
မြောင်းမြ မေ ၁၁
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့ နံနက်ပိုင်းက ပန်းတနော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆောက်လုပ်ပြီး ဖွင့်လှစ်ရန်ပြင်ဆင်နေသည့် လူထုအခြေပြုဗဟိုဌာန နှင့် စာကြည့်တိုက် အဆောက်အအုံတို့ကို ကြည့်ရှုစစ်ဆေးပြီး မိုးရာသီတွင် အရိပ်ရလေကာပင်များ စိုက်ပျိုးရန် မှာကြားသည်။
မွန်းလွဲပိုင်းတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရုံးနှင့် မြောင်းမြခရိုင် ရုံးတို့သို့ ရောက်ရှိပြီး မုန်တိုင်း ကာလ အကြိုအသိပညာပေး လုပ်ငန်းများနှင့် အချိန်နှင့် တစ်ပြေးညီ သတင်းရယူပေးပို့နိုင် ရေး ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်သည် မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြရွှေဝါခန်းမ၌ ဧရာဝတီတိုင်း ဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောလင်းခယ်၊ မြောင်းမြခရိုင်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များ၊ ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ မုန်တိုင်းကာလ သတိ ပြုကြိုတင်ကာကွယ်ရေး၊လပွတ္တာ ဘက်မှ ရောက်ရှိနေသည့် မုန်တိုင်းရှောင် ပြည်သူများအား ကူညီဆောင်ရွက်ထားရှိမှုနှင့်အသိ ပညာပေးရေးကိစ္စများ၊ ဖြစ်ပေါ် နေသည့် အခြေအနေများကို အချိန် နှင့်တစ်ပြေးညီ သတင်းရယူ ပေးပို့နိုင်ရေးကိစ္စများ ဆွေးနွေး မှာကြားသည်။
ထို့နောက် အလယ်တောရ ကျောင်းတိုက်သို့ သွားရောက်၍ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ အလယ်တောရ ဆရာတော် ဘဒ္ဒန္တပညာသီဟ အရှင်သူမြတ်အား ဖူးမြော် ကြည်ညိုပြီး အလယ်တောရ ကျောင်းတိုက်၌ ပြည်ထဲရေး ဝန်ကြီးဌာန အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ် သည့် ဗုဒ္ဓဘာသာ အခြေခံ ယဉ်ကျေးလိမ္မာဆင့်ပွားသင်တန်း ကျောင်းသား ကျောင်းသူများအား တွေ့ဆုံ၍ အမျိုးဘာသာသာသနာ နှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများကို ထိန်းသိမ်းကြရန် မှာကြားသည်။
အဆိုပါ ယဉ်ကျေးလိမ္မာ ဆင့်ပွားသင်တန်းကို မေ ၈ ရက်မှ ၁၂ ရက်အထိ သင်ကြားပို့ချမည် ဖြစ်ပြီး ကျောင်းသား ကျောင်းသူ ၂၄၀ တက်ရောက်သင်ကြားနေ ကြောင်း သိရသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးသည် တိုင်းဒေသကြီး တိုင်းရင်း သားရေးရာဝန်ကြီး၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့တို့နှင့် အတူ မြစိမ်းရောင် တောင်ပေါ်ရှိ မုန်တိုင်းရှောင်ပြည်သူများ ယာယီ ခိုလုံရာစခန်းကို သွားရောက်၍ လပွတ္တာခရိုင် ပင်လယ်ကမ်းခြေ ဒေသများမှ ရောက်ရှိနေသည့် မုန်တိုင်းရှောင်ပြည်သူ ၉၆၀ ကို တွေ့ဆုံအားပေးစကား ပြောကြားပြီး ပြန်ကြားရေးဝန်ကြီးဌာနက မုန်တိုင်းဘေးရှောင် ပြည်သူများ အတွက် အလှူငွေကျပ် ငါးသိန်း ကို လှူဒါန်းရာ မြစိမ်းရောင်တောင် မုန်တိုင်းရှောင်ပြည်သူများ ယာယီခိုလုံရာ စခန်းတာဝန်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန မြောင်းမြခရိုင် ဦးစီးမှူး ဦးခင်မောင်မြင့်က လက်ခံရယူကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)