ကော့သောင်းမြို့၌ ၇၆ နှစ်အတွင်း စံချိန်တင်မိုး​ရွာသွန်းပြီး နေအိမ်ပြိုကျမှု၊ မြေပြိုမှုနှင့် ရေကြီးရေလျှံမှုများဖြစ်ပွား

 

ကော့သောင်း   ဇူလိုင်   ၂၁


တနင်္သာရီတိုင်းဒေသကြီး     ကော့သောင်း မြို့နယ်၌ နှစ်ပေါင်း ၇၆  နှစ်အတွင်း စံချိန်တင် မိုးရွာသွန်းမှုများပြားခဲ့သောကြောင့် ရပ်ကွက် အချို့နှင့် လမ်းများပေါ်တွင် ရေကြီးရေလျှံမှု များ၊  လူနေအိမ်ပြိုကျခြင်းများ ဖြစ်ပွားခဲ့သည့် အပြင် အချို့နေရာများတွင် မြေပြိုမှုများဖြစ်ပွား ခဲ့ကြောင်း သိရသည်။


ကော့သောင်းမြို့၌  ဇူလိုင်  ၁၈ ရက်က ရွာသွန်းခဲ့သော မိုးရေချိန်မှာ စံချိန်တင်ရွာသွန်း ခဲ့သည့်အပြင်   ပင်လယ်ပြင်အတွင်း၌လည်း လှိုင်းလေပြင်းထန်ခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။


‘‘ကျွန်တော်တို့ ကော့သောင်းမြို့မှာ ဇူလိုင် ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ မိုးက သဲသဲမဲမဲ ရွာခဲ့ပါတယ်။ မြေပြိုတာ၊ အိမ်ပြိုတာ၊ ရေကြီး တာ တွေရှိခဲ့တယ်။ အခုတော့ ရေပြန်ကျသွားပါ ပြီ၊ နောက်ထပ်နှစ်ရက်အတွင်း   မိုးသည်းထန် ဦးမယ်လို့ သိရပါတယ်။  ရေတွေပြန်ကြီးလာ နိုင်တယ်။ မြေပြိုတာ၊ သစ်ပင်လဲတာ၊ အိမ်ပြို တာတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက လိုက်လံကူညီ    ဆောင်ရွက်ပေးနေပါတယ်။ အေးရိပ်ငြိမ်ရပ်ကွက်မှာ အဖြစ်များတာ တွေ့ရ ပါတယ်’’ဟု ကော့သောင်းမြို့မှ​ ဒေသခံတစ်ဦး က ပြောကြားသည်။


မိုးလေဝသဌာန၏    ထုတ်ပြန်ချက်အရ ကော့သောင်းမြို့နယ်၌ ဇူလိုင်  ၁၈ ရက် မိုးရေ ချိန်မှာ စခန်းဖွင့်သည့်နှစ်မှစတင်ပြီး ၇၆ နှစ် အတွင်း စံချိန်တင်ရွာသွန်းခြင်းဖြစ်ကြောင်း၊  မိုးရေချိန်မှာ ၂၅၃ မီလီမီတာ (၉ ဒသမ ၉၆ လက်မ) ဖြစ်ကြောင်း၊  ယခင် မိုးအများဆုံးစံချိန် ဟောင်းမှာ  ၂၀၂၁ ခုနှစ်  ဇူလိုင် ၃၀ ရက်က ရွာသွန်းမှု ဖြစ်ပြီး မိုးရေချိန် ၂၃၂  မီလီမီတာ  (၉ ဒသမ ၁၃ လက်မ) ရှိခဲ့ကြောင်း သိရသည်။


ကော့သောင်းမြို့၌  ၁၉၉၆   ခုနှစ်ကလည်း  မိုးသည်းထန်စွာ    အဆက်မပြတ်ရွာသွန်းမှု ကြောင့် မြန်မာ-ထိုင်းနယ်စပ် ပါချန်မြစ်အတွင်း သို့  စီးဝင်သော  နန်မထိုချောင်း၊ နန်မနွယ် ချောင်း၊  ခမောက်ကြီးချောင်းတို့မှ တောင်ကျ ရေများစီးဆင်းမှုကြောင့်   မြစ်ရေများမြင့်တက် ကာ မြစ်ကမ်းနံဘေးရှိ ကျေးရွာများသို့ ရေများ ဝင်ရောက်ပြီး လူနေအိမ်များရေနစ်မြုပ်ခဲ့သည့် အပြင် လယ်ကွင်းများတွင်လည်း ရေလွှမ်းခြင်း များဖြစ်ပေါ်ခဲ့ဖူးကြောင်း သိရသည်။


တနင်္သာရီတိုင်းဒေသကြီးအတွင်း၌  ယခု ရက်ပိုင်းတွင် မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းနေသည့်အပြင်  လေပြင်းများလည်းတိုက်ခတ်မှုကြောင့် ငါးဖမ်းလှေများ ပင်လယ် ပြင်အတွင်း လုပ်ကိုင်နိုင်ခြင်းမရှိကြောင်းနှင့် ပင်လယ်ကမ်းခြေတွင်      ရပ်နားထားသည့် လှေငယ်အချို့မှာ လေပြင်းများတိုက်ခတ်သည့် အရှိန်ကြောင့် နစ်မြုပ်မှုများပင်    ဖြစ်ပွားခဲ့ ကြောင်း သိရသည်။                

မြင့်ဦး(မြိတ်)