ကရင်ပြည်နယ်ဝန်ကြီးချုပ် ဩဇာမင်းသဘာဝမြေဩဇာစက်ရုံအတွင်း သဘာဝမြေဩဇာထုတ်လုပ်ပုံအဆင့်ဆင့်ကြည့်ရှု

 

ဘားအံ    ဇူလိုင်   ၁၉
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဇူလိုင် ၁၈ ရက်က ဘားအံမွေးမြူရေးဇုန် ရှင်းလင်းဆောင်၌ ဒေသတွင်း မွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး တောင်သူများနှင့် တွေ့ဆုံ၍ မွေးမြူရေးထုတ်ကုန်ဆိုင်ရာများ ဆွေးနွေးသည်။
 

ထိုသို့တွေ့ဆုံရာတွင်   ပြည်နယ်ဝန်ကြီးချုပ်က ကုန်ထုတ်လုပ်မှုမြှင့်တင်ရေး       ဆောင်ရွက်ရာတွင် ဒေသတွင်းစားသုံးမှုကို   ဖူလုံအောင်ဆောင်ရွက်၍ ပိုလျှံသည်များကို   ပြည်ပသို့   တင်ပို့ရောင်းချပြီး သွင်းကုန်အစားထိုးထုတ်ကုန်များ ထုတ်လုပ်နိုင်သည် အထိ ဆောင်ရွက်ရန်လိုကြောင်း၊ စားရေရိက္ခာဖူလုံရန် ဆန်၊ ဆီ၊ ပဲ၊ အသား၊ ငါးတို့မှာ  အဓိကလိုအပ်ပြီး ဒေသတွင်း၌ အချို့မှာဖူလုံ၍ အချို့မှာဖူလုံမှုမရှိသေးကြောင်း၊ မွေးမြူရေးထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ် ရန်လိုပြီး ပြည်နယ်အတွင်း မွေးမြူရေးဇုန်   ခုနစ်ခု ရှိသော်လည်း မလုံလောက်သေးသည့်အတွက် ဝက်၊ ဆိတ် သီးသန့်မွေးမြူရေးဇုန်ဧက  ၁၀၀ ကို   ထပ်မံ ဖော်ထုတ်ပေးမည်ဖြစ်ရာ  ထပ်မံတိုးချဲ့မွေးမြူလိုသူများအား လိုအပ်ပါက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ  ချေးငွေများ  ထုတ်ချေးပေးမည်ဖြစ်ကြောင်း၊  ဘားအံမွေးမြူရေးဇုန်၌   တစ်ယူနစ်ကောင်ရေ တိုးချဲ့ မွေးမြူစေလိုပြီး အသားထုတ်လုပ်မှု တိုးမြှင့်ထုတ်လုပ် နိုင်ရေးအတွက်    အထွက်နှုန်း တိုးအောင်ဆောင်ရွက် ပြီး စွမ်းအားပြည့် မွေးမြူထုတ်လုပ်ကြရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်   ဝန်ကြီး များသည် တောင်သူ  ဦးအောင်ကျော်သူ၏ ဆိတ်၊ သိုး အကောင် ၁၆၀  မွေးမြူရေးခြံ၊ တောင်သူ ဦးကျော်မြင့်၏  နွား ၄၂  ကောင် မွေးမြူရေးခြံ၊  တောင်သူ နန်းခင်မိုးလွင် ၏ ဆိတ်  ၅၆  ကောင်  မွေးမြူရေးခြံတို့၌ တိရစ္ဆာန် များမွေးမြူထားရှိမှုနှင့် တိရစ္ဆာန်အစာပင် နေဗီယာ မြက်မျိုးများ   စိုက်ပျိုးထားရှိမှုတို့ကို  ကြည့်ရှုပြီး တာဝန်ရှိသူများအား   လိုအပ်သည်များ မှာကြား သည်။
ဘားအံမွေးမြူရေးဇုန်တွင် ဥစားကြက်  ၁၁ ခြံ ကောင်ရေ ၁၅၆၃၆ ကောင်၊   ဒေသကြက်  ၁၄ ခြံ ကောင်ရေ ၅၅၁၀ ၊ ဆိတ် ၆၅ ခြံ ကောင်ရေ ၂၁၈၉ ကောင်၊ နွား ၁၈ ခြံ   ကောင်ရေ ၃၀၇ ကောင်၊ သိုး တစ်ခြံ ကောင်ရေ ၁၈ ကောင်တို့ကို လည်ပတ်မွေးမြူ လျက်ရှိကာ   စွမ်းအားပြည့်မွေးမြူနိုင်ရေးအတွက် တစ်ယူနစ်ကောင်ရေ       ထပ်မံတိုးချဲ့မွေးမြူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒေသတွင်းဓာတ်မြေဩဇာသုံးစွဲခြင်းကို လျှော့ချ၍ သဘာဝမြေဩဇာများကို တွင်ကျယ်စွာ အစားထိုး ပြောင်းလဲသုံးစွဲလာစေရေး    ဘားအံမွေးမြူရေးဇုန် အတွင်း တည်ဆောက်ထားသော ဩဇာမင်းသဘာဝ မြေဩဇာစက်ရုံသို့ သွားရောက်ပြီး  တိရစ္ဆာန်စွန့်ပစ် ပစ္စည်းများ၊     စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများအား ကုန်ကြမ်းအဖြစ်အသုံးပြု၍     သဘာဝမြေဩဇာ ထုတ်လုပ်ပုံအဆင့်ဆင့်တို့ကို   လှည့်လည်ကြည့်ရှု စစ်ဆေးပြီး    (ယာပုံ)   လိုအပ်သည်များ   မှာကြားခဲ့ ကြောင်းသိရသည်။      စောမျိုးမင်းသိန်း(ပြန်/ဆက်)