ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ပဲခူးတိုင်းဒေသကြီးရှိ ကဝမြို့နယ် အ.ထ.က အုန်းနှဲနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ပဲခူး)သို့ သွားရောက်ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  မေ   ၁၁


၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှ စတင်၍ အခြေခံပညာအထက်တန်းကျောင်းများတွင်   စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ တွဲဖက်ဖွင့်လှစ်သင်ကြား မည့် အခြေအနေနှင့် ကြိုတင်ပြင်ဆင်ထားရှိမှုများကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် ပဲခူးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး    ဦးတင်သိန်းနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးရှိ   ကဝ မြို့နယ် အ.ထ.က အုန်းနှဲသို့   သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 


ထိုသို့ ကြည့်ရှုစစ်ဆေးစဉ်  ပြည်ထောင်စုဝန်ကြီး က နိုင်ငံတော်ဝန်ကြီးချုပ် လမ်းညွှန်ချက်နှင့်အညီ ၂၀၂၃-၂၀၂၄  ပညာသင်နှစ်မှ   စတင်၍   KG+9 အောင်မြင်ပြီးမြောက်သူများအတွက် ခရိုင် ၅၀ တွင် အခြေခံပညာအထက်တန်းကျောင်းများ ၅၁ ကျောင်း ၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ တွဲဖက် သင်ကြားပေးမည့်အစီအစဉ်များ၊     ကျောင်းသား ကျောင်းသူများကို နိုင်ငံတော်အနေဖြင့် ထောက်ပံ့ပေး မည့်   အစီအစဉ်များ၊   သင်ယူတတ်မြောက်ပြီးပါက ရရှိနိုင်မည့်အကျိုးကျေးဇူးများ၊  ဆက်လက်ပညာ သင်ကြားနိုင်မည့် အခြေအနေများနှင့်  အလုပ်အကိုင် အခွင့်အလမ်းများဆိုင်ရာကိစ္စရပ်များကို  ရှင်းလင်း ဆွေးနွေးပြောကြားသည်။

 


ထို့နောက် တက်ရောက်လာသည့် ခရိုင်အုပ်ချုပ် ရေးမှူး၊  တိုင်းပညာရေးမှူး၊   ကျောင်းအုပ်ကြီးနှင့် ဆရာ  ဆရာမများ၏   သိလိုသည့်မေးခွန်းများကို ရှင်းလင်းဖြေကြားပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။

 


ယင်းနောက်    ကျောင်းသား  ကျောင်းသူများ တက်ရောက်သင်ယူမည့်  စာသင်ခန်းအခြေအနေ များ၊ သင်ထောက်ကူပစ္စည်းများနှင့် ကွန်ပျူတာများ တပ်ဆင်လေ့ကျင့်သင်ကြားပေးမည့် အခန်းများကို ကြည့်ရှုစစ်ဆေးသည်။

 


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများသည် လာမည့်ပညာသင်နှစ်တွင် ဖွင့်လှစ်ရန် လျာထားဆောင်ရွက်လျက်ရှိသည့်   အစိုးရစက်မှု လက်မှုသိပ္ပံ (ပဲခူး)    တည်ဆောက်ရေးစီမံကိန်းသို့ ရောက်ရှိပြီး စာသင်ခန်းများ၊ လက်တွေ့သင်ကြား ပေးမည့် အလုပ်ရုံများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များကို  ကျောင်းမဖွင့်မီ  ပြီးစီးအောင်  စီစဉ် ဆောင်ရွက်ရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။                                        

 

သတင်းစဉ်