
နေပြည်တော် ဇူလိုင် ၁၃
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၃)ကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ကြသည်။
ရှေ့လုပ်ငန်းစဉ်(၅)ရပ်ချမှတ်ဆောင်ရွက်လျက်ရှိ
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ထမ်းဆောင်မှု နှစ်နှစ်ပြည့်ပြီး နောက်ပိုင်းအရေးပေါ်သက်တမ်းကာလ ၆ လ တိုးပြီး သည့်အချိန်တွင် ရှေ့လုပ်ငန်းစဉ် (၅)ရပ် ပြင်ဆင် ချမှတ်ဆောင်ရွက်ခဲ့ပြီး ၎င်းတို့သည် နိုင်ငံ၏အဓိက ဆောင်ရွက်ရမည့်အရေးကြီးလုပ်ငန်းများ ဖြစ်ကြောင်း၊ အဆိုပါရှေ့လုပ်ငန်းစဉ်များကို အစိုးရအဖွဲ့မှအကောင် အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အဆိုပါ ရှေ့လုပ်ငန်းစဉ်တွင် အရေးကြီးဆုံးအချက်မှာ ပြည်သူ တို့၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စု တစ်ဝန်းလုံးတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင် မည်ဟူသည့် အချက်ဖြစ်ကြောင်း၊ ရှေ့လုပ်ငန်းစဉ်များ အနက် နောက်ဆုံးအချက်သည် အရေးပေါ်ကာလ ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီး ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ လွတ်လပ်ပြီး တရားမျှတသောပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဟူသည့် အချက်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် ပထမဆုံးအချက်ကို အလေးထားအကောင်အထည်ဖော် ဆောင်ရွက်သွား ရမည် ဖြစ်ကြောင်း။
ထို့ပြင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ် များကြောင့် အပြစ်မဲ့ပြည်သူ၊ နိုင်ငံ့ဝန်ထမ်းနှင့် သာသနာ့နွယ်ဝင်များစွာ ထိခိုက်သေဆုံးမှုများ ရှိခဲ့ ကြောင်း၊ ထို့ကြောင့် အရေးပေါ်အခြေအနေနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန် လိုအပ်နေသေး သဖြင့် အရေးပေါ်ကာလကို တိုးမြှင့်ဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ ယခုနှစ်အတွင်း ဇူလိုင် ၁၁ ရက်အထိ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးမှု ၄၈၉ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇၈၂ ဦးရှိခဲ့ကြောင်း၊ အကြမ်းဖက်ဖြစ်စဉ်များ လျော့သွားသော်လည်း ဆက်လက်ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးနှင့်ပတ်သက်၍ အပြည့်အဝဆောင်ရွက် နိုင်ရေး အလေးထားဆောင်ရွက်သွားမည်ဆိုသည့် အချက်တွင် အကောင်အထည်ဖော်နိုင်ရန်အတွက် လိုအပ်ချက်များရှိနေသေးသည်ကို တွေ့ရှိရကြောင်း။
အကြမ်းဖက်မှုဖြစ်စဉ်များတွင် အဆိုးဆုံးမှာ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့ ဖြစ်ကြကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပြည်သူ့ လုံခြုံရေးအတွက် ယခုထက် ပိုမိုဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ လုံခြုံရေးတာဝန်ထမ်းဆောင်ချိန် အတွင်း၌လည်း ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ထိခိုက် သေဆုံးမှုအချို့ ဖြစ်ပေါ်ခဲ့ကြောင်း။
မိုခါမုန်တိုင်းတိုက်ခတ်ခဲ့မှု
မေ ၁၄ ရက်တွင် တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ငွေကျပ် ၅၂၂ ဘီလီယံဖိုးခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပျက်စီးဆုံးရှုံးမှုများ ပြန်လည်ပြုပြင်ရန်အတွက် နိုင်ငံတော်အစိုးရနှင့် ပြည်သူများအနေဖြင့် ငွေကြေးများ သုံးစွဲရကြောင်း၊ ထို့ကြောင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးကို လည်း သတိထားဆောင်ရွက်ရန်လိုကြောင်း၊ ကြိုတင် ပြင်ဆင်မှုများဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် လူအသေ အပျောက်အနည်းဆုံးဖြစ်ခဲ့သော်လည်း ဆုံးရှုံးမှုများကြီးမားခဲ့ကြောင်း၊ မိမိတို့အနေဖြင့် သင်ခန်းစာယူရန် လိုကြောင်း၊ ထို့ကြောင့် သဘာဝဘေးအန္တရာယ်များကို ကျော်လွှားနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများကို များစွာဆောင်ရွက်ထားရန်လိုကြောင်း၊ ဥပမာအား ဖြင့် အဆောက်အဦများတည်ဆောက်ရာတွင် မိုးများ သည့်ဒေသများ၊ မုန်တိုင်းကျရောက်နိုင်သည့် ဒေသများ တွင် သဘာဝဘေးဒဏ်ကိုခံနိုင်သော ကြံ့ခိုင်မှုရှိသည့် အဆောက်အဦများကို ဆောက်လုပ်သွားရမည်ဖြစ် ကြောင်း။
နိုင်ငံ့စီးပွားမြှင့်တင်ရေး ကုန်ထုတ်လုပ်မှုများ
တိုးတက်အောင်ဆောင်ရွက်
မိမိတို့အနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်များထမ်းဆောင်ရာတွင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းဆောင်ရွက်ခဲ့ရာ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်တွင် နိုင်ငံ့စီးပွားရေးမှာ ပြန်လည် ဦးမော့လာခဲ့ပြီး ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်တွင် စီးပွား ရေးတိုးတက်မှုမှာ ၃ ဒသမ ၂ ရာခိုင်နှုန်းအထိ တိုးတက် ခဲ့သည်ကို ထုတ်ပြန်သည့်မှတ်တမ်းများအရ သိရှိ နိုင်ကြောင်း၊ ယခင်အနုတ်ပြနေသည့် စီးပွားရေးမှ အပေါင်းဖြစ်သည်အထိ တိုးတက်လာခဲ့ခြင်းဖြစ်ပြီး အထိုက်အလျောက် တိုးတက်လာခြင်းဖြစ်ကြောင်း၊ ထိုအခြေအနေအပေါ်တွင် ကျေနပ်နေ၍မရကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံ့ဝင်ငွေမရှိဘဲ နိုင်ငံတည်ဆောက် ရေးလုပ်ငန်း၊ နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်း၊ နိုင်ငံတည်ငြိမ် အေးချမ်းရေးလုပ်ငန်းများကို ဆောင်ရွက်၍မရကြောင်း၊ စီးပွားရေးကောင်းမွန်ခြင်းမရှိပါက ရာဇဝတ်မှုများ ထူပြောလာမည်ဖြစ်ကြောင်း၊ အကြမ်းဖက်မှုဖြစ်စဉ် များ၌ အချို့ဖြစ်စဉ်များသည် ပြန်ပေးဆွဲ၍ ငွေကြေး တောင်းယူခြင်းများ ဖြစ်သည်ကို စိစစ်ဖော်ထုတ် တွေ့ရှိရကြောင်း၊ အချို့သော အကြမ်းဖက်မှုများတွင် မိသားစုများပါ ပါဝင်နေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားတိုးတက်ရေး အတွက် ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက် ကြရန်လိုကြောင်း။
ပြည်ပသို့ ကုန်ပစ္စည်းများတင်ပို့မှုနှင့်ပတ်သက်၍ ပဲအမျိုးမျိုး၊ ဆန်နှင့် စိုက်ပျိုးရေးထွက်ကုန်များ၊ ရေထွက်ကုန်များနှင့် မွေးမြူရေးထုတ်ကုန်များကို ယခင်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း၊ မိမိတို့အနေ ဖြင့် ကုန်ထုတ်လုပ်မှုများ တိုးတက်အောင်ဆောင်ရွက် နိုင်မည်ဆိုပါက နိုင်ငံ့ဝင်ငွေများ ပိုမိုတိုးတက်ရရှိမည် ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုများ ဆောင်ရွက်ရာတွင် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် လိုအပ်သကဲ့သို့ ပြည်ပသို့တင်ပို့နိုင်သည့် ထုတ်ကုန် များ ထုတ်လုပ်နိုင်ရန်လည်းလိုကြောင်း၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို ယခုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တို့တွင် ကုန်ဈေးနှုန်းများ မြင့်တက်လာခဲ့ ကြောင်း၊ ထုတ်လုပ်မှုနှင့် စားသုံးမှုမမျှတခြင်းနှင့် ကုန်ထုတ်လုပ်မှုစရိတ် ကြီးမြင့်ခြင်းများကြောင့် ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုစရိတ် ကြီးမြင့်ရခြင်းမှာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ကြောင်း၊ သို့သော် ထုတ်လုပ်မှုနှင့် စားသောက်မှုမမျှတခြင်းကို မိမိတို့ အနေဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ကြောင်း၊ ထိုသို့ ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် စက်ရုံအလုပ်ရုံများ ကို အပြည့်အဝလည်ပတ်နိုင်ရန်လိုကြောင်း၊ အစိုးရ စက်ရုံများမှာ အကြောင်းအမျိုးမျိုးကြောင့် လည်ပတ် နိုင်မှုမရှိခြင်းနှင့် ပုဂ္ဂလိက ကုန်ထုတ်လုပ်ငန်းများ အပြည့်အဝမလည်ပတ်နိုင်ခြင်းတို့ကြောင့် ထုတ်ကုန် များ နည်းပါးနေခြင်းဖြစ်ကြောင်း။
အလားတူ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း များကိုလည်း စနစ်တကျဖြင့် အထွက်နှုန်းတိုးတက် အောင်ဆောင်ရွက်နိုင်မှုများ မရှိသည်ကိုတွေ့ရ ကြောင်း၊ မိမိတို့ နိုင်ငံသားများသည် ရောင့်ရဲတင်းတိမ် သည့်စိတ်ရှိကြကြောင်း၊ စိုက်ပျိုးမွေးမြူရေးထွက်ကုန် များနှင့် ထုတ်ကုန်များကိုထုတ်လုပ်ရာတွင် မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုံလောက် ပါသည်ဆို၍ မရကြောင်း၊ အခြားတိုင်းဒေသကြီးများ နှင့် ပြည်နယ်များ၏ လိုအပ်ချက်များနှင့် ပြည်တွင်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်လိုကြောင်း၊ ထိုမှတစ်ဆင့် ပြည်တွင်းထုတ်ကုန်များကို ပြည်ပသို့ တင်ပို့နိုင်ကြောင်း၊ စိုက်ပျိုးရေးပို့ကုန်များနှင့် ထုတ်ကုန် များကို ပြည်ပသို့ပိုမိုတင်ပို့နိုင်ပါက နိုင်ငံခြားငွေများပိုမိုရရှိလာမည်ဖြစ်ပြီး နိုင်ငံ့စီးပွားမြင့်တက်လာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများတိုးတက်စေရေးနှင့် တစ်ဧကအထွက်နှုန်းများ တိုးတက်ပြီး ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး၊ သီးထပ်စွမ်းအားများ မြှင့်တင်ရေး၊ ထုတ်ကုန်များ ပြည့်ဝစွာထုတ်လုပ်နိုင်ရေးအတွက် စွမ်းအားပြည့် လည်ပတ်နိုင်ရေးနည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက် ကြစေလိုကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များက စနစ် တကျစီမံဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း။
မွေးမြူရေးလုပ်ငန်းများ အထွက်နှုန်းကောင်းအောင် ဆောင်ရွက်၍ ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်ရမည်
အလားတူ မွေးမြူရေးနှင့်ပတ်သက်၍လည်း မိမိတို့နိုင်ငံတွင် တိရစ္ဆာန်အစားအစာကုန်ကြမ်းများ အများအပြားထွက်ရှိသည်ဖြစ်သော်လည်း မွေးမြူ ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျ မွေးမြူခြင်းနှင့် တိုးချဲ့မွေးမြူခြင်း မရှိကြသည်ကို တွေ့ရှိ ရကြောင်း၊ တိရစ္ဆာန်အစာအတွက်လိုအပ်သည့် ဖွဲ၊ ဆန်ကွဲ၊ ပဲဖတ်၊ နှမ်းဖတ်၊ ပြောင်း၊ ငါးမှုန့် စသည့် ကုန်ကြမ်းများ ပြည်တွင်း၌ အလုံအလောက်ရှိပြီး အားဖြည့်အစားအစာကိုသာလျှင် ပြည်ပမှတင်သွင်း ရကြောင်း၊ သဘာဝအစားအစာများသည်လည်း အလုံအလောက်ရှိပြီးဖြစ်ပြီး မြက်စိုက်ပျိုးနိုင်သည့်မြေ များလည်း များစွာရှိပြီးဖြစ်ကြောင်း၊ နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသည့် ခေတ်မီစိုက်ပျိုးမွေးမြူရေး နည်းစနစ်များကို လေ့လာ၍ မိမိတို့နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေး လုပ်ဆောင် ကြရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ တီထွင်ကြံဆလုပ်ဆောင်ခြင်းမရှိသောကြောင့် မိမိတို့ နိုင်ငံတွင် ထုတ်လုပ်မှုနှင့် စားသုံးမှုမမျှတဘဲ ကုန်ဈေး နှုန်းများ ကြီးမြင့်နေရခြင်းဖြစ်ကြောင်း၊ စားသုံးမှုနှင့် ထုတ်လုပ်မှုမျှခြေရှိမည်ဆိုပါက ထိုက်သင့်သည့် ဈေးနှုန်းများဖြင့် ရောင်းချနိုင်မည်ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းများကို အားထည့်ဆောင်ရွက်ပြီး အထွက်နှုန်းကောင်းအောင် ဆောင်ရွက်မည်ဆိုပါက ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ အသားငါးဈေးများ ကျဆင်းရေးသည် မိမိတို့အစိုးရ အနေဖြင့် ဦးစားပေးဆောင်ရွက်ရမည့် ကိစ္စတစ်ရပ် ဖြစ်သည်ကို ပြောကြားလိုကြောင်း။
လိုအပ်နိုင်မည့် အသား၊ ငါး၊ ဥ အမျိုးမျိုးနှင့် နို့ထွက်ပစ္စည်းများကို ချိန်ထိုးဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ မိမိတို့နေထိုင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း လုံလောက်သည့်ပမာဏထွက်ရှိ သည်ဆိုရုံဖြင့် ကျေနပ်မနေဘဲ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့်ကြည့်၍ ဆောင်ရွက်ကြရမည်ဖြစ်ပြီး အစိုးရ အဖွဲ့မှ တွက်ချက်ဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူထွက်ရှိလာသည့် ထုတ်ကုန်များကို ပြည်ပ သို့ တင်ပို့ရောင်းချသည်ကို မိမိအနေဖြင့် အားပေးပါ ကြောင်း၊ သို့သော်လည်း ပြည်တွင်းတွင်လိုအပ်သည့် အဓိကစားသုံးနိုင်မှုကိုလည်း မထိခိုက်ရန်လိုကြောင်း၊ သို့ဖြစ်၍ စနစ်တကျဖြင့် တွက်ချက်စီမံဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။
ဥပမာအားဖြင့် ဆီဖူလုံမှုကို ကြည့်မည်ဆိုပါက မိမိတို့နိုင်ငံတွင် ထွက်ရှိသည့် မြေပဲ၊ နေကြာ၊ နှမ်း၊ ပဲပုပ် စသည့်သီးနှံများကို ဆီအဖြစ် ကြိတ်ခွဲထုတ်လုပ် ၍ စားသုံးမည်ဆိုပါက သာမာန်အားဖြင့် ၁၂၆ ရာခိုင် နှုန်း ဆီဖူလုံမှုရှိမည်ဖြစ်ကြောင်း၊ စိုက်ပျိုးဧကများ အလိုက် ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်နိုင်မည်ဆိုပါက ၂၄၉ ဒသမ ၅ ရာခိုင်နှုန်း ဆီဖူလုံမှုရှိမည်ဖြစ်ကြောင်း၊ သို့သော်လည်း မိမိတို့ နိုင်ငံတွင် ဆီဖူလုံမှုမရှိသဖြင့် နှစ်စဉ်ပြည်ပမှတင်သွင်း နေရကြောင်း၊ သုံးသပ်ကြည့်မည်ဆိုပါက ဆီထွက် သီးနှံများ အထွက်နှုန်းမမှန်ခြင်း၊ ပြည်ပသို့တင်ပို့နေ ခြင်း၊ ဒေသန္တရအစားအစာများတွင် ဆီထွက်သီးနှံများ ကို အများအပြားထည့်သွင်းစားသုံးနေခြင်းတို့ကြောင့် ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ နှမ်းနှင့်မြေပဲ ပြည်ပသို့ တင်ပို့ခြင်းဖြင့် ရရှိလာသည့်ငွေကြေးသည် ပြည်ပမှ စားသုံးဆီတင်သွင်းနေရသည့် ဆီတန်ဖိုးကို မကာမိ ဘဲ လေးပုံတစ်ပုံခန့်သာရရှိသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် ပြည်ပသို့တင်ပို့နေသည့် ကုန်စည်များနှင့် ပတ်သက်၍လည်း UMFCCI နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ချိန်ဆ၍ တွက်ချက်ဆောင်ရွက်ကာ ထိန်းသိမ်းကြပ်မတ်ကြ ရန်လိုကြောင်း၊
အဓိကအားဖြင့် ပြည်တွင်းစားသုံးမှုကို မထိခိုက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဆီထွက်သီးနှံ များ အထွက်နှုန်း ပိုမိုတိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း။
စိုက်ပျိုးမြေအသုံးချမှုနှင့် ပတ်သက်၍
ဥပဒေပြဋ္ဌာန်းချက်များအတိုင်းဖြစ်ရန်လို
စိုက်ပျိုးမြေများအသုံးချမှုနှင့် ပတ်သက်၍လည်း လယ်ယာမြေဥပဒေနှင့် ကိုက်ညီမှုမရှိသည်ကို တွေ့ရှိ ရကြောင်း၊ လယ်မြေကို အခြားသီးနှံစိုက်ပျိုးခွင့်ပေးခြင်းကို ဗဟိုအဖွဲ့မှသာ ခွင့်ပြုပေး၍ရပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးမှ ခွင့်ပြုပေး၍မရကြောင်း၊ လယ်ယာ မြေ၌ အခြားသီးနှံစိုက်ပျိုးခွင့် ပြည်နယ်နှင့်တိုင်းဒေသ ကြီးမှ ခွင့်ပြုပေး၍ရကြောင်း၊ သို့သော်လည်း အခြား လုပ်ငန်းပြောင်းခွင့်ကိုမူ ဗဟိုအဖွဲ့မှပင် ဆောင်ရွက်ပေး ၍ရကြောင်း၊ လယ်ယာမြေများကို အသုံးချရာတွင် စိုက်ပျိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်းမပြုဘဲ အဆောက်အဦများဆောက်လုပ်မှုများ ပြုလုပ်လျက် ရှိကြောင်း၊ စိုက်ပျိုးမြေများကို အခြားနည်းများဖြင့် သုံးစွဲလျက်ရှိခြင်းကြောင့် နိုင်ငံ၏စိုက်ပျိုးရေးလုပ်ငန်း များအတွက် ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း၊ ထို့ကြောင့် စိုက်ပျိုးမြေများကို အခြားနည်း များဖြင့် သုံးစွဲနေမှုများကို ဥပဒေနှင့်အညီ စိစစ် ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်သွားရန် လိုကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် လယ်ယာမြေ၏ မူရင်းပိုင်ရှင်သည် နိုင်ငံတော်ပင်ဖြစ် ပြီး ဥပဒေ၏အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဂဃနဏသိရှိ နားလည်ရန်လိုကြောင်း၊ ဥပဒေကို ချိုးဖောက်ပါက ထိုက်သင့်သည့် အရေးယူဆောင်ရွက်ခြင်းကို ခံယူ ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးမြေများတွင် အပြည့်အဝ စိုက်ပျိုးရန်လိုအပ်မည်ဖြစ်ကြောင်း။
ဝန်ကြီးဌာနများအနေဖြင့်လည်း ဝန်ကြီးဌာနပိုင် အဆောက်အဦများ၊ မြေများ နှစ်ရှည်ငှားမည်ဆိုပါက အစိုးရထံ မူအားဖြင့် သဘောတူညီမှုယူရမည်ဖြစ်ပြီး နှစ်ရှည်ကိစ္စဖြစ်ပါက MIC သို့ ခွင့်ပြုချက်တင်ရမည်ဖြစ် ကြောင်း၊ ဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ်ပြီး မှန်မှန်ကန်ကန်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကာလတိုငှားရမ်းခြင်းများကို လုပ်ပိုင်ခွင့်အဖြစ်ပေးထားခြင်းမဟုတ်သော်လည်း လုပ်ဆောင်မည်ဆိုပါက ဆောင်ရွက်၍ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းလုပ်ဆောင် မှုများ ပြောင်းလဲမည်ဆိုပါကလည်း တင်ပြရန် လိုကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများကို ဥပဒေပြဋ္ဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေး ကြပ်မတ် ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက် လာကြသည့် ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော် ဝန်ကြီးချုပ်က တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် ရေငန်ငါး၊ ပုစွန်မွေးမြူရေး လုပ်ငန်းများဆောင်ရွက်နိုင်သဖြင့် မွေးမြူရေးသိပ္ပံ ကျောင်းများ တိုးချဲ့ဖွင့်လှစ်ပြီး ရေငန်ငါးနှင့်ပုစွန်မွေးမြူ ရေးဆိုင်ရာဘာသာရပ်များ ထည့်သွင်းသင်ကြားပို့ချ နိုင်ရေး ဆောင်ရွက်သွားရန်၊ စိုက်ပျိုးရေးထုတ်ကုန် များတွင် အလားလာရှိသည့် လက်ဖက်၊ ကော်ဖီ၊ မက်ကဒေးမီးယား၊ သီဟိုဠ်၊ ထောပတ်၊ ကိုကိုး စသည့် သီးနှံများကို တိုးချဲ့စိုက်ပျိုးကြရန်နှင့် တန်ဖိုးမြှင့် ထုတ်ကုန်များထုတ်လုပ်နိုင်ရေး ပညာရှင်များနှင့် ဆွေးနွေးပွဲများ ဆောင်ရွက်သွားရန်မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင် ပညာရေးနှင့်ပတ်သက်၍ ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်တွင် အခြေခံပညာကျောင်း လေးသောင်း သုံးထောင်ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသား ကျောင်းသူ ရှစ်သန်းကျော် ကျောင်းအပ်နှံခဲ့ပါကြောင်း၊ ယခင်ပညာသင်နှစ် ကျောင်းသား ကျောင်းသူများ ထက် တစ်သန်းကျော် ပိုမိုသည်ကို တွေ့ရပါကြောင်း၊ အဆိုပါကျောင်းသား ကျောင်းသူများအားလုံး ပညာ သင်နှစ်ပြီးဆုံးသည်အထိ အပြည့်အဝကျောင်းတက် နိုင်ရေးနှင့် အဆင့်လိုက်အတန်းကူးပြောင်းမှု ရာခိုင်နှုန်း မြင့်မားရေးအတွက် သက်ဆိုင်ရာအလိုက် ကြိုးပမ်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့်ကိစ္စဖြစ် သဖြင့် ပညာရေးဝန်ကြီးဌာနသာမက အခြားဝန်ကြီး ဌာနများကလည်း ဝိုင်းဝန်းကူညီဆောင်ရွက်သွားရန် လိုအပ်ကြောင်း။
ထို့ပြင် ကျောင်းများနှင့် ဆရာ ဆရာမများ လုံခြုံမှု ရှိစေရေးအတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနက လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးသွားရန် လိုအပ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများ စိတ်ဓာတ်မြင့်မားရေးအတွက် စာသင်ကျောင်းများ ၏ ဥပဓိရုပ်ကောင်းမွန်ရန်နှင့် သင်ထောက်ကူပစ္စည်း များ ပြည့်စုံမှုရှိစေရေးအတွက် ဝန်ကြီးဌာနအလိုက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ယခု အခြေခံပညာကျောင်းများသည် KG+12 အထိ ရှိသဖြင့် ကျောင်းများအဆင့်မြှင့်တင်ရာတွင် သတ်မှတ် ထားသည့် မြေနေရာအကျယ်အဝန်းနှင့် ကျောင်း အင်္ဂါရပ်များ ပြည့်စုံကောင်းမွန်စေရန် ကြိုတင် စီမံဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ကျောင်းသုံးပရိဘောဂများကိုလည်း တစ်နိုင်ငံလုံး အနေဖြင့် တစ်ပြေးညီဖြစ်စေရန် တစ်ဆင့်ချင်းအလိုက် ပြုပြင်ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း။
ဝန်ကြီးဌာနများအလိုက် ငွေလုံးငွေရင်းအသုံး စရိတ်နှင့် သာမန်အသုံးစရိတ်များကို သုံးစွဲရာတွင် အလွဲသုံးစားမှုများမရှိရေးနှင့် မှန်မှန်ကန်ကန်ဖြစ်စေ ရေးအတွက် တာဝန်ရှိသူများက စိစစ်ကြပ်မတ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အသုံးစရိတ်များ ကို သုံးစွဲရာတွင် အမှန်တကယ်သုံးစွဲရမည့်ကိစ္စရပ် များကိုသာ သုံးစွဲကြရန်နှင့် မသုံးစွဲသင့်သည်များကို မသုံးစွဲရေး ကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ် ကြောင်း။
မိုခါမုန်တိုင်းဒဏ်သင့်ဒေသများ ပြည်လည် ထူထောင်ရေးဆောင်ရွက်ရာတွင် အများနှင့်သက်ဆိုင် သည့် ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက် အဦ၊ ရုံးဌာနအဆောက်အဦများကို ဦးစားပေးအနေ ဖြင့် အမြန်ဆုံးပြန်လည်ပြင်ဆင်တည်ဆောက်ရန် နှင့် မုန်တိုင်းဒဏ်သင့်ဒေသများ ပြန်လည်ထူထောင် ရေးနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဝန်ကြီးဌာနအားလုံးက အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါ ကြောင်း။
တိုင်းပြည်ဝင်ငွေရရှိရေးနှင့်ပတ်သက်၍ အခွန်အခ များ ပြည့်ပြည့်ဝဝမှန်မှန်ကန်ကန်ရရှိရေး ဆောင်ရွက် သွားကြရမည်ဖြစ်ပြီး ထွက်ကုန်ပစ္စည်းများ ပေါများစွာ ထုတ်လုပ်နိုင်ရေးကိုလည်း ဝိုင်းဝန်းကြိုးစား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်ပ ဈေးကွက်ခိုင်မာစွာတည်ရှိသည့် ပြောင်း၊ နှမ်း၊ မတ်ပဲ၊ ကုလားပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း စသည့်သီးနှံများကို တိုးချဲ့စိုက်ပျိုးရန် လိုအပ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ စွမ်းအားပြည့်ဆောင်ရွက်ပြီး ထုတ်ကုန် များကို တိုးတက်အောင်ထုတ်လုပ်နိုင်ပါက တိုင်းပြည် ဝင်ငွေပိုမိုရရှိမည်ဖြစ်သည့်အပြင် နိုင်ငံခြားဝင်ငွေ လိုအပ်ချက်ကိုလည်း အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုတိုးတက်အောင် အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်