
နေပြည်တော် မေ ၁၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)လုပ်ငန်းရှင်များအား ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပိုးရယ်အောင်သိန်း၊ ဒေါက်တာ ကျော်ထွန်း၊ ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာ ကံဇော်၊ ဦးကိုကို၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဒေါက်တာ ချာလီသန်း၊ ဦးအောင်နိုင်ဦး၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)
ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသားပြည်သူ များ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေး (MSME) လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
စီးပွားရေးလုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား
တစ်ဦးချင်း တင်ပြဆွေးနွေး
ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်က ရှမ်းပြည်နယ် (အရှေ့ ပိုင်း) ဒေသဆိုင်ရာအချက်အလက်များကို ရှင်းလင်း တင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးက ရှမ်းပြည်နယ်အတွင်း အသေး စား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME)များ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME)လုပ်ငန်း ရှင်များဖြစ်ကြသည့် ဂျဒယ်အာခါကော်ဖီလုပ်ငန်းရှင် နှင့် (ရှမ်းအရှေ့)ကော်ဖီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးရာထွန်း၊ ကျိုင်းတုံဟိုတယ် လုပ်ငန်းရှင်များအသင်း နာယက ဦးစိုးရွှေ၊ တော်ဝင်မိုင်းယောင်းဆန်စက်၊ သမဝါယမအသင်း ဥက္ကဋ္ဌ ဦးစိုးသီဟ၊ မြန်မာနိုင်ငံ လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အစုအဖွဲ့ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရှောက်တီနှင့် တက်ရောက်လာကြသူများက ကျိုင်းတုံဒေသတွင် ကော်ဖီကုန်ကြမ်းများ များပြားစွာရရှိနိုင်ရေးအတွက် နိုင်ငံတော်အစိုးရ၏ကူညီပံ့ပိုးမှုနှင့်အတူ ကော်ဖီစိုက် ဧကများ တိုးချဲ့ဆောင်ရွက်လျက်ရှိမှု၊ မျိုးကောင်း မျိုးသန့် စံနှုန်းမီကော်ဖီပျိုးပင်များရရှိရေး ကူညီ ဆောင်ရွက်ပေးစေလိုမှု၊ ကော်ဖီသည် ဈေးကွက် လိုအပ်ချက်များစွာရှိနေပြီး ဒေသထွက်ကော်ဖီအရည် အသွေးများကို ဆက်လက်ထိန်းသိမ်းသွားရန် လိုအပ် မှုနှင့် ဈေးကွက်ကို တည်ငြိမ်အောင် ထိန်းသိမ်းဆောင် ရွက်ပေးစေလိုမှု၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ တာချီလိတ်ဒေသများတွင် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးစေလိုမှု၊ မိုင်းယောင်းဒေသတွင် ဆန်စက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအတွင်း သမဝါယမအသင်းအဖွဲ့ ဖွဲ့၍ ဆောင်ရွက်လျက်ရှိမှု၊ ဒေသထွက် လက်ဖက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိမှု၊ ဒေသတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် နေရာများအား လမ်းအဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ပေးစေလိုမှု၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)သည် လမ်းပန်းဆက်သွယ်ရေး အလှမ်းကွာဝေးပြီး သွားလာမှုစရိတ်များ မြင့်မားသည့်အတွက် ဒေသ တွင်တာဝန်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်း များ ခရီးသွားလာမှုအဆင်ပြေစေရေး နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေးစေလိုမှု၊ ဒေသအတွင်း ဆက်သွယ်မှုခက်ခဲသည့် ဒေသများ၌ ဆက်သွယ်ရေး အဆင်ပြေစေရေး တယ်လီဖုန်းလိုင်းများ ဆောင်ရွက် ပေးစေလိုမှုနှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားလိုအပ်သည်များ ကို အသီးသီး တင်ပြဆွေးနွေးကြသည်။
ပြည်ထောင်စုဝန်ကြီးများက သက်ဆိုင်ရာ
ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး
ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်း ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည် ဆွေးနွေးပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဦးတည်ချက်များ၊ ရှေ့လုပ်ငန်း စဉ်များချမှတ်၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ကို အားပေးဆောင်ရွက်လျက်ရှိမှု၊ ရှမ်းပြည်နယ် အတွင်း ပြည်တွင်း၊ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များ လုပ်ကိုင်လျက်ရှိမှုနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေ ရေး ဆောင်ရွက်လျက်ရှိမှု၊ ဒေသတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် စီးပွားရေးလုပ်ငန်း များ အဆင်ပြေချောမွေ့မှုရှိစေရေးနှင့် လိုအပ်သည့် စက်ကိရိယာများ၊ ယာဉ်ယန္တရားများ၊ အရင်းအနှီးများ နှင့် နည်းပညာလိုအပ်ချက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ကူညီဆောင်ရွက်ပေးမည် ဖြစ်သဖြင့် သက်ဆိုင်ရာ ဦးစီးဌာနများမှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်နိုင်မှု၊ ကျေးလက်ဒေသဖွံ့ဖြိုး ရေးနှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားစေရေး၊ ဝင်ငွေတိုးပွားစေရေးတို့အတွက် သမဝါယမအသင်းအဖွဲ့များ စုဖွဲ့၍ လိုအပ်သည့် စက်ကိရိယာများ၊ အရင်းအနှီးများ မတည်ဆောင်ရွက် ပေးလျက်ရှိမှု၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒေသ အတွင်း သစ်တောဖုံးလွှမ်းမှုပမာဏ ယခုထက်ပိုမို မြင့်တက်လာစေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ဒေသခံများအားလုံးက အလေးထားဆောင်ရွက်ကြရန်လိုအပ်မှု၊ ဒေသမှ ထွက်ရှိသည့် ထုတ်ကုန်များ ဈေးကွက်ရရှိရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME)ပြပွဲ၊ ပြိုင်ပွဲများတွင် ဝင်ရောက်ပြသခြင်းနှင့် MSME လုပ်ငန်းကော်မတီနှင့် အမြဲမပြတ်ဆက်သွယ် ဆောင်ရွက်မှုရယူရန် လိုအပ်မှု၊ တရားမဝင်ကုန်သွယ် မှုလုပ်ငန်းများသည် MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို များစွာ ထိခိုက်စေနိုင်သောကြောင့် တာဝန်ရှိသူများက ကြပ်မတ် စစ်ဆေးလျက်ရှိသကဲ့သို့ အားလုံးဝိုင်းဝန်း တိုက်ဖျက်ကြရန် လိုအပ်မှုတို့နှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် အလေးထားမှတ်သား၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အမြန်ဆုံးဆက်သွယ်ဆောင်ရွက် ပေးသွားမည်ဖြစ်သည့် အခြေအနေများနှင့် ပတ်သက် ၍ ဆွေးနွေးပြောကြားသည်။
ဆွေးနွေးတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က လိုအပ်သည်များ ပြန်လည်ဆွေးနွေးပြောကြား သည်။
ယင်းနောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် မိမိတို့နိုင်ငံ၏ စီးပွားရေးလုပ်ငန်း များကို မြှင့်တင်နိုင်ရန်အတွက် လိုအပ်သည်များကို ဆွေးနွေးပြောကြားနိုင်ရန်၊ ရှမ်းပြည်နယ် (အရှေ့ ပိုင်း) ရှိ စီးပွားရေးလုပ်ငန်းရှင်များ၏ လိုအပ်ချက်များ ကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ယခုကဲ့သို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင်နေရချိန်တွင် ဦးတည်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။
ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို
အားပေးပြီး တန်ဖိုးမြင့်ထုတ်ကုန်များကို
ထုတ်လုပ်ခြင်းဖြင့် နိုင်ငံ့စီးပွား
ဖွံ့ဖြိုးတိုးတက်နိုင်မည်
ယခုအခါ မိမိတို့နိုင်ငံကို အကြောင်းအမျိုးမျိုးဖြင့် ပိတ်ဆို့နေကြောင်း၊ ပုဂ္ဂလိကစီးပွားရေးကို မြှင့်တင် နိုင်မှသာလျှင် ပြည်တွင်းစီးပွားရေး ကောင်းမွန်လာ မည်ဖြစ်ကြောင်း၊ သယံဇာတပစ္စည်းများနှင့် စိုက်ပျိုး မွေးမြူရေးထုတ်ကုန်များကို ကုန်ကြမ်းရောင်းချခြင်း ထက် ကုန်ချောပြုလုပ်၍ ပြည်ပသို့ တင်ပို့နိုင်မည် ဆိုပါက ပိုမိုအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ တန်ဖိုးမြင့်ထုတ်ကုန်နှင့် ကုန်ချောများကို ထုတ်လုပ် ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများကို ပိုမို ဖြစ်ပေါ်စေမည်ဖြစ်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် မှုကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ နိုင်ငံ စီးပွားရေးတိုးတက်ရန်အတွက် မိမိတို့တာဝန်ပင် ဖြစ်ကြောင်း၊ စီးပွားရေးတိုးတက်ရန်အတွက် ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်ရမည်ဖြစ် ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းသည် ကုန်ထုတ် လုပ်မှုတွင် အဓိကကျကြောင်း၊ မိမိတို့နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင် နေထိုင်ကြ ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများကို မြှင့်တင်ပေးနိုင်မည်ဆိုပါက နိုင်ငံ စီးပွားရေး မြင့်တက်လာမည်ဖြစ်ကြောင်း။
အာရှနိုင်ငံများအတွင်းရှိသည့် မိမိတို့နိုင်ငံနှင့် Level တူနိုင်ငံများတွင် မိမိတို့နိုင်ငံ၏ ဂျီဒီပီသည် နိမ့်ကျလျက်ရှိကြောင်း၊ ထိုသို့ဖြစ်ပေါ်ရခြင်းမှာ နိုင်ငံ မတည်ငြိမ်ခြင်းနှင့် ကုန်ထုတ်လုပ်မှုများနည်းပါးခြင်း ကြောင့်ဖြစ်သည်ကို တွေ့ရှိရကြောင်း၊ မိမိတို့နိုင်ငံတွင် မိုးစပါးစိုက်ပျိုးဧက ၁၅ သန်းခန့်ရှိပြီး အဆိုပါမိုးစပါးစိုက်ဧကများမှ ၁၃ ဒသမ ၉ သန်းသည် လယ်စိုက် သည့်ဧကများဖြစ်ကြောင်း၊ ယခုနှစ်တွင် စိုက်ပျိုးရန် ဧက ၅ သန်းခန့်ရှိနေသည်ကို တွေ့ရှိရကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံစီးပွားရေးကို များစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေလိုအပ်ချက်ရှိခြင်းကြောင့် စိုက်ပျိုးနိုင်ခြင်း မရှိသည့်နေရာများတွင် စိုက်ပျိုးရေရရှိရေး နိုင်ငံတော် အနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေး လျက်ရှိကြောင်း။
MSME လုပ်ငန်းများတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်း သည် အရေးကြီးပြီး ကုန်ကြမ်းများရှိမှသာ ကုန်ထုတ်လုပ်မှုကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ အလားတူ သွင်းအားစုများဖြစ်သည့် လျှပ်စစ်၊ စက်မောင်းဆီ၊ ပိုးသတ်ဆေးနှင့် အခြားပစ္စည်းများ လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံရန်ငွေကြေးများ လိုအပ် သကဲ့သို့ လူသားအရင်းအမြစ်များသည်လည်း မဖြစ် မနေလိုအပ်ကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ကြောင်း၊ နှစ်ရှည်သီးနှံများဖြစ်သည့် ကော်ဖီ၊ ရော်ဘာ၊ လက်ဖက် စသည့်စက်မှုသီးနှံများကို စိုက်ပျိုးနိုင် ကြောင်း။
ကော်ဖီနှင့် လက်ဖက်အပါအဝင် ဒေသတွင်း
ဖြစ်ထွန်းသည့်သီးနှံများကို အောင်မြင်စွာ
စိုက်ပျိုးထုတ်လုပ်နိုင်ရန်လို
ယခုအခါ ကော်ဖီဈေးကွက်မှာ ပြည်ပလိုအပ်ချက် များ များစွာရှိသဖြင့် ကော်ဖီစိုက်ပျိုးသည့် တောင်သူ များ အဆင်ပြေလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံမှ ထွက်ရှိ သည့် ကော်ဖီများကို ပြည်ပသို့ တိုက်ရိုက်တင်ပို့နိုင် ရန်လိုကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကော်ဖီလုပ်ငန်းများကို ဆောင်ရွက်မည်ဆိုပါက အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ ကော်ဖီ ဈေးကွက်ကို ရေရှည်တည်တံ့အောင် ထိန်းသိမ်း နိုင်ရေးအတွက်မှာ မိမိတို့ထုတ်လုပ်သည့် ကော်ဖီ၏ အရည်အသွေးနှင့် တိုက်ရိုက်အချိုးကျသည်ဖြစ်သဖြင့် လုပ်ငန်းစဉ်များအလိုက် ပြည့်ဝစွာဆောင်ရွက်ပြီး အရည်အသွေးကောင်းမွန်သည့် ကော်ဖီကို ထုတ်လုပ် ရန်လိုကြောင်း၊ ကော်ဖီနှင့် ပတ်သက်သည့် ပြည်တွင်း၊ ပြည်ပလေ့လာရေးခရီးစဉ်များအတွက်လည်း ကော်ဖီ လုပ်ငန်းရှင်များအသင်းနှင့် ဆက်သွယ်ဆောင်ရွက် နိုင်ကြောင်း၊ အလားတူ လက်ဖက်စိုက်ပျိုးမှုများကို လည်း အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်ရန် လိုကြောင်း၊ ဒေသတွင်ဖြစ်ထွန်းနိုင်သည့် သီးနှံများကို ဖြစ်ထွန်းအောင် ဆောင်ရွက်၍ အခြားဒေသသို့ တင်ပို့ရောင်းချနိုင်သကဲ့သို့ ပြည်ပနိုင်ငံများသို့လည်း တင်ပို့နိုင်ကြောင်း။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသသည် ကုန် ထုတ်လုပ်မှုလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက် နိုင်မည့် အခြေအနေများကို ပိုင်ဆိုင်ထားပြီးဖြစ် ကြောင်း၊ ကျိုင်းတုံဒေသတွင် စားသောက်ကုန်များမှာ ကုန်ဈေးနှုန်းမြင့်မားသည်ကို တွေ့ရှိရကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်ကြီးမြင့်ခြင်းနှင့် ဝယ်လို အားနှင့် ရောင်းလိုအား မမျှတခြင်းကြောင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသတွင်း ၌ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင် အောင် ဆောင်ရွက်ရန်လိုကြောင်း။
မိမိတို့နိုင်ငံတွင် ယခင်ကဆောင်ရွက်ခဲ့သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစီမံကိန်းများသည် အကြောင်းအမျိုးမျိုးဖြင့် ဖျက်သိမ်းခံရခြင်းနှင့် နှောင့်နှေးခြင်းများဖြစ်ပေါ်ခဲ့သဖြင့် ယခုအခါ နိုင်ငံ အနေဖြင့် လျှပ်စစ်ဓာတ်အားလုံလောက်မှုမရှိမှုကို ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ရေအားလျှပ်စစ် ဓာတ်အားထုတ်လုပ်နိုင်သည့် နေရာများစွာရှိသော်လည်း အကြောင်းအမျိုးမျိုး ကြောင့် ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း၊ ထို့ကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်များ ပိုမို များပြားလာခဲ့ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်များကြောင့် ကုန်ကျစရိတ် များ ကြီးမြင့်ခြင်းဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို ဆောင်ရွက်ရာတွင် မိရိုးဖလာဖြင့် ဆောင်ရွက်ခြင်းထက် ခေတ်နှင့်လျော်ညီသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ရန် လိုကြောင်း၊ ကုန်ထုတ်စွမ်းအားများ မြှင့်တင် ဆောင်ရွက်နိုင်ရေး ဆောင်ရွက်ရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် အထွက်နှုန်းများ တိုးတက်စေရေး၊ ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီ စေရေး ဆောင်ရွက်ရန်နှင့် သီးထပ်စွမ်းအား မြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် လိုကြောင်း၊ စနစ်တကျစိုက်ပျိုးမည်ဆိုပါက ပန်းတိုင် ရည်မှန်းချက်များကို ပြည့်မီနိုင်မည်ဖြစ်ပြီး နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေကြာ၊ ပန်းနှမ်း မြေပဲကဲ့သို့သော ဆီထွက်သီးနှံများကို စိုက်ပျိုးနိုင် ကြောင်း၊ ဒေသတွင်း ဆီထွက်သီးနှံများကို အောင်မြင် ဖြစ်ထွန်းအောင်ဆောင်ရွက်၍ ဒေသ၏ဆီလိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်မည်ဆိုပါက ဒေသအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ အလားတူ မွေးမြူရေးလုပ်ငန်းများကိုလည်း အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဆိုပါက ဒေသတွင်းစားရေး အတွက် လိုအပ်သည့် အသား၊ ငါးနှင့် ဥများကို လုံလောက်စွာရရှိနိုင်မည်ဖြစ်ပြီး အသားဈေးကြီးမြင့် မှုကို ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း၊ ဒေသအတွင်းမွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်လိုသူများ အနေဖြင့် နိုင်ငံတော်မှ ရင်းနှီးမတည်ငွေများကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ဒေသတွင်းမှ ထွက်ရှိသည့် အသီးအနှံများနှင့် ဟင်းသီးဟင်းရွက် များကို ကုန်ခြောက်အဖြစ် ထုတ်လုပ်၍ ပြည်ပသို့ တင်ပို့နိုင်သကဲ့သို့ ယိုလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ကြောင်း၊ ရော်ဘာထုတ်လုပ်မှုများ ကိုလည်း မြှင့်တင်ဆောင်ရွက်ရန်လိုကြောင်း၊ ဒေသတွင်းဖြစ်ထွန်းသည့် ကောက်ညှင်းကိုလည်း တန်ဖိုးမြှင့်ပစ္စည်းများအဖြစ် ထုတ်လုပ်နိုင်မည် ဆိုပါက ထုတ်ကုန်များပိုမိုရရှိမည်ဖြစ်ကြောင်း။
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး
ရှမ်းပြည်နယ် (အရှေ့ပိုင်း)တွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ လိုအပ်သည် များကို ဆောင်ရွက်ပေးလျက်ရှိပြီး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များအနေဖြင့်လည်း တည်းခိုရန် နေရာများ၊ စားသောက်ဖွယ်ရာများ၊ ဒေသထွက် အစားအသောက်များကို အဆင့်မီစွာဖြင့် ဝန်ဆောင်မှု ပေးနိုင်ရန်လိုကြောင်း၊ ကျိုင်းတုံလေဆိပ်နှင့် တာချီ လိတ်လေဆိပ်တို့ကို အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အိမ်နီးနားချင်းနိုင်ငံများမှ လေကြောင်းခရီးစဉ်ဖြင့် ပြည်ပခရီးသွားများ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ဒေသသို့ ခရီးသွားများ လာရောက်သည့်အချိန်တွင် အသင့် ဖြစ်စေရေးအတွက် ဒေသသာယာလှပရေးနှင့် တည်းခိုမည့်နေရာများ ကောင်းမွန်စေရေး ဒေသခံ များအနေဖြင့် ပြင်ဆင်ဆောင်ရွက်ထားကြစေ လိုကြောင်း။
လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး
လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပညာတတ်များ မွေးထုတ်ပေးရန်လိုကြောင်း၊ နိုင်ငံတော်အနေဖြင့် လူသားအရင်းအမြစ်များရရှိရေး အတွက် ခရိုင် ၅၀ တွင် စိုက်ပျိုးမွေးမြူရေး အထက် တန်းကျောင်းများကို ဖွင့်လှစ်ရန်ဆောင်ရွက်လျက်ရှိ ကြောင်း၊ ထိုမှတစ်ဆင့် အဆင့်မြင့်ပညာရပ်များ ဆက်လက်သင်ယူသွားနိုင်ရေး သိပ္ပံများ၊ ကောလိပ် များနှင့် တက္ကသိုလ်များကို တိုးချဲ့ဖွှင့်လှစ်သွားမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းနေခြင်းဖြစ်သော် လည်း ဒီမိုကရေစီ၏ အခြေခံဖြစ်သည့် ဥပဒေအား လေးစားလိုက်နာခြင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် စီးပွားရေးအသိအမြင်ရှိခြင်းတို့၌ အားနည်း ချက်များရှိကြောင်း၊ ထို့ကြောင့် ကျောင်းသား ကျောင်းသူများအနေဖြင့် စီးပွားရေးပညာရပ်များကို သိရှိစေရေးနှင့် ဥပဒေဆိုင်ရာများကို နားလည်စေရေး အတွက် တက္ကသိုလ်များ၌ စီးပွားရေးဘာသာရပ်များ နှင့် ဥပဒေဘာသာရပ်များကို သင်ကြားပေးလျက် ရှိကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ကို ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အင်တိုက် အားတိုက်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအနေဖြင့်လည်း မိမိတို့ဒေသအလိုက် ဖွံ့ဖြိုးတိုးတက်ရေးကို တတ်စွမ်း သရွေ့ ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ဒေသတွင် ရှိသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ ဒေသခံများအားလုံး တက်ညီလက်ညီဖြင့် ဝိုင်းဝန်း ကြိုးပမ်းကြမည်ဆိုပါက ဒေသအလိုက် ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပြီး ထိုမှတစ်ဆင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့် အတွက် အားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြစေ လိုကြောင်း ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ဒေသထုတ်ကုန်ပစ္စည်း ခင်းကျင်းထားရှိမှုအား ကြည့်ရှုအားပေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ခင်းကျင်းပြသ ထားသည့် သယံဇာတတွင်းထွက်ထုတ်ကုန်များ၊ စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ရိုးရာလက်မှုထုတ်ကုန်များ၊ အဝတ်အထည်များ၊ တိုင်းရင်းဆေးများ စသည့်ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီ အလိုက် စိတ်ဝင်တစားဖြင့် လေ့လာခဲ့ပြီးဈေးကွက်ရရှိ မှုအခြေအနေများကို မေးမြန်းဆွေးနွေးရာ လုပ်ငန်း အလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံ ရှင်းလင်းတင်ပြခဲ့ကြသည်။
ကျိုင်းတုံမြို့ရှောင်လမ်းဖောက်လုပ်နေမှုများအား ကြည့်ရှုစစ်ဆေး
ထို့အပြင် ယနေ့နံနက်ပိုင်းတွင်လည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့ရှောင်လမ်း ဖောက်လုပ်ထားရှိမှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲလင်းက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက် ၍ ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိုးများသည့်အချိန်တွင် တောင်ကျရေများသဖြင့် မိုးရာသီ မရောက် မီကာလအတွင်း မြေလုပ်ငန်းများကို ပြီးပြတ်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ မြေဖြတ် ခြင်းလုပ်ငန်းများကိုဆောင်ရွက်ရာတွင် မြေပြိုခြင်း များမဖြစ်ပေါ်စေရေး စနစ်တကျဖြင့် ဆောင်ရွက်ရန် လိုကြောင်း၊ လမ်းရေရှည်ခိုင်ခံ့စေရေး ကြိုတင် တွက်ချက်တည်ဆောက်ရန်လိုကြောင်း၊ လမ်းဖောက် လုပ်မှုအား သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် လမ်းဘေးဝဲယာရှိ လမ်းနယ်များ အတွင်း၌ သစ်ပင်များ စိုက်ပျိုးရန်လိုကြောင်း မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျိုင်းတုံမြို့ရှောင်လမ်းတစ်လျှောက် မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်