
ရန်ကုန် မေ ၁၆
ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင် မောင်အုန်းသည် ယမန်နေ့က ရန်ကုန်မြို့ မြန်မာ့အသံနှင့်ရုပ်မြင် သံကြားရှိ ပင်မအဆောက်အဦ တွင် မိုးသက်လေပြင်းတိုက်ခတ် မှုကြောင့် ခေါင်မိုးများ ထိခိုက် ပျက်စီးမှု အပါအဝင် ရုပ်သံ ထုတ်လွှင့်မှုလုပ်ငန်းများ ကြံ့ခိုင်မှု အခြေအနေနှင့် စစ်တွေမြို့သို့ ပို့ဆောင်မည့် ရုပ်သံထုတ်လွှင့်မှုဆိုင်ရာပစ္စည်းများ ရေကူးအသံ လွှင့်စက်ရုံ၌ ထုပ်ပိုးပြင်ဆင်နေမှု ကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
နံနက်ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ မေ ၁၄ ရက် နံနက် ၂ နာရီခန့်က မိုးသက် လေပြင်းတိုက်ခတ်မှုကြောင့် ပင်မ အဆောက်အဦမှ ခေါင်မိုးသွပ်များ နှင့် ဒိုင်း/မြား သံချောင်းများ ပြုတ် ထွက်ပျက်စီးမှုကို ကြည့်ရှုစစ်ဆေး ပြီး ယင်းနေရာအောက်တွင် တိုက်ရိုက် (Live) ရိုက်ကူး ထုတ်လွှင့်သော စတူဒီယို (အေ) ရှိ နေသဖြင့် မိုးရေများစိမ့်ဝင်ပြီး ထိခိုက်ပျက်စီးမှုများ ထပ်မံ မဖြစ်ပွားစေရေး အမြန်ပြင်ဆင် ဆောင်ရွက်ရန်နှင့် ပျက်စီးမှုများ ကို အမြန်ရှင်းလင်းကာ စနစ် တကျ ဆယ်တင်အသုံးပြုရေး အဖွဲ့စနစ်ဖြင့် မှတ်တမ်းထားရှိ ဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ရုပ်သံထုတ်လွှင့်မှု ဆိုင်ရာ စက်ပစ္စည်းများ ထိခိုက်မှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်နေမှုနှင့် ကြံ့ခိုင်ကောင်းမွန်မှု အခြေအနေ များကို လိုက်လံစစ်ဆေးပြီးလိုအပ် သည်များ မှာကြားသည်။
ဂုဏ်ပြုဆုငွေများချီးမြှင့်
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ဂီတဌာနခွဲမှ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဆောင် ရွက်ပြီးစီးခဲ့သည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနားတွင် မြန်မာ့ဆိုင်းဝိုင်းကြီး၊ ခေတ်ပေါ် တီးဝိုင်းနှင့် သံစုံတီးဝိုင်းကြီး တို့ ပါဝင်ဆောင်ရွက်ခဲ့မှုအပေါ် ချီးကျူး ဂုဏ်ပြုပါကြောင်းနှင့် ပြည်တွင်း/ပြည်ပ ဖျော်ဖြေပွဲများ ကို ရည်ရွယ်မျှော်လင့်ပြီး စဉ်ဆက် မပြတ် လေ့ကျင့်ပြင်ဆင်ထားရန် မှာကြားကာ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်မြို့ မရမ်း ကုန်းမြို့နယ်ရှိ ရေကူးအသံလွှင့် စက်ရုံသို့ ရောက်ရှိပြီး မေ ၁၄ ရက် က စစ်တွေမြို့တွင် တိုက်ခတ်ခဲ့ သော မုန်တိုင်းဒဏ်ကြောင့် ပြိုလဲ ပျက်စီးခဲ့သည့် စစ်တွေထပ်ဆင့် လွှင့်စက်ရုံမှ အမြင့်မီတာ ၁၀၀ တာဝါတိုင်(အစား) အမြင့်မီတာ ၃၀ ယာယီတာဝါတိုင် အမြန် တည်ဆောက်၍ DVB-T2 စနစ် ဖြင့် ရုပ်သံထုတ်လွှင့်နိုင်ရန်နှင့် FM Radio ကို ပြန်လည်ထုတ်လွှင့် နိုင်ရန်အတွက် ဝပ်အား ၃၀၀ လွှင့်စက်အပါအဝင် လိုအပ်သော ပစ္စည်းများ ထုပ်ပိုးပြင်ဆင်မှုကို လည်းကောင်း၊ စစ်တွေမြို့မှ DTH စနစ်ဖြင့် ရုပ်/သံ ကြည့်ရှု နိုင်ရန်အတွက် အစုံ ၅၀၀ ထုပ်ပိုး ပြင်ဆင်မှုကို လည်းကောင်း၊ မုန်တိုင်းဒဏ်ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် သတင်းများပေးပို့ သည့် V-SAT (Flyaway) စနစ် (အစား) Back Pack တစ်စုံ ပေးပို့ ရန်နှင့် သက်ဆိုင်ရာဝန်ထမ်းများ စုဖွဲ့ပြီး အမြန်လိုက်ပါရန်တို့ကို စစ်ဆေးမှာကြားသည်။
စစ်တွေသို့ ပို့ဆောင်
အဆိုပါ မီတာ ၃၀ တာဝါ တိုင် အမြန်တည်ဆောက်နိုင်ရန် အတွက် ဝပ်အား ၃၀၀ လွှင့်စက် အပါအဝင် လိုအပ်သောပစ္စည်း များ၊ DTH စနစ် အစုံ ၅၀၀ နှင့် Back Pack တစ်စုံတို့မှာ ယနေ့ တွင် နေပြည်တော်နှင့် ရန်ကုန်တို့ မှ လေကြောင်းခရီးဖြင့် စစ်တွေသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်