“ယနေ့လူငယ် နောင်ဝယ်လူကြီး” ဟူသည့်အတိုင်း ယခုလို ငယ်စဉ်ဘဝတွင်ရရှိခဲ့သည့် အချင်းချင်း ချစ်ခင်ရင်းနှီးမှုများကို အခြေတည်ပြီး တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းတာဝန်များကို လက်တွဲညီညီ ဆောင်ရွက်သွားကြရန်လို

 

နေပြည်တော်  မေ   ၁၉


ယနေ့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ လက်ထက်တွင် “ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ် သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရန် ဘက်စုံပညာရေးကဏ္ဍမြှင့်တင်ရေး” ဟူသည့်အချက် ကို လူမှုရေးဦးတည်ချက်တွင် ပြဋ္ဌာန်းထားရှိပြီးဖြစ် ကြောင်း၊ လူငယ်လူရွယ်များ၏ စာရိတ္တမဏ္ဍိုင်မြင့်မား ရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထွန်းကားရေး၊ အသင်း အဖွဲ့စိတ်ဓာတ်များဖြင့် ပူးပေါင်းဆောင်ရွက်လိုစိတ် ရှိစေရေး   အစရှိသည့်    ကဏ္ဍအသီးသီးတိုးတက် အောင်မြင်မှုရရှိအောင်  အစိုးရအနေဖြင့် ဆောင်ရွက် ပေးနေခြင်းသည် တိုင်းပြည်၏လူသားအရင်းအမြစ် များ ရှင်သန် ခိုင်မာအောင်ပင်ဖြစ်ကြောင်း၊ သို့မှသာ မိမိတို့၏အနာဂတ်  နိုင်ငံတော်ကြီးသည်   လူသား အရင်းအမြစ်ကောင်းများ၏ ကြိုးစားအားထုတ်မှုနှင့် အတူ စဉ်ဆက်မပြတ်   ဖွံ့ဖြိုးတိုးတက်မှုရရှိမှာပင် ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ် သည့်   ရေကြောင်းလူငယ်အခြေခံနှင့်   တန်းမြင့် သင်တန်းအမှတ်စဉ်(၁/၂၀၂၃)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် (အငယ် တန်းအဆင့်)(၁/၂၀၂၃)မှ  သင်တန်းသား  သင်တန်းသူ များနှင့်  အုပ်ချုပ်သူနည်းပြများအား   တွေ့ဆုံအမှာ စကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။

 


အဆိုပါအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ၏ဇနီး ဒေါ်ကြူကြူလှ၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊     ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ   တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့်ဇနီးများ၊  ရေကြောင်းလူငယ်၊ လေကြောင်းလူငယ် မောင်မယ် များ၊ အုပ်ချုပ်သူနည်းပြများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။

 


ဂုဏ်ပြုအမှာစကားပြောကြား


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုအမှာ စကားပြောကြားရာတွင် နွေရာသီကျောင်းပိတ်ရက် တာကာလများတွင် မိမိတို့၏ကိုယ်ပိုင်အချိန်များကို အကျိုးမဲ့မဖြစ်စေဘဲ အနာဂတ်ကာလတွင် မိမိ၏ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းစေမည့် ရေကြောင်း နှင့်လေကြောင်း ပညာရပ်ဆိုင်ရာသင်တန်းအသီးသီး ကို တက်ရောက်ခဲ့ကြသည့် မောင်မယ်များကို တွေ့ဆုံ ဂုဏ်ပြုအမှာစကား     ပြောကြားရသည့်အတွက် ဝမ်းသာပီတိဖြစ်ကြောင်းကို   ဦးစွာပြောကြားလို ကြောင်း၊ ကျောင်းသား  ကျောင်းသူ  မျိုးဆက်သစ်လူငယ်မောင်မယ်များကို     ရေကြောင်းပညာနှင့် လေကြောင်းပညာကျွမ်းကျင်သည့်    အနာဂတ် မျိုးဆက်သစ်လူငယ်များ    ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီး   ယခုလိုသင်တန်းများကို     တပ်မတော် အနေဖြင့် ဖွင့်လှစ်ပေးနေခြင်းပင် ဖြစ်ကြောင်း။

 


တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်း 
တာဝန်များကို လက်တွဲညီညီဆောင်ရွက်


ပြည့်အင်အားဟူသည် ပြည်တွင်း၌သာရှိသော ကြောင့်   မောင်တို့မယ်တို့သည်လည်း    အနာဂတ် နိုင်ငံတော်အတွက် အင်အားသစ်များကို ဖြည့်ဆည်း ပေးကြမည့်  တိုင်းပြည်၏   ဖန်တီးရှင်များပင်ဖြစ် ကြောင်း၊   ကျန်းမာသန်စွမ်းဖျတ်လတ်မှုများနှင့် ပြည့်စုံနေသည့် လူငယ်ဘဝတွင် မိမိတို့ဝါသနာပါကြ သည့် ပညာရပ်အသီးသီးကို လေ့လာပြီး နွေရာသီ ကျောင်းပိတ်ရက်ကာလများကို အကျိုးရှိရှိအသုံးချ ခဲ့သည့်အတွက်   မိဘဆွေမျိုးများအနေဖြင့်လည်း ဝမ်းသာဂုဏ်ယူနေကြမည်ဆိုသည်ကို ယုံကြည်မိပါ ကြောင်း၊ သင်တန်းကာလအတွင်း သင်ခန်းစာဘာသာ ရပ်များမှ ဗဟုသုတအတွေ့အကြုံများကို   ရရှိစေခဲ့ သကဲ့သို့ လူငယ်အချင်းချင်း မိတ်ဆွေအပေါင်းအသင်း ဖြစ်ခွင့်များကိုပါ  ရရှိစေခဲ့ပြီး   ချစ်ခင်ရင်းနှီးမှုများ တိုးပွားစေခဲ့မည်ဖြစ်ကြောင်း၊   “ယနေ့   လူငယ် နောင်ဝယ်လူကြီး” ဟူသည့်အတိုင်း ယခုလို ငယ်စဉ် ဘဝတွင်ရရှိခဲ့သည့် အချင်းချင်း ချစ်ခင်ရင်းနှီးမှုများကို အခြေတည်ပြီး တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်း တာဝန်များကို လက်တွဲညီညီ ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

 


ရေကြောင်းနှင့်လေကြောင်း လူငယ်သင်တန်း အသီးသီးကို ရက်သတ္တ လေးပတ်တာ ဖွင့်လှစ်ခဲ့ပြီး သိသင့်သိထိုက်သည့် ရေကြောင်းနှင့်လေကြောင်း ပညာရပ်များအပြင်    အခြေခံစစ်ပညာဖြစ်သည့် စစ်ရေးပြဘာသာရပ်များကိုပါ လေ့ကျင့်သင်ကြား ပေးခဲ့သည်ကို  တွေ့ရှိရကြောင်း၊   အမိန့်နာခံတတ်မှု နှင့် စည်းကမ်းစနစ်တကျရှိမှုများကို ဖော်ပြနေသည့် စစ်ရေးပြဘာသာရပ်သည် မဖြစ်မနေသင်ယူသင့် သည့်   အခြေခံစစ်ပညာဘာသာရပ်တစ်ခုပင်   ဖြစ် ကြောင်း။

 


ရေကြောင်းပညာရပ်တွင်  အခြေခံရေတပ်သား ဘာသာရပ်များ၊    ရေကြောင်းလမ်းညွှန်အခြေခံ သဘောတရားများ၊ အသုံးချရေကြောင်းလမ်းညွှန်နှင့် နက္ခတ္တဗေဒဆိုင်ရာများ၊ အခြေခံရေကူးနှင့် လှေလှော်၊ ရွက်တိုက်ဘာသာရပ်များကိုလည်း မောင်တို့မယ်တို့ အနေဖြင့် လေ့လာသင်ကြားခဲ့ကြပြီးဖြစ်ကြောင်း။

 


လေကြောင်းပညာရပ်တွင်  လေကြောင်းပညာ သမိုင်း၊ လေယာဉ်ပျံသန်းမှု အခြေခံသဘောတရား များ၊ လေယာဉ်တည်ဆောက်မှု အခြေခံသဘောတရား များ၊ လေယာဉ်ပုံစံငယ် တည်ဆောက်မှုအခြေခံများ၊ RC လေယာဉ်/ရဟတ်ယာဉ် မောင်းနှင်ခြင်း စသည့် ဘာသာရပ်များကို   လေ့လာသင်ကြားခဲ့ကြပြီးဖြစ် ကြောင်း။

 


ရေကြောင်းနှင့် လေကြောင်းပညာရပ်များ   
စဉ်ဆက်မပြတ်  လေ့လာဖော်ထုတ်


ပညာရပ်အသီးသီးတွင်   မြေပြင်မှာ  ကြုံတွေ့ရ သည့် အခြားသောပညာရပ်နှင့်မတူညီဘဲ ကျယ်ပြန့် နက်ရှိုင်းမှုများ  ရှိနေကြခြင်းကို   မောင်တို့မယ်တို့ တွေ့ရှိခဲ့ကြရပြီး  ဖြစ်ကြောင်း၊   ခက်ခဲနက်နဲမှုများ ရှိလေလေ ရရှိသည့်အောင်မြင်မှု အသီးအပွင့်များသည် လည်း တန်ဖိုးရှိလေလေဖြစ်ခြင်းကြောင့် မောင်တို့ မယ်တို့အနေဖြင့် သင်တန်းကနေရရှိခဲ့သည့် အတွေ့ အကြုံကောင်းများကို  ဆက်လက်   အသုံးချနိုင်ရန် တိုက်တွန်းမှာကြားလိုကြောင်း၊ ယခုလို သင်တန်း တက်ရောက်ခွင့်ရသည့်အတွက်ကြောင့် တပ်မတော် ၏ နိုင်ငံတော်ကာကွယ်ရေးတာဝန် ဆောင်ရွက်မှုများ ကိုပါ မောင်တို့မယ်တို့ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ကြ ပြီးဖြစ်ကြောင်း၊ နိုင်ငံ၏ ရေပြင်/ ဝေဟင် တန်ဖိုးကို သိနားလည်၍ ပင်လယ်ကမ်းရိုးတန်းပိုင်ဆိုင်သည့် နိုင်ငံများသည် ရေကြောင်းနှင့် လေကြောင်းပညာရပ် များကို   စဉ်ဆက်မပြတ်   ခေတ်နှင့်အညီ     လေ့လာ ဖော်ထုတ် သုတေသနပြုပြီး ကာကွယ်ရေးစွမ်းအား အတွက်သာမက အမျိုးသားအကျိုးစီးပွားအတွက်ပါ  မြှင့်တင်နိုင်အောင် ယှဉ်ပြိုင်ကြိုးစားလျက်ရှိကြောင်း၊ ကာကွယ်ရေးစွမ်းအား တောင့်တင်းခိုင်မာခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်း က   အထောက်အကူပြုလျက်   ရှိနေခြင်းကြောင့် မောင်တို့ မယ်တို့  သင်ယူခဲ့ရသည့်ပညာရပ်အသီးသီး၏ တန်ဖိုးကို သိရှိနားလည်တန်ဖိုးထားကြရန်  လိုအပ် ကြောင်း။

 


ပညာပြည့်ဝနှလုံးလှသည့် လူငယ်များ၏ အားက သာ နိုင်ငံတော်ကို စစ်မှန်သည့် အကျိုးဖြစ်ထွန်းစေ ခြင်းကြောင့် မောင်တို့မယ်တို့သည် ပညာပြည့်ဝနှလုံး လှသည့်လူငယ်များဖြစ်အောင် ကျင့်ကြံကြိုးစားကြရမည်ဖြစ်ကြောင်း၊ ပညာပြည့်ဝနှလုံးရည်လှ သူတိုင်း သည် အရာရာကို အကောင်းအဆိုး   ခွဲခြားနိုင်စွမ်း ရှိခြင်းကြောင့် ပညာ၏ အရေးပါမှုကို သိနားလည်ပြီး မိမိတို့၏  ဘဝလမ်းကြောင်း   မတိမ်းစောင်းအောင် ဂရုပြုနိုင်စွမ်းရှိကြကြောင်း၊ မိမိတို့တစ်ဦးချင်း၏ ဘဝ လမ်းကြောင်း၊ မိမိ မိသားစု၏ အနာဂတ်လမ်းကြောင်း ကို တည့်မတ်ဖြောင့်မတ်အောင် ထိန်းကျောင်းနိုင်မှ သာလျှင် မိမိနိုင်ငံတော် ကိုလည်း မယိမ်းမယိုင်အောင် ကာကွယ်စောင့်ထိန်းနိုင်သူများ  ဖြစ်လာကြမှာဖြစ် ကြောင်း၊ စာအုပ်စာပေများသည် လူသားတို့၏ မိတ်ဆွေ များပင်ဖြစ်ကြောင်း၊ စာအုပ်စာပေများထဲက လူသား တို့အတွက်  မှန်ကန်သည့်   အသိဉာဏ်ရင့်သန်မှုကို ပေးနိုင်စွမ်းရှိ၍ မောင်တို့မယ်တို့အနေဖြင့် စာကောင်း ပေမွန်များကို ရွေးချယ်ဖတ်ရှုတတ်ရန် လိုအပ်ကြောင်း၊ ငယ်စဉ်ဘဝကတည်းက စာကောင်းပေမွန်များ ဖတ်ရှု ခြင်းအားဖြင့် မှန်ကန်သည့်  အသိအမြင်၊  အတွေး အခေါ်နှင့် ဉာဏ်ပညာများ ကိန်းအောင်းနိုင်စေရန် အခြေခံစိတ်ဓာတ်ကောင်းများလည်း ရရှိစေမှာဖြစ် ကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် ယခုတက်ရောက် ခဲ့သည့် သင်တန်းများကရရှိခဲ့သည့် အချိန်ကိုလေးစား ပြီး    အကျိုးရှိရှိအသုံးချခဲ့သည့်   အတွေ့အကြုံ၊ စည်းကမ်းတကျလုပ်ဆောင်တတ်သည့် အတွေ့အကြုံ၊ အချင်းချင်း ဆွေးနွေးတိုင်ပင်၊ လက်တွဲလုပ်ကိုင်တတ် သည့်   အတွေ့အကြုံများနှင့်ပေါင်းစပ်ပြီး   နောင် အနာဂတ်ခရီးလျှောက်လှမ်းသွားမည်ဆိုလျှင် လူ့တန်ဖိုး သည် အများကြီးရှိလာမည်ဖြစ်ကြောင်း။

 


နိုင်ငံတစ်နိုင်ငံတွင် သဘာဝသယံဇာတပစ္စည်း များ မည်မျှပင်ပေါကြွယ်ဝစေကာမူ   ထိထိရောက် ရောက်   ပုံဖော်အသုံးချနိုင်စွမ်းမရှိလျှင်   တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုအရှိန်အဟုန်သည်လည်း နှေးကွေး တတ်ကြကြောင်း၊ မိမိတို့နိုင်ငံသည် ရာသီဥတုသာယာ မျှတမှု၊ ပထဝီအနေအထားအရ အရေးပါသည့်နေရာ တွင် တည်ရှိနေမှု၊ ရာသီဥတု သုံးမျိုးစလုံးနှင့် ကိုက်ညီ စွာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်သည့် ရေခံမြေခံကောင်းများ  ရှိပြီးဖြစ်ကြောင်း၊   ယခုလို အခြေခံကောင်းများကို  အကျိုးရှိစွာအသုံးချနိုင်ရန် လူသားအရင်းအမြစ်များရှိမှသာ တိုင်းပြည်၏စီးပွား သည်လည်း ယခုထက်မက အဆပေါင်းများစွာ တိုးပွား လာမှာပင်ဖြစ်ကြောင်း။

 


နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် 
တစ်ထောင့်တစ်နေရာက ပါဝင်နိုင်ရေး ကြိုးစား


ပထမအရွယ်မှာရှိနေကြသည့် မောင်တို့မယ်တို့ အနေဖြင့် ပညာကို  ကောင်းစွာသင်ကြားကြရမည့် အချိန်အခါတွင် မိမိစိတ်ကို ပျက်စီးလေလွင့်စေမည့် အခြားအရာများနှင့် မပတ်သက်မိအောင် သတိပြု နေထိုင်ကြရန် လိုအပ်ကြောင်း၊ ထို့အပြင် မိမိ၏ ကျန်းမာရေးကို လျစ်လျူရှုနေထိုင်တာမျိုးများ မဖြစ် စေရန်လည်း အရေးကြီးကြောင်း၊ “အာရောဂျံ ပရမံ လာဘံ”  ဆိုသည့်အတိုင်း    ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်ခြင်းကြောင့် အကျိုးမရှိသည့် ကွမ်း၊ ဆေး၊ အရက် စသည့်မူးယစ်ဆေးဝါး အခြေခံ အမူအကျင့်များကို ရှောင်ရှားကြရန်လိုအပ်ကြောင်း၊ လူငယ်များ၏  စာရိတ္တမဏ္ဍိုင်   ပျက်စီးယိုယွင်းမှု ဇာစ်မြစ်ကို ဖော်ထုတ်လိုက်ရင် မူးယစ်ဆေးဝါးသည် အဓိကတရားခံဖြစ်ခြင်းကို   တွေ့ရှိရမှာပင်   ဖြစ် ကြောင်း၊ ကျန်းမာကြံ့ခိုင်မှသာ   မိမိအလိုရှိရာကို စိတ်သွားတိုင်းကိုယ်ပါ    စီမံဆောင်ရွက်နိုင်မှာဖြစ် ကြောင်း၊ ထို့ကြောင့် ကျန်းမာရေးလိုက်စားပြီး ခန္ဓာ ကိုယ်ကြံ့ခိုင်သန်မာအောင်    ကိုယ်လက်လှုပ်ရှား အားကစားများကို ပြုလုပ်ကြရန်လိုအပ်မည်ပင်ဖြစ် ကြောင်း၊ ကြံ့ခိုင်သန်စွမ်းပြီး ထက်မြက်သည့်ကာယ အား၊ ဉာဏအားများနှင့် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများတွင် တစ်ထောင့်တစ်နေရာက ပါဝင်နိုင် ရေး ကြိုးစားကြရန် အလေးအနက်ထား တိုက်တွန်း မှာကြားလိုကြောင်း။

 


မောင်တို့မယ်တို့သည် အမိနိုင်ငံတော်ကြီးထဲတွင် မွေးဖွားသူများဖြစ်သည်နှင့်အညီ အမိနိုင်ငံတော်ကြီး ၏  သမိုင်းကြောင်းအစဉ်အလာများကို   ကောင်းစွာ သိရှိနားလည်ထားကြရန်  လိုအပ်ကြောင်း၊  နိုင်ငံ၏ မြန်မာ့သမိုင်းနှင့် တပ်မတော်၏ သမိုင်းသည် ဒွန်တွဲ လျက်ရှိနေခြင်းကို သိရှိနားလည်ပြီး နိုင်ငံ၏အကျိုး စီးပွားကို မလိုလားသည့် ပြည်တွင်း၊ ပြည်ပအဖျက် သမားများ၏  အဆိုးမြင်အယူအဆများကို  မောင်တို့ မယ်တို့အနေဖြင့်     တွန်းလှန်ဖယ်ရှားနိုင်ကြရန် စဉ်ဆက်မပြတ် လေ့လာဆည်းပူးနေကြရမည်  ဖြစ် ကြောင်း၊ သို့မှလည်း မီဒီယာအပါအဝင် အဘက်ဘက် က ထိုးနှက်တိုက်ခိုက်မှုများကို တုံ့ပြန်နိုင်မည်ဖြစ်ပြီး တိုင်းပြည်က   အားထားရသည့်    မျိုးဆက်သစ် မောင်မယ်များ ဖြစ်လာကြမည်ပင်ဖြစ်ကြောင်း။

 


သင်တန်းတက်ရောက်ရာမှတစ်ဆင့် ရရှိခဲ့သည့် လူငယ်အချင်းချင်း ချစ်ခင်စည်းလုံးညီညွတ်မှုများကို ဆက်လက်မွေးမြူပြီး   ပြည်ထောင်စုစိတ်ဓာတ်ကို တည်ဆောက်သွားကြရန်၊ နိုင်ငံတော်အတွက် လူသား အရင်းအမြစ်များ ပြုစုပျိုးထောင်နေချိန်တွင် သင်ယူ ခဲ့သည့် ပညာရပ်ဆိုင်ရာ အခြေခံသဘောတရားများမှ အကျယ်ချဲ့စဉ်းစားပြီး   ထပ်မံစူးစမ်းလေ့လာမှုများ ပြုလုပ်သွားကြရန်၊   မှန်ကန်သည့်အသိအမြင်များ ရရှိစေရန်  စာကောင်းပေမွန်များကိုဖတ်ရှုပြီး   မိဘ ဆရာသမားများ၏  အဆုံးအမများအတိုင်း လိုက်နာ နေထိုင်သွားကြရန်၊ “ပညာရွှေအိုး လူမခိုး”  ဟူသည့် အတိုင်း  ပညာခေတ်တွင်   ပညာရှာရင်း   မိမိတို့၏ ကျန်းမာရေးအတွက်လည်း   ဂရုပြုဆင်ခြင်နေထိုင် သွားကြရန်၊  မိမိတိုင်းပြည်အပေါ်   သစ္စာစောင့်သိ ရိုသေပြီး သင်ယူတတ်မြောက်ခဲ့သည့် ပညာရပ်များ နှင့်   နောင်တစ်ချိန်တွင်    တိုင်းပြည်က   အားကိုး အားထားပြုရမည့်     မျိုးဆက်သစ်မောင်မယ်များ ဖြစ်ကြပါစေကြောင်း ပြောကြားသည်။

 


ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ရေကြောင်းနှင့်လေကြောင်း လူငယ်မောင်မယ်များ အတွက် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ် ပြီး လူငယ်မောင်မယ်များက တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်အား    ဂါရဝပြုလက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ် သည်။

 


ရှင်းလင်းပြောကြား


ထို့နောက် ရေကြောင်းလူငယ်သင်တန်းမှ မကေ ဇင်သွယ်နှင့် လေကြောင်းလူငယ်သင်တန်းမှ မနန်း မိုခမ်းတို့က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်း အမှတ်စဉ်(၁/၂၀၂၃)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် (အငယ် တန်းအဆင့်)(၁/၂၀၂၃)တို့တွင် တက်ရောက်သင်ကြား ခဲ့ရသည့် ရေကြောင်း၊ လေကြောင်းဆိုင်ရာအတွေ့ အကြုံများ၊ သင်တန်းမှရရှိခဲ့သည့် ဗဟုသုတများနှင့် အကျိုးကျေးဇူးများကို ဦးစွာရှင်းလင်းပြောကြားကြ သည်။ ထို့နောက် ယခုကဲ့သို့ အားလပ်သည့် နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း   အချိန်ကို   အကျိုး ရှိစွာ    ကုန်ဆုံးစေပြီး    ဒေသန္တရဗဟုသုတများစွာ  ရရှိနိုင်စေရေးအတွက်   ရေကြောင်း၊   လေကြောင်း လူငယ်သင်တန်းများကို    ဖွင့်လှစ်သင်ကြားပေးကာ တိုင်းရင်းသားညီအစ်ကိုမောင်နှစ်မများ     ချစ်ကြည် ရင်းနှီးစွာ အတူတကွ တွေ့ဆုံ၍ သင်တန်းတက်ရောက် ခွင့်ရခဲ့သည့်အတွက်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အား   လူငယ်မောင်မယ်များကိုယ်စား   အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊   ယခုသင်တန်းများသည် မိမိတို့ လူငယ်မောင်မယ်များအတွက် တန်ဖိုးကြီးမား ပြီး အဓိပ္ပါယ်ရှိသည့် သင်တန်းများပင်ဖြစ်ပါကြောင်း၊ မိမိတို့  အနာဂတ်လူငယ်မောင်မယ်များ  အနေဖြင့် နိုင်ငံတော်က အားထားရသည့် ရေကြောင်းဆိုင်ရာ ပညာရှင်များ၊ လေကြောင်းဆိုင်ရာ    ပညာရှင်များ၊ နိုင်ငံတော်အကျိုးစီးပွားအတွက်     ထိရောက်စွာ စွမ်းဆောင်ပေးနိုင်သည့် နိုင်ငံ့သားကောင်းများဖြစ် အောင် အစဉ်ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်းဖြင့် ကျေးဇူးတင်စကားများ အသီးသီးပြန်လည်ပြောကြား သည်။

 


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည်  ရေကြောင်းနှင့်   လေကြောင်းလူငယ် မောင်မယ်များကို လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်း ဧည့်ခံခဲ့ပြီး မြဝတီ တေးဂီတအဖွဲ့က တေးသီချင်းများ ဖြင့် ဂုဏ်ပြုဖျော်ဖြေကြသည်။

 


ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင် များသည် ရေကြောင်းလူငယ်အခြေခံနှင့်   တန်းမြင့် သင်တန်းအမှတ်စဉ်(၁/၂၀၂၃)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် (အငယ် တန်းအဆင့်) (၁/၂၀၂၃)မှ သင်တန်းသား သင်တန်းသူ များနှင့် အုပ်ချုပ်သူနည်းပြများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး အမှတ်တရဓာတ်ပုံ  ရိုက်ကြ သည်။

 


ရေကြောင်းနှင့် လေကြောင်းလူငယ်မောင်မယ် များသည် ဂုဏ်ပြုတွေ့ဆုံပွဲအခမ်းအနားသို့ မတက် ရောက်မီ ဇေယျာသီရိဗိမာန်အတွင်း ခင်းကျင်းပြသ ထားသော မြန်မာ့တပ်မတော်မှ  ထုတ်လုပ်သည့် လက်နက်များ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ)တွင် ဝတ်ဆင်အသုံးပြုနေသည့် ဝတ်စုံအမျိုးမျိုး၊ မြန်မာ့ တပ်မတော်မှ  ထုတ်လုပ်သည့်   ဆက်သွယ်ရေး စက်ပစ္စည်းများ၊ တပ်မတော်(ရေ)မှ ထုတ်လုပ်သည့် ရေယာဉ်များ၏ပုံစံငယ်များ၊ ရေတပ်ဆိုင်ရာ အသုံး အဆောင်ပစ္စည်းများ၊   တပ်မတော်  (လေ)တွင် အသုံးပြုနေသည့် လေယာဉ်နှင့် ရဟတ်ယာဉ်များ၏ ပုံစံငယ်များ၊ လေသူရဲများ၏ ဝတ်စုံများနှင့်အသုံး အဆောင်ပစ္စည်းများ၊ Simulator ဖြင့်  လေယာဉ် ပျံသန်းမှုသရုပ်ပြကွက်များကို    စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများ က သိရှိလိုသည်များကို ရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။                         
     

သတင်းစဉ်