မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ပညာပေးရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် သတင်းထုတ်ပြန်ချက်

 

၁။    အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ ဖွဲ့စည်းခြင်းဆိုင်ရာ အခြေခံမူဖြစ်သော ပါရီအခြေခံမူ (Paris Principle) အရ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေကို “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏  အခွင့် အရေးများကို ပိုမို၍ကာကွယ်စောင့်ရှောက်နိုင်ရန်၊ လူ့အခွင့်အရေးကို လေးစားကာကွယ်သည့်  လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာစေရန် နှင့်   လူ့အခွင့်အရေးများကို   ထိရောက်စွာမြှင့်တင်ကာကွယ်နိုင် ရန်” စသည့် ရည်ရွယ်ချက်များဖြင့် ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၁ ဖြင့်  ပြဋ္ဌာန်းခဲ့ပြီး   အဆိုပါဥပဒေ   အခန်း  (၅)   ၌ “သတင်းအချက်အလက်များ ဖြန့်ချိခြင်း၊ ပညာပေးခြင်းဖြင့် လူ့အခွင့် အရေးနှင့်  စပ်လျဉ်း၍  အများပြည်သူ၏အသိပညာအဆင့်အတန်း မြှင့်တင်ခြင်းနှင့် ခွဲခြားမှုပုံသဏ္ဌာန်အားလုံးကို    တိုက်ဖျက်သည့် ကြိုးပမ်းအားထုတ်မှုများကို မြှင့်တင်ခြင်း” ဟူ၍    လူ့အခွင့်အရေး အသိပညာပေး မြှင့်တင်ခြင်းကို ကော်မရှင်၏ တာဝန်တစ်ရပ်အဖြစ် ဖော်ပြထားပါသည်။ 
၂။    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏     အဓိက လုပ်ငန်းတာဝန် (၂) ရပ် ဆောင်ရွက်ရာတွင် လူ့အခွင့်အရေး အသိပညာ ပေး မြှင့်တင်ရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင် ရေး၊    ကော်မရှင်အပေါ်   ပြည်သူလူထုက   ပိုမို၍ယုံကြည်အားထား လာစေရေးနှင့် လူ့အခွင့်အရေး ပညာပေးရေးနှင့်  အသိပညာပြန့်ပွား ရေးတို့ကို ဆောင်ရွက်ခြင်းအားဖြင့် မြန်မာနိုင်ငံ၌    လူ့အခွင့်အရေး ယဉ်ကျေးမှုတစ်ရပ်ဖန်တီးရေး   စသည့်ရည်မှန်းချက်ပန်းတိုင်များ အကောင်အထည်ဖော်နိုင်ရေးအတွက် ၅ နှစ်တာ မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) နှင့် နှစ်စဉ်လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက်လျက် ရှိပါသည်။
၃။    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် တည်ထောင်ခဲ့ သည့် ၂၀၁၁ ခုနှစ်မှ လက်ရှိကာလအထိ မြန်မာနိုင်ငံတစ်နံတစ်လျား၌ လူ့အခွင့်အရေး  အသိပညာမြှင့်တင်ရေးလုပ်ငန်း  ဆောင်ရွက်မှုများ အနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် များသို့ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲများ (၂၇၅) ကြိမ်၊ တိုင်းဒေသကြီး/ ပြည်နယ်၊  ခရိုင်အဆင့် နိုင်ငံ့ဝန်ထမ်း များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများသို့  လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ/ သင်တန်းများ (၁၀၈) ကြိမ်၊ ပြည်ထောင်စုဝန်ကြီး ဌာနများနှင့် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များမှ ဖွင့်လှစ်သည့် သင်တန်း များသို့  လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာပို့ချမှုများ (၂၈၈) ကြိမ်တို့ ဆောင်ရွက်ခဲ့သည့်အပြင် လူ့အခွင့်အရေးဆိုင်ရာ   အသိပညာပေး စာရွက်စာတမ်းများ ပုံနှိပ်ထုတ်ဝေဖြန့်ချိခြင်းနှင့် သတင်းအချက် အလက်များ မျှဝေခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။ 
၄။    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်    အနေဖြင့် ပြည်သူတစ်ရပ်လုံးကို လူ့အခွင့်အရေး အသိပညာပေးခြင်းဖြင့် အများ ပြည်သူ၏ လူ့အခွင့်အရေး အသိပညာဗဟုသုတများ  တိုးပွားလာခြင်း၊ လူ့အခွင့်အရေးအခြေခံအယူအဆများကို သိရှိနားလည်ပြီး လူ့အခွင့် အရေး အသိအမြင်ဖြင့် ပြန်လည်အသုံးချနိုင်စွမ်း    တိုးတက်လာခြင်း၊ ရင်ဆိုင်ကြုံတွေ့ရသော အခြေအနေများကို လူ့အခွင့်အရေးရှုထောင့်မှ ခွဲခြမ်းစိတ်ဖြာသုံးသပ်နိုင်သဖြင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက် ရေးကို အထောက်အကူဖြစ်စေခြင်း၊ လူ့အခွင့်အရေး ဖောက်ဖျက်ခြင်း နှင့်စပ်လျဉ်း၍     ကိုယ်တိုင်မကျူးလွန်ခြင်းနှင့်     လူ့အခွင့်အရေး ဖောက်ဖျက်ခံရပါက သုံးသပ်ဖြေရှင်းပေးနိုင်ခြင်း စသည့်အကျိုးရလဒ် များ ရရှိခံစားစေနိုင်မည်ဖြစ်ပြီး လူ့အခွင့်အရေးကို လေးစား၊ လိုက်နာ၊ ကျင့်သုံးသည့် လူ့အခွင့်အရေးယဉ်ကျေးမှုတစ်ရပ်    ထွန်းကားသည့် လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာနိုင်ရေးအတွက်  များစွာ အထောက်အကူပြုစေနိုင်မည် ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ မေလ ၁၈ ရက်