အပြည့်အစုံတို့ဖြင့် ခြယ်မှုန်းအပ်သည့် သုဓမ္မာဇရပ် များသို့ ရောက်ရှိခဲ့သည်။ ဇရပ်များပေါ်၌  များပြား လှသည့်  ဘုရားဖူးများက  အစုလိုက်၊ အဖွဲ့လိုက် ဘုရားဖူးအတွေ့အကြုံများ      ပြောဆိုနေကြပြီး အချို့မှာ စတုဒိသာကျွေးမွေးသည့် သက်သတ်လွတ် ဒံပေါက်ထမင်းဟင်းလျာများကို        တပျော်တပါး သုံးဆောင်နေကြသည်။ အေးမြသော လေအဝေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီး၏     သဒ္ဓါဓိပတိ ခေါင်းလောင်းတော်ကြီး၏ သာယာသည့် မြည်သံကို ကြားရသည်။


ရုပ်ပွားတော်မြတ်ကြီး၏   ရင်ပြင်တော်ပေါ်သို့ တက်ရောက်ရန်အတွက် စက်လှေကားထည့်သွင်း တည်ဆောက်ထားပြီး  ရင်ပြင်တော်ပေါ်သို့  ခြေချ မိသည်နှင့်   တစ်ပြိုင်နက်   စကျင်ကျောက်သား ရင်ပြင်၏ အေးမြသောအရသာကို စတင်ထိတွေ့ ခံစားမိသည်။ ထို့နောက် တပ်မတော်သားများနှင့် မြန်မာဗိသုကာအင်ဂျင်နီယာများ၏ ရှေးမူမပျက် ရတနာပုံခေတ်လက်ရာနှင့် ခေတ်မီနည်းပညာတို့ စနစ်တကျပေါင်းစပ်   တည်ထားပူဇော်ထားသည့် ကမ္ဘာပေါ်ရှိ          စကျင်ကျောက်ဆင်းတုတော်များ အနက်  ဉာဏ်တော်အမြင့်ဆုံးသော  “မာရဝိဇယ”ရုပ်ပွားတော်မြတ်ကြီးအား     အနီးကပ်ဖူးမြင်ခွင့် ရခဲ့ပါပြီ။


မျက်လွှာချဟန် အေးချမ်းလွန်းသည့် မျက်နှာ တော်အနေအထား၊ ဘူမိဖဿဟန် ဖြူလွှတောက်ပ လွန်းလှသည့် စကျင်ကျောက်သားရုပ်ပွားတော် ကြီးအား ကြည်ညိုသဒ္ဓါအပြည့်ဖြင့် ဘုရားဂုဏ်တော် များ   ပွားများနေကြသည့်  ဗုဒ္ဓဘာသာဝင်များနှင့် ဝိပဿနာအားထုတ်၍ အေးချမ်းမှုရှာဖွေနေကြသူ များကို  အောင်မြေအပါအဝင်   ရင်ပြင်တော်ပေါ်ရှိ နေရာအသီးသီးတွင် မြင်တွေ့ရသည်။ ဆင်းတုတော် ကြီး၏     လက်ယာဘက်တွင်        တံခွန်တိုင်နှင့်
လက်ဝဲဘက်တွင် သဒ္ဓါဓိပတိခေါင်းလောင်းတော်ကြီး ရှိသည်။ ရင်ပြင်တော်ပတ်လည်တွင် ပဋ္ဌာန်းမြတ် ဒေသနာကို ရည်စူးတည်ထားသည့်  ဂန္ဓကုဋိတိုက် များကိုလည်း   အနုလက်ရာအမျိုးမျိုးဖြင့်   ပုံဖော် တည်ဆောက်ထားပြီး အတွင်း၌ သရုပ်ဖော်ဗုဒ္ဓဝင် ပန်းချီများအား   ဘုရားဖူးများက   စိတ်ဝင်တစား ကြည့်ရှုလေ့လာခွင့်ရရှိကြသည်။


ဘုရားရင်ပြင်တော်ပေါ်မှ လှမ်းမျှော်ကြည့်ရှုပါက ကျောက်စာရုံစေတီများ၊    မြန်မာမှုအနုလက်ရာ၊ ခေတ်မီဗိသုကာလက်ရာတို့ဖြင့် မြန်မာ့ယဉ်ကျေးမှု ကို       အထွတ်တင်ပေါင်းစပ်ဖော်ညွှန်းထားပြီး သာသနာတော်အခမ်းအနားများ    ကျင်းပနိုင်ရန် သံဃာအပါး   ၉၀၀   နှင့်  လူပရိသတ်  ၁၂၀၀  ဆံ့ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ဗုဒ္ဓဥယျာဉ် တော်ကြီးအတွင်းရှိ ရေပန်းရင်ပြင်များ၊ ရေပန်းဝိုင်း များ၊  ရတနာပုံခေတ်လက်ရာအတိုင်း တည်ဆောက် ထားသည့် သုဓမ္မာဇရပ် ခြောက်ဆောင်၊ မော်ကွန်း တိုက်၊    ရတနာပုံနန်းမြို့အဝင်   မင်္ဂလာတံတား၊ အဝင်မုခ်ဦးနှစ်ခုစသည့်   အခြံအရံကုသိုလ်တော် များကို   မြင်တွေ့ရပြီးနောက်  လာရောက်ဖူးမြော် ကြသည့်   ဧည့်ပရိသတ်အပေါင်းတို့က  အလှူရှင် အပေါင်းတို့အား သာဓုအကြိမ်ကြိမ် ခေါ်ဆိုကြသံကို လည်း   ဘုရားဖူးခရီးစဉ်အတွင်း   စဉ်ဆက်မပြတ် ကြားခဲ့ရသည်။


ဘုရားကြီးရင်ပြင်တော်ပေါ်မှအဆင်း သာသနာ့ ဗိမာန်တော်ကြီးသို့ သွားရာလမ်းခုလတ်၌ အလှူခံ ဌာနထားရှိပြီး အလှူရှင်များက တိုးမပေါက်အောင် လှူဒါန်းကြသည့်   မြင်ကွင်းမှာ  ကျက်သရေရှိလှ ပါသည်။   သာသနာ့ဗိမာန်တော်ကြီး၌   အဓိဋ္ဌာန် ပုတီးစိပ်သူ၊    တရားထိုင်သူများနှင့်    လေ့လာသူ များဖြင့် မပြတ်စည်ကားလျက်ရှိကာ ထိုမှတစ်ဖန် မြတ်ဗုဒ္ဓ၏     ပိဋကတ်သုံးပုံတော်လာ    အဋ္ဌကထာ ဋီကာကျမ်းစာများအား    စကျင်ကျောက်ချပ်များ ပေါ်တွင် ပါဠိအက္ခရာ၊ Romanize ဘာသာတို့ဖြင့် မမှားမယွင်းအောင် ပညာရှင်တို့ အထပ်ထပ်စိစစ်၍ ရေးထိုးထားသည့်    ကျောက်စာရုံတို့တွင်လည်း အမှတ်တရဓာတ်ပုံ ရိုက်ကူးသူ၊ လေ့လာသူများပြား လှသည်။ စစ်ဘက်နှင့် အရပ်ဘက် အင်ဂျင်နီယာ များနှင့် မြန်မာမှုဗိသုကာပညာရှင်များ၏  လက်ရာ များကို နောင်လာနောက်သားတို့   တစ်လက်စတည်း လေ့လာနိုင်မည့်    ပညာ့ဘဏ်တိုက်၊   သာသနာ ဘဏ်တိုက်ကြီးဟု ရှုမြင်မိပါသည်။


မာရဝိဇယဘုရားကြီးအား ဖူးမြော်ရင်းက ကမ္ဘာ ကျော်   ဗုဒ္ဓဆင်းတုတော်ကြီးများ  အကြောင်းကို စေ့ငုကြည့်မိသည်။ တရုတ်နိုင်ငံ လင်ရှန်းပြည်နယ်ရှိ Grand Buddha ၊ အိန္ဒိယနိုင်ငံ ဟိုက်ဒရာဘတ် မြို့တော်ရှိ မတ်ရပ်စကျင်ဆင်းတုတော်ဘုရားကြီး၊ ထိုင်းနိုင်ငံ ဖူးခက်မြို့ရှိ Big Buddha ၊ ဂျပန်နိုင်ငံရှိ ကမာကူရ ကြေးဆင်းတုတော်ကြီး၊ ဟောင်ကောင်ရှိ Tian Tan Buddha စသည့် ထင်ရှားသည့် မြတ်စွာ ဘုရားဆင်းတုတော်များကဲ့သို့ပင်    “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည်  ဉာဏ်တော်အမြင့် ၆၃ ပေနှင့် ပလ္လင်အမြင့်  ၁၈  ပေခန့်ရှိပြီး  ကမ္ဘာ့ ဉာဏ်တော်အမြင့်ဆုံး စကျင်ကျောက်ထိုင်တော်မူ ရုပ်ပွားတော်မြတ်ကြီးဖြစ်လာခဲ့ရာ    မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်   သီတင်းသုံးစံပယ်ရာ  မိမိတို့ နိုင်ငံသားတိုင်း၊    ဗုဒ္ဓဘာသာတိုင်းအဖို့   ဂုဏ်ယူ ဝမ်းမြောက်ဖွယ်ရာ ဖြစ်ပါသည်။


နှစ်ပေါင်းရာထောင်ချီတည်တံ့အောင် ထိန်းသိမ်းရမည့်အမွေ


ဘုရားဖူးမြော်ရန်    လာရောက်သူများအား သတ်မှတ်ထားသည့်     စည်းကမ်းချက်အချို့ကို မြင်တွေ့ရသည်။   ခဲတံ၊   marker  pen  များနှင့် Correction Pen များ၊  နှုတ်ခမ်းနီ၊  လက်သည်း ဆိုးဆေး၊    အိမ်သုတ်ဆေး၊   မှုတ်ဆေး  စသည့် စွန်းထင်းစေနိုင်သည့်ပစ္စည်းများ ယူဆောင်ခွင့်မပြု ခြင်းပင်။ ပုဂံခေတ်လက်ရာ နံရံဆေးရေးပန်းချီများ မပျောက်ပျက်ရအောင် မနည်းကြိုးစား ထိန်းသိမ်း နေကြရသည်။   ရွှေတိဂုံဘုရားမှအစပြု၍   မဟာ မြတ်မုနိ၊   ပုဂံရှေးဟောင်းဘုရားပုထိုးများမှသည် မင်းကွန်းခေါင်းလောင်းကြီးပါမကျန်   သာသနိက အဆောက်အအုံများ၌ မရှိသင့်သည့် အမှတ်အသား များ၊ ခြစ်ရာများနှင့် အမည်များကို လက်ရေးအမျိုးမျိုး ဖြင့် မင်အမျိုးမျိုးသုံးကာ အကျည်းတန်စွာ ရေးခြစ် ကြသည်ကို မြင်ခဲ့ရဖူးသည်။ ဘာသာတရားအပေါ်၊   ယဉ်ကျေးမှုအပေါ်  ထိန်းသိမ်းရာမရောက် ဖျက်ဆီး ရာရောက်သည်ကို သတိပြုရန် လိုအပ်ပါသည်။


မာရဝိဇယဗုဒ္ဓရုပ်ပွားတော်ကြီးသည်   နောင် နှစ်ပေါင်း      ရာထောင်ချီ၍     မြန်မာ့မြေပေါ်ဝယ် ဝင့်ထည်စွာတည်ရှိနေမည့်    နိုင်ငံ၏  ကျက်သရေ ဖြစ်သည်။   နှစ်ပေါင်းများစွာ   တည်တံ့နေစေရန် မိုးဒဏ်၊ လေဒဏ်၊ ငလျင်ဒဏ်စသည့် ရာသီဥတုဒဏ် ကို ခံနိုင်ရည်ရှိရန်  အလှူရှင်များ၊  အစိုးရတာဝန် ရှိသူများနှင့်   ကျွမ်းကျင်သူများက   အချိန်ကုန်၊ ငွေကုန်ခံကာ ရှုထောင့်ပေါင်းစုံမှ စဉ်းစားသုံးသပ် တွက်ချက်၍ တည်ထားသကဲ့သို့ ရေရှည်ထိန်းသိမ်း စောင့်ရှောက်ရန်  အစီအမံများ ချမှတ်နေကြသည်။ ထိုကဲ့သို့   နိုင်ငံတိုင်းတွင်  အထင်ကရနေရာများ၊ အဆောက်အအုံများ၊  ဘာသာရေးအထိမ်းအမှတ် အရာများအား  နှစ်ပေါင်းထောင်ချီတည်တံ့စေရန် ရာသီဥတုနှင့်    သဘာဝဘေးအန္တရာယ်များ၏ အန္တရာယ်ကင်းဝေးစေရန် နေ့နေ့ညည စောင့်ရှောက် နေကြသည်ကို တွေ့ရှိရသည်။


“မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးမှ အစပြု ၍ ပိဋကတ်သုံးပုံကျောက်စာချပ်များ၊ သုဓမ္မာဇရပ် များ၊ ဗိမာန်တော်ကြီးတို့မှသည် ကျောက်သားရင်ပြင် တော်အထိ        တန်ဖိုးထားစောင့်ရှောက်ရမည့် အမွေအနှစ်များပင်ဖြစ်သဖြင့်     နှစ်ပေါင်းများစွာ အဓွန့်ရှည်စေရန်မှာ   ဗုဒ္ဓဘာသာဝင်များအားလုံး၊ မြန်မာနိုင်ငံသားအားလုံး၏         တာဝန်ဖြစ်ပြီး ကိုယ်ပိုင်အသိဖြင့်    ဂုဏ်ယူစွာ   နှစ်ပေါင်းရာထောင်ချီ လက်ဆင့်ကမ်း   ထိန်းသိမ်းစောင့်ရှောက်နိုင်ကြပါ စေဟု ဆုမွန်တောင်းရင်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး    ဘုရားဖူးခရီးစဉ်    မြင်ကွင်းအချို့အား မျှဝေလိုက်ရပါကြောင်း။         ။