
နတ်မောက် ဇူလိုင် ၁၉
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကို ယနေ့နံနက် ၇ နာရီ အချိန်မှ စတင်ဖွင့်လှစ်ပြသခဲ့ရာ အနယ်နယ်အရပ်ရပ်က ပြည်သူများ လာရောက်ကြည့်ရှုသူ များပြားကြောင်း သိရသည်။
နတ်မောက်မြို့၌ (၇၆)နှစ် မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း နေအိမ် ပြတိုက်ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ပုံစံငယ် (ရန်ကုန် မြို့) ဗိုလ်ချုပ်အောင်ဆန်း၏ မှတ်တမ်းဓာတ်ပုံများ၊ ဆောင်းပါး များ၊ အာဇာနည်ကိုးဦး၏ အတ္ထုပ္ပတ္တိနှင့် ဓာတ်ပုံများ၊ ၁၉၁၅ မှ ၁၉၄၇ ခုနှစ်အထိ ဗိုလ်ချုပ် အောင်ဆန်း၏ တက္ကသိုလ် ကျောင်းသားဘဝ၊ နိုင်ငံရေး လောကဘဝ၊ တပ်မတော် ခေါင်းဆောင်ဘဝ၊ မိသားစုဘဝ၊ နိုင်ငံ့ခေါင်းဆောင်ဘဝ စသည့် အကြောင်းအရာများကို ပြသ ထားခဲ့ရာ အနယ်နယ်အရပ်ရပ်ရှိ ပြည်သူများ လာရောက်လေ့လာ ကြည့်ရှုကြသည်။
ပြတိုက်သို့ လာရောက် လေ့လာသူများအား ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန မကွေးဌာနခွဲ တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ညိုညိုသန်းနှင့်ဝန်ထမ်းများ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာနများမှ လူဝင် လူထွက်များကို လုံခြုံရေးအရ ကြီးကြပ် ဆောင်ရွက်ပေးခြင်း၊ လာရောက်ကြည့်ရှုသည့် ဧည်သည် တော်များအား ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန မကွေးတိုင်း ဒေသကြီးမှ ထုတ်ဝေသည့် နတ်မောက်မြို့ ဗိုလ်ချုပ် အောင်ဆန်းနေအိမ် ပြတိုက် လက်ကမ်း စာစောင်များကို ပြည်သူများအား ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
လှဝင်း