လက်နက်ဥပဒေပြဋ္ဌာန်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
လက်နက်ဥပဒေ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်   ၄၉  /၂၀၂၃ 
၁၃၈၅ ခုနှစ်၊  ကဆုန်လပြည့်ကျော်   ၈  ရက်
( ၂၀၂၃  ခုနှစ်၊  မေလ  ၁၁   ရက် )
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေ ကို ပြဋ္ဌာန်းလိုက်သည်။
အခန်း(၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်
၁။    ဤဥပဒေကို လက်နက်ဥပဒေဟု ခေါ်တွင်စေရမည်။
၂။    ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါ အတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-
    (က)    နိုင်ငံတော်  ဆိုသည်မှာ  ပြည်ထောင်စုသမ္မတ   မြန်မာ နိုင်ငံတော်ကို ဆိုသည်။
    ( ခ )    လက်နက် ဆိုသည်မှာ ဓားများ၊ သေနတ်များ၊ ခဲယမ်းများ၊ ပေါက်ကွဲယမ်းများ၊ အမြောက်များ၊ ပစ်ခတ်ရန်၊ ထိုးသွင်း ရန်၊    ခုတ်ဖြတ်ရန်   သော်လည်းကောင်း၊   ရန်မူသော လက်နက်အဖြစ်     သော်လည်းကောင်း      သုံးစွဲလျှင် ဘေးအန္တရာယ်ဖြစ်စေနိုင်သည့်၊ ထိခိုက်နာကျင်စေနိုင် သည့် သို့မဟုတ် သေစေနိုင်သည့် အရာဝတ္ထုပစ္စည်းများ၊ ဇီဝလက်နက်၊     ဓာတုလက်နက်နှင့်      နျူကလီးယား လက်နက်များနှင့်   ဝန်ကြီးဌာနက  အခါအားလျော်စွာ လက်နက်ဖြစ်သည်ဟု သတ်မှတ်ထုတ်ပြန်ကြေညာသည့် ကိရိယာ သို့မဟုတ် အရာဝတ္ထုပစ္စည်း တို့ကိုဆိုသည်။
    ( ဂ )    ဓား ဆိုသည်မှာ အောက်ပါတို့ကို ဆိုသည်-
    ( ၁ )    ဓားသွား သုံးလက်မထက်ပိုသော မောင်းချဓား (Clasp-knives)၊
    ( ၂ )    ဓားရိုးပါ ငါးလက်မထက်ပိုသော ဓား၊
        မှတ်ချက်။ အိမ်သုံး၊ လယ်ယာသုံး၊ စက်မှုလက်မှု လုပ်ငန်းသုံး သို့မဟုတ် အခြား လုပ်ငန်းသုံးအဖြစ် အသုံးပြုရန်  ရည်ရွယ်သည့်  ဓားများအား  ဘေး အန္တရာယ်ပြုရန် လက်နက်အဖြစ် အသုံးပြုရန် ရည်ရွယ်၍ ကိုင်ဆောင်သွားလာပါက ယင်းဓား များသည်လည်း လက်နက်ဟူသောအဓိပ္ပာယ်တွင် အကျုံးဝင်သည်။
    (ဃ)    ပစ်ခတ်ရန်၊ ထိုးသွင်းရန်၊ ခုတ်ဖြတ်ရန်သော်လည်းကောင်း၊ ရန်မူသော လက်နက်အဖြစ် သော်လည်းကောင်း သုံးစွဲ လျှင် ဘေးအန္တရာယ်ဖြစ်စေနိုင်သည့်၊ ထိခိုက်နာကျင် စေနိုင်သည့် သို့မဟုတ် သေစေနိုင်သည့် အရာဝတ္ထုပစ္စည်း ဆိုသည်မှာ အောက်ပါတို့ကို ဆိုသည်-
    ( ၁ )    ဓာတ်ခဲ (Battery) သို့မဟုတ် လျှပ်စစ်ဓာတ်အား ဖြင့် လျှပ်စစ်စီးစေပြီး ခန္ဓာကိုယ် လှုပ်ရှားမှုကို ရုတ်တရက်ရပ်တန့်စေသည့် ကျင်စက်ကဲ့သို့သော ကိရိယာ   သို့မဟုတ်   ယင်းကဲ့သို့    အမျိုးအစား တူသော ကိရိယာ၊
    ( ၂ )    ဓာတ်ငွေ့တွန်းကန်အား၊ လေ၏ တွန်းကန်အား၊ ဓာတ်ခဲ (Battery) သို့မဟုတ် လျှပ်စစ်ဓာတ်အား ကို အသုံးပြု၍ သေနတ်ကဲ့သို့သော ပစ်ခတ်သည့် ကိရိယာ သို့မဟုတ် အရာဝတ္ထုပစ္စည်း၊
    ( ၃ )    သံ သို့မဟုတ် သတ္တုတစ်မျိုးမျိုးဖြင့် ပြုလုပ်ထား သည့်  သံချွန်၊  သုံးမြှောင့်ချွန်၊  မှိန်း၊  လှံ၊  လှံစွပ် သို့မဟုတ် လှံကဲ့သို့  ချွန်ထက်သည့်အရာ၊
    ( ၄ )    ဒူးလေး၊ လေးမြားနှင့် ချွန်ထက်သည့် အရာဝတ္ထု များဖြင့် ပစ်ခတ်နိုင်သော ကိရိယာ၊    
    ( င )    သေနတ် ဆိုသည်မှာ အောက်ပါတို့ကိုဆိုသည်-
    ( ၁ )    ပစ္စတိုအုပ်စုဝင်သေနတ်များ၊
    ( ၂ )    ရိုင်ဖယ်အုပ်စုဝင်သေနတ်များ၊
    ( ၃ )    စက်သေနတ်ကလေးအုပ်စုဝင်သေနတ်များ၊
    ( ၄ )    စက်ကလေးအုပ်စုဝင်သေနတ်များ၊
    ( ၅ )    ပြောင်းချောသေနတ်များ၊
    ( ၆ )    ဗုံးပစ် သေနတ်များ၊
    ( ၇ )    လေယာဉ်ပစ်    စက်သေနတ်ကြီး      အုပ်စုဝင် သေနတ်များ၊
    ( ၈ )    လောင်ချာများနှင့် ယင်းတို့၏ အစိတ်အပိုင်းများ၊
    ( ၉ )    သေနတ်အစိတ်အပိုင်းများနှင့် သေနတ် ထုတ်လုပ် သော    စက်ကိရိယာ   သို့မဟုတ်    အရာဝတ္ထု ပစ္စည်းများ။
    ( စ )    ခဲယမ်း ဆိုသည်မှာ ယမ်းပြင်း၊ တွန်းကန်ယမ်း၊ ဓာတု ဗေဒပစ္စည်း၊  သတ္တုပစ္စည်းများဖြင့် ပေါင်းစပ်ပြီး လူကို သေစေရန်၊ ဒဏ်ရာရစေရန်  သို့မဟုတ် အရာဝတ္ထုနှင့် အဆောက်အအုံများ ဖျက်ဆီးရန်ရည်ရွယ်၍ ထုတ်လုပ် ထားသော စစ်မက်ဆိုင်ရာပစ္စည်း၊ လက်နက်ငယ်ကျည် အမျိုးမျိုး၊ အမြောက်ဆံ၊ ဗုံးသီး၊ ပစ်ဗုံး၊ မီးကျည်၊ မီးခိုးဗုံး၊ မိုင်း၊ တာတိုပစ် ဒုံးကျည်၊ တာဝေးပစ်ဒုံးကျည်၊ တာလတ် ပစ်ဒုံးကျည်၊   ပဲ့ထိန်းဒုံး၊   မီးလောင်ဗုံး၊  ယင်းတို့တွင် တပ်ဆင်ထားသော စနက်တံနှင့်ဆက်စပ်သည့် ပစ္စည်း များကို ဆိုသည်။
    (ဆ)    ပေါက်ကွဲယမ်း ဆိုသည်မှာ အောက်ပါတို့ကိုဆိုသည်-
    ( ၁ )    စစ်ဘက်သုံးပေါက်ကွဲယမ်းနှင့် ဆက်စပ်ပစ္စည်း၊
    ( ၂ )    နယ်ဘက်သုံးပေါက်ကွဲယမ်းနှင့် ဆက်စပ်ပစ္စည်း၊
    ( ၃ )    ဖောက်ခွဲဖျက်ဆီးသည့် ပေါက်ကွဲစေတတ်သော ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ၊
    ( ၄ )    ဒေသန္တရ လက်လုပ်မိုင်း။
    ( ဇ )    အမြောက် ဆိုသည်မှာ အောက်ပါတို့ကိုဆိုသည်-
    ( ၁ )    အမြောက်နှင့် စက်အမြောက်တို့တွင်  အကျုံးဝင် သော ပစ္စည်းအမျိုးအစား အားလုံး၊
    ( ၂ )    စိန်ပြောင်းများ၊
    ( ၃ )    အမြောက်ကို    သယ်ယူသော    ယာဉ်၊     ပစ်စင်၊ တပ်ဆင်ရန် ကိရိယာတန်ဆာပလာနှင့် ယင်းတို့၏  အစိတ်အပိုင်းများ။
    ( ဈ )    နိုင်ငံတော်ပိုင်လက်နက်   ဆိုရာတွင်    နိုင်ငံတော်ပိုင် လက်နက်စာရင်းဝင်    လက်နက်များ၊      နိုင်ငံတော်ပိုင် လက်နက်စက်ရုံများမှ ထုတ်လုပ်သည့်လက်နက်၊ နိုင်ငံ တော် ဘဏ္ဍာရန်ပုံငွေဖြင့် ဝယ်ယူသည့်လက်နက်၊ နိုင်ငံ တော်ကာကွယ်ရေး  အလို့ငှာ  စီမံဆောင်ရွက်နေသည့် လက်နက်နှင့်ဥပဒေအရ နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်း မိန့် ချမှတ်ထားသည့် လက်နက်တို့ ပါဝင်သည်။
    (ည)    လိုင်စင်ဆိုသည်မှာ နယ်ဘက်သေနတ်နှင့် ခဲယမ်းများ ကို   ကိုင်ဆောင်ခွင့်အတွက်  ဤဥပဒေအရ  ထုတ်ပေး သည့် လိုင်စင်ကို ဆိုသည်။
    ( ဋ )    ခွင့်ပြုမိန့်   ဆိုသည်မှာ  နိုင်ငံတော်ပိုင်   လက်နက်များ သယ်ယူခွင့် သို့မဟုတ် ကိုင်ဆောင်ခွင့်အတွက်ဖြစ်စေ၊ ပြည်တွင်းပြည်ပ  အားကစားပြိုင်ပွဲများတွင်  အသုံးပြု မည့် လက်နက်များ သယ်ယူခွင့် သို့မဟုတ် ကိုင်ဆောင်  ခွင့်အတွက်ဖြစ်စေ၊ သံရုံး၊ သံတမန်လုံခြုံရေး၊ ပြည်တွင်း ပြည်ပ နိုင်ငံတော်အကြီးအကဲများ၏ လုံခြုံရေးတို့အတွက် အသုံးပြုမည့် လက်နက်များနှင့်စပ်လျဉ်း၍ သယ်ယူခွင့် သို့မဟုတ် ကိုင်ဆောင်ခွင့်အတွက်ဖြစ်စေ၊ တိုင်းရင်းသား လူမျိုးများ၏ ရိုးရာဓလေ့ထုံးတမ်းအရ သို့မဟုတ် အစဉ် အလာအရ  လက်နက်ကိုင်ဆောင်ခွင့်အတွက်ဖြစ်စေ၊ လက်နက်ကို    ပြည်ပမှ   ဝယ်ယူခွင့်၊     တင်သွင်းခွင့်၊ သယ်ယူခွင့် သို့မဟုတ် ကိုင်ဆောင်ခွင့် အတွက်ဖြစ်စေ၊ ပြည်ပသို့ ရောင်းချခွင့်၊ တင်ပို့ခွင့်၊ သယ်ယူခွင့် သို့မဟုတ် ကိုင်ဆောင်ခွင့်အတွက်ဖြစ်စေ ထုတ်ပေးသော ခွင့်ပြုမိန့် ကို ဆိုသည်။
    ( ဌ )    အများပြည်သူနှင့် ဆိုင်သောနေရာ ဆိုသည်မှာ မည်သူ မဆို ဝင် ထွက်သွားလာနိုင်သော နေရာကို ဆိုသည်။
    ( ဍ )    ကြီးကြပ်မှုကော်မတီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်း ထားသည့်  နယ်ဘက်လက်နက်  ကိုင်ဆောင်မှုဆိုင်ရာ ကြီးကြပ်မှုကော်မတီကို ဆိုသည်။
    ( ဎ )    ဒေသဆိုင်ရာ စိစစ်ခွင့်ပြုရေးအဖွဲ့ ဆိုသည်မှာ ကြီးကြပ်မှု ကော်မတီက ဖွဲ့စည်းပေးသည့် တိုင်းဒေသကြီး သို့မဟုတ်  ပြည်နယ်တွင်ဖြစ်စေ၊ ပြည်ထောင်စုနယ်မြေတွင်ဖြစ်စေ လိုင်စင်   သို့မဟုတ်   ခွင့်ပြုမိန့်စိစစ်ခွင့်ပြုရေးအဖွဲ့ကို ဆိုသည်။
    (ဏ)    ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ၊ ပြည်ထဲ ရေး ဝန်ကြီးဌာနကို ဆိုသည်။
    (တ)    နေပြည်တော်ရဲတပ်ဖွဲ့မှူး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူး ဆိုသည်မှာ နေပြည်တော်၊ တိုင်း ဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင် များကို ကြီးကြပ်အုပ်ချုပ်ရသော အရာရှိကိုဆိုသည်။
    (ထ)    အုပ်ချုပ်ရေးမှူး ဆိုသည်မှာ ခရိုင်၊ မြို့နယ်နှင့်ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ဆိုသည်။
အခန်း (၂)
ရည်ရွယ်ချက်
၃။    ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်-
    (က)    နိုင်ငံတော်လုံခြုံရေး၊   တရားဥပဒေစိုးမိုးရေးနှင့်  ရပ်ရွာ အေးချမ်းသာယာရေးကို ထိခိုက်စေနိုင်သော လက်နက် ကိုင်ဆောင်ခြင်းနှင့် လက်နက်ကိုင်ဆောင်ကျူးလွန်သည့် ပြစ်မှုများကို တားဆီးကာကွယ်ရန်၊
    ( ခ )    လက်နက်သယ်ယူခွင့်၊         လက်နက်ကိုင်ဆောင်ခွင့်၊ တရားဝင် လက်ဝယ်ထားရှိခွင့်တို့နှင့် စပ်လျဉ်း၍ ဥပဒေ နှင့်အညီ ထိန်းချုပ်ကြပ်မတ်နိုင်ရန်၊
    ( ဂ )    တရားမဝင်    လက်နက်ကိုင်ဆောင်ခြင်းကို    တားဆီး ကာကွယ်ရန်၊
    (ဃ)    လက်နက်များ တရားမဝင်နည်းလမ်းများဖြင့် ထုတ်လုပ် ခြင်း၊    ရောင်းဝယ်ခြင်း၊   သိုလှောင်ခြင်း၊    ဖြန့်ဖြူးခြင်း၊ လွှဲပြောင်းခြင်း၊ ပြည်ပမှတင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့  ခြင်းတို့ကို တားဆီးကာကွယ်ရန်၊
    ( င )    နိုင်ငံတော်ပိုင် လက်နက်နှင့်ဥပဒေအရ ကိုင်ဆောင်ခွင့် ရှိသူပိုင် သေနတ်နှင့် ခဲယမ်းများကို ခိုးယူခြင်း၊ ရောင်းချ ခြင်း၊ ဖျက်ဆီးခြင်း၊ ပျက်စီးစေခြင်းနှင့် ကိုင်ဆောင်ခွင့် မရှိသူအား ပေးအပ်ခြင်းတို့ကို တားဆီးကာကွယ်ရန်။
အခန်း (၃)
နယ်ဘက်လက်နက်ကိုင်ဆောင်မှုဆိုင်ရာ
ကြီးကြပ်မှုကော်မတီဖွဲ့စည်းခြင်း
၄။    ပြည်ထောင်စုအစိုးရအဖွဲ့သည်-
    (က)    နယ်ဘက်လက်နက်ကိုင်ဆောင်မှုဆိုင်ရာ     ကြီးကြပ်မှု ကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းရမည်-
    ( ၁ )    ပြည်ထောင်စုဝန်ကြီး                  ဥက္ကဋ္ဌ
        ပြည်ထဲရေးဝန်ကြီးဌာန
    ( ၂ )     ဒုတိယဝန်ကြီး                          အဖွဲ့ဝင်
        ကာကွယ်ရေးဝန်ကြီးဌာန
    ( ၃ )    ဒုတိယဝန်ကြီး                          အဖွဲ့ဝင်
        ပြည်ထဲရေးဝန်ကြီးဌာန
    ( ၄ )    ဒုတိယဝန်ကြီး                          အဖွဲ့ဝင်
        စီမံကိန်းနှင့်ဘဏ္ဍာရေး
        ဝန်ကြီးဌာန
    ( ၅ )    ဒုတိယဝန်ကြီး                          အဖွဲ့ဝင်
        နိုင်ငံခြားရေးဝန်ကြီးဌာန
    ( ၆ )    ဒုတိယဝန်ကြီး                          အဖွဲ့ဝင်
        နယ်စပ်ရေးရာဝန်ကြီးဌာန
    ( ၇ )    ဒုတိယဝန်ကြီးနှင့်                အဖွဲ့ဝင်
        ဒုတိယရှေ့နေချုပ်        ဥပဒေရေးရာဝန်ကြီးဌာန
    ( ၈ )    ဒုတိယဝန်ကြီး                         အဖွဲ့ဝင်
        စီးပွားရေးနှင့် ကူးသန်း
        ရောင်းဝယ်ရေးဝန်ကြီးဌာန
    ( ၉ )    ညွှန်ကြားရေးမှူးချုပ်                အဖွဲ့ဝင်
        အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
    (၁၀)    ညွှန်ကြားရေးမှူးချုပ်                အဖွဲ့ဝင်
        အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန
    (၁၁)    ညွှန်ကြားရေးမှူးချုပ်                          အဖွဲ့ဝင်
        အကျဉ်းဦးစီးဌာန
    (၁၂)    ညွှန်ကြားရေးမှူးချုပ်                အဖွဲ့ဝင်
        သတ္တုတွင်းဦးစီးဌာန၊
        သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်
        ထိန်းသိမ်းရေးဝန်ကြီးဌာန


    (၁၃)    ညွှန်ကြားရေးမှူးချုပ်               အဖွဲ့ဝင်
        တိုင်းရင်းသားအခွင့်အရေးများ
        ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊
        တိုင်းရင်းသားလူမျိုးများရေးရာ
        ဝန်ကြီးဌာန
    (၁၄)    စစ်ဦးစီးဗိုလ်မှူးကြီး                  အဖွဲ့ဝင်
        ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)
    (၁၅)    ရဲချုပ်                     အတွင်းရေးမှူး
        မြန်မာနိုင်ငံရဲတပ်ဖွဲ့
    (၁၆)    ရဲဦးစီးအရာရှိချုပ်      တွဲဖက်အတွင်းရေးမှူး
        မြန်မာနိုင်ငံရဲတပ်ဖွဲ့
    ( ခ )    ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသည့် ကြီးကြပ်မှုကော်မတီကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်း     နိုင်သည်။ 
၅။    ကြီးကြပ်မှုကော်မတီ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ အောက်ပါ အတိုင်းဖြစ်သည်-
    (က)    ပြည်ထောင်စုအစိုးရအဖွဲ့၏   သဘောတူညီချက်ဖြင့် နယ်ဘက်   လက်နက်ကိုင်ဆောင်မှုဆိုင်ရာ   မူဝါဒများ ချမှတ်ခြင်း၊
    ( ခ )    သံရုံးနှင့် သံတမန်များ၊ ပြည်ပနိုင်ငံများမှ လာရောက် သော နိုင်ငံတော်အဆင့် အကြီးအကဲ၏ လုံခြုံရေးအတွက် သေနတ်နှင့်ခဲယမ်းသယ်ယူခွင့်၊ ကိုင်ဆောင်ခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ မူဝါဒချမှတ်ခြင်း၊
    ( ဂ )    လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့် စိစစ်ခွင့်ပြုခြင်းနှင့် စပ်လျဉ်း သည့် မူဝါဒများချမှတ်ခြင်း၊
    (ဃ)    လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်ထုတ်ပေးနိုင်ရန် သဘော တူညီချက်ပေးခြင်း၊
    ( င )    လိုင်စင်ဖြင့် ကိုင်ဆောင်ခွင့်ပြုသည့် သေနတ်နှင့်ခဲယမ်း အမျိုးအစားများ သတ်မှတ်ပေးခြင်း၊
    ( စ )    နိုင်ငံတော်ပိုင်လက်နက်နှင့် မသက်ဆိုင်သော သေနတ် နှင့် ခဲယမ်းများကို  ပြည်ပမှ တင်သွင်းခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ သယ်ဆောင်ခြင်းနှင့် စပ်လျဉ်း၍ မူဝါဒများ ချမှတ်ခြင်း၊
    (ဆ)    လိုအပ်သော လုပ်ငန်းကော်မတီနှင့်အဖွဲ့များကို ဖွဲ့စည်း ၍ လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခြင်း၊ လမ်းညွှန်ခြင်း နှင့် ကြီးကြပ်ခြင်း။
အခန်း (၄)
လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့် ထုတ်ပေးခြင်း
၆။    ကြီးကြပ်မှုကော်မတီသည်   လိုင်စင်   သို့မဟုတ်  ခွင့်ပြုမိန့် ထုတ်ပေးနိုင်ရေးအတွက် သတ်မှတ်ချက်များနှင့်အညီ အောက်ပါ အဖွဲ့များကိုဖွဲ့စည်းပြီး လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးရမည်-
    (က)    လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့် စိစစ်ခွင့်ပြုရေးဗဟိုအဖွဲ့၊
    ( ခ )    ဒေသဆိုင်ရာ စိစစ်ခွင့်ပြုရေးအဖွဲ့၊
    ( ဂ )    အခြားလိုအပ်သည့် လုပ်ငန်းအဖွဲ့များ။
၇။    လိုင်စင်  သို့မဟုတ်  ခွင့်ပြုမိန့်  စိစစ်ခွင့်ပြုရေးဗဟိုအဖွဲ့သည် ကြီးကြပ်မှုကော်မတီ၏   သဘောတူညီချက်နှင့်အညီ   အောက်ပါ ကိစ္စရပ်များကို ဆောင်ရွက်နိုင်သည်-
    (က)    နိုင်ငံတော်အတွင်း   လက်နက်သယ်ယူခွင့်  သို့မဟုတ် လက်နက်ကိုင်ဆောင်ခွင့်ရရှိရန်  လိုင်စင်      သို့မဟုတ် ခွင့်ပြုမိန့်လျှောက်ထားခြင်းနှင့်စပ်လျဉ်း၍  သတ်မှတ် ချက်များနှင့်အညီ  အဆင့်ဆင့်  စိစစ်ထောက်ခံတင်ပြ ချက်များကို စိစစ်ပြီး စည်းကမ်းချက်များ သတ်မှတ်၍  ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊
    ( ခ )    လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့် သက်တမ်းသတ်မှတ်ခြင်း နှင့် သက်တမ်းတိုးလျှောက်ထားခြင်းကို ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း၊
    ( ဂ )    လက်နက်ကို ပြည်ပမှဝယ်ယူခွင့်၊ တင်သွင်းခွင့်၊ သယ်ယူ ခွင့် သို့မဟုတ် ကိုင်ဆောင်ခွင့်အတွက်ဖြစ်စေ၊ ပြည်ပသို့ ရောင်းချခွင့်၊ တင်ပို့ခွင့်၊ သယ်ယူခွင့် သို့မဟုတ် ကိုင်ဆောင် ခွင့်အတွက်ဖြစ်စေ သက်ဆိုင်ရာဌာနများ၏ လျှောက်ထား ချက်များကို ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းပြီး  စိစစ်၍ ခွင့်ပြုမိန့်ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်း။ 
၈။    ဒေသဆိုင်ရာ စိစစ်ခွင့်ပြုရေးအဖွဲ့သည် ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် သက်ဆိုင်ရာဒေသများ၌ နေထိုင်သော တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ ထုံးတမ်းအရ လည်းကောင်း၊ အစဉ်အလာအရလည်းကောင်း ကိုင်ဆောင်သည့်လက်နက်များကို သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ် သို့မဟုတ် ပြည်ထောင်စုနယ်မြေအတွင်း ကိုင်ဆောင်ခွင့် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍   သတ်မှတ်ချက်နှင့်အညီ   အဆင့်ဆင့်စိစစ်ထောက်ခံ တင်ပြချက်များကို စည်းကမ်းသတ်မှတ်၍ ခွင့်ပြုမိန့်ထုတ်ပေးရန် ခွင့်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။
၉။    လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်လျှောက်ထားသူသည် လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်လျှောက်ထားခြင်းကို သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ လျှောက်ထားရမည်။
၁၀။    မြို့နယ်ရဲတပ်ဖွဲ့မှူးသည်   လိုင်စင်  သို့မဟုတ်   ခွင့်ပြုမိန့် လျှောက်ထားချက်ကို     သတ်မှတ်ချက်များနှင့်အညီ        စိစစ်ပြီး သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၏ သဘောထားမှတ်ချက်နှင့် အတူ ကြီးကြပ်မှုကော်မတီသို့ အဆင့်ဆင့်တင်ပြရမည်။
၁၁။    ပုဒ်မ ၇၊ ပုဒ်မခွဲ (က) အရ  လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်စိစစ် ခွင့်ပြုရေး ဗဟိုအဖွဲ့ကဖြစ်စေ၊  ပုဒ်မ ၈ အရ ဒေသဆိုင်ရာစိစစ်ခွင့်ပြု ရေးအဖွဲ့ကဖြစ်စေ လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်ဖြင့် လက်ဝယ်ထားရှိ ခွင့်၊ သယ်ယူခွင့် သို့မဟုတ် ကိုင်ဆောင်ခွင့်ပြုကြောင်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့သို့  အကြောင်းကြားလာပါက  သက်ဆိုင်ရာ  နေပြည်တော် ရဲတပ်ဖွဲ့မှူး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရဲတပ်ဖွဲ့မှူးသည်-
    (က)    သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အတူ လိုင်စင် သို့မဟုတ်  ခွင့်ပြုမိန့်ကို လက်မှတ်ရေးထိုး ထုတ်ပေး ရမည်။
    ( ခ )    ပုဒ်မခွဲ (က) အရ ထုတ်ပေးပြီးလျှင် လိုင်စင် သို့မဟုတ်  ခွင့်ပြုမိန့်ရရှိသူ ကိုင်ဆောင်ခွင့်  ရရှိသည့်  နယ်ဘက် သေနတ်၊ ခဲယမ်းနှင့်စပ်လျဉ်းသည့် အချက်အလက်များ ကို သက်ဆိုင်ရာ ရဲစခန်း၊ မြို့နယ်၊ ခရိုင်၊ နေပြည်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးများ တွင် မှတ်ပုံတင်စာရင်း ရေးသွင်းစေရမည်။
    ( ဂ )    လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်ရရှိသူကို သတ်မှတ်ထား သည့်    စည်းကမ်းချက်များနှင့်အညီ    ကိုင်ဆောင်ရေး အတွက်    စစ်ဆေးကြပ်မတ်ရန်     ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် မြို့နယ် ရဲတပ်ဖွဲ့မှူးတို့အား ညွှန်ကြားရမည်။
    (ဃ)    ပုဒ်မခွဲ (က)  အရ   ဆောင်ရွက်ပြီးစီးမှုကို   ကြီးကြပ်မှု ကော်မတီသို့ အဆင့်ဆင့်ပြန်လည်တင်ပြရမည်။
အခန်း (၅)
ရှာဖွေခြင်း၊ ဖမ်းဆီးခြင်း၊ သက်သေခံပစ္စည်း သိမ်းဆည်းခြင်း
၁၂။    (က)    အများပြည်သူနှင့်    ဆိုင်သောနေရာတွင်     ဥပဒေနှင့် ဆန့်ကျင်၍   လက်နက်ကိုင်ဆောင်   သွားလာသည်ကို တွေ့ရှိလျှင်  သော်လည်းကောင်း၊   တစ်နည်းနည်းဖြင့် လက်ဝယ်ထားရှိခြင်း သို့မဟုတ် သယ်ယူခြင်းကို တွေ့ရှိ လျှင်သော်လည်းကောင်း ထိုသူကို ဖမ်းဆီးခြင်း၊ လက်နက်၊ လက်နက်နှင့် သက်ဆိုင်သည့်ပစ္စည်းများ သိမ်းဆည်း ခြင်းတို့ကို မည်သူမဆို ဆောင်ရွက်နိုင်သည်။
    ( ခ )    ပုဒ်မခွဲ(က)အရ ဆောင်ရွက်သူသည်ရဲတပ်ဖွဲ့ဝင် မဟုတ် ပါက    ဖမ်းဆီးရမိသူနှင့်   လက်နက်၊     လက်နက်နှင့် သက်ဆိုင်သည့်   ပစ္စည်းများကို  ရဲတပ်ဖွဲ့ဝင်  တစ်ဦးဦး ထံသို့ဖြစ်စေ၊ အနီးဆုံး ရဲစခန်း သို့မဟုတ် တပ်စခန်းသို့ ဖြစ်စေ အမြန်ဆုံးအပ်နှံရမည်။
၁၃။    အများပြည်သူနှင့်ဆိုင်သော  နေရာမှအပ   အခြားမည်သည့် နေရာတွင်မဆို  လက်နက်ကို  လိုင်စင်  သို့မဟုတ်  ခွင့်ပြုမိန့်မရှိဘဲ သယ်ယူကြောင်း၊   လက်ဝယ်ထားကြောင်း  သို့မဟုတ်  ကိုင်ဆောင် ကြောင်း သတင်းရရှိပါက-
    (က)    မြို့နယ်ရဲတပ်ဖွဲ့မှူး သို့မဟုတ် ရဲစခန်းမှူးသည် ထိုနေရာ ကို  ဝရမ်းမပါဘဲ  ဝင်ရောက်ရှာဖွေခြင်း၊  ဖမ်းဆီးခြင်း၊ သက်သေခံပစ္စည်း   သိမ်းဆည်းခြင်းတို့ကို  ဆောင်ရွက် နိုင်သည်။
    ( ခ )    မြို့နယ်ရဲတပ်ဖွဲ့မှူး   သို့မဟုတ်  ၎င်းအား  တိုက်ရိုက် ကြီးကြပ်ကွပ်ကဲသည့် ရဲအရာရှိ တစ်ဦးဦးသည် ဒုတိယ ရဲအုပ်အဆင့်အောက်မနိမ့်သော ရဲအရာရှိတစ်ဦးဦးအား ထိုနေရာကို ဝင်ရောက်ရှာဖွေရန် ရှာဖွေဖမ်းဆီးခွင့်အမိန့် ထုတ်ပေးနိုင်သည်။ ရှာဖွေဖမ်းဆီးခွင့် အမိန့်ဖြင့် ဆောင် ရွက်သည့် ရဲအရာရှိသည် ပြစ်မှုကျူးလွန်သူကို ရှာဖွေခြင်း၊ ဖမ်းဆီးခြင်း၊ ပြစ်မှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်း သိမ်းဆည်းခြင်းတို့ကို ဆောင်ရွက်နိုင်သည်။
၁၄။    ရဲအရာရှိသည် ပုဒ်မ ၁၃ အရ ဆောင်ရွက်ရာတွင် ဤဥပဒေနှင့် ရာဇဝတ်ကျင့်ထုံးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။
အခန်း (၆)
တားမြစ်ချက်များ
၁၅။    မည်သူမျှ-
    (က)    ပုဒ်မ ၂၊ ပုဒ်မခွဲ (ဂ)နှင့် (ဃ)တို့တွင် ပါဝင်သည့် လက်နက် တစ်ခုခုကို  တစ်ဦးဦးအား  ဘေးအန္တရာယ်ဖြစ်စေရန် သို့မဟုတ် ခြောက်လှန့်ရန်ရည်ရွယ်၍ အများပြည်သူနှင့် ဆိုင်သောနေရာတွင် သယ်ယူခြင်း၊ ကိုင်ဆောင်သွားလာ ခြင်း၊ လက်ဝယ်ထားရှိခြင်း သို့မဟုတ် ပြသခြင်း မပြုရ။
     ( ခ )    ပုဒ်မ ၂၊ ပုဒ်မခွဲ (င)နှင့် (စ) တို့တွင်ပါဝင်သည့် သေနတ် သို့မဟုတ် ခဲယမ်းတစ်ခုခုကို လိုင်စင် သို့မဟုတ် ခွင့်ပြု မိန့်ပါ စည်းကမ်းချက်များနှင့်အညီ မဟုတ်ဘဲ သယ်ယူ ခြင်း၊   လက်ဝယ်ထားခြင်း၊   ကိုင်ဆောင်သွားလာခြင်း သို့မဟုတ် အသုံးပြုခြင်းမပြုရ။
    ( ဂ )    ပုဒ်မ ၂၊ ပုဒ်မခွဲ (ဂ)နှင့် (ဃ)တို့တွင်ပါဝင်သည့် လက်နက် တစ်ခုခုကို ရောင်းချခြင်း၊ ရောင်းချရန်အလို့ငှာ လက်ဝယ် ထားခြင်း၊ မိမိ၏ စီမံကြီးကြပ်မှုအောက်တွင် ထားရှိခြင်း၊ ပြုလုပ်ခြင်း သို့မဟုတ် ဝှက်သိမ်းခြင်းမပြုရ။
၁၆။    မည်သူမျှ ဤဥပဒေနှင့်ဆန့်ကျင်၍ -
    (က)    ပုဒ်မ ၂၊ ပုဒ်မခွဲ (င)၊ (စ)၊ (ဆ)နှင့် (ဇ)တို့တွင် ပါဝင်သည့် လက်နက်တစ်ခုခုကို လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်မရှိဘဲ သယ်ယူခြင်း၊   လက်ဝယ်ထားခြင်း၊    ကိုင်ဆောင်ခြင်း သို့မဟုတ် မိမိ၏ စီမံကြီးကြပ်မှုအောက်တွင် ထားရှိခြင်း မပြုရ။
    ( ခ )    ပုဒ်မ ၂၊ ပုဒ်မခွဲ(င)၊ (စ)၊ (ဆ)နှင့် (ဇ)တို့တွင်ပါဝင်သည့် လက်နက်တစ်ခုခုကို ထုတ်လုပ်ခြင်း၊ အသွင်ပြောင်းခြင်း၊ ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ရောင်းရန်ကမ်းလှမ်းခြင်း သို့မဟုတ် ရောင်းချရန် ခင်းကျင်းပြသခြင်း မပြုရ။
    ( ဂ )    ပုဒ်မ ၂၊ ပုဒ်မခွဲ(င)၊ (စ)၊ (ဆ)နှင့် (ဇ) တို့တွင် ပါဝင်သည့် လက်နက်တစ်ခုခုကို လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်မရှိဘဲ ပြည်ပမှဝယ်ယူခြင်း၊     တင်သွင်းခြင်း၊     သယ်ယူခြင်း သို့မဟုတ် ကိုင်ဆောင်ခြင်းနှင့် ပြည်ပသို့ ရောင်းချခြင်း၊ တင်ပို့ခြင်း၊ သယ်ယူခြင်း သို့မဟုတ် ကိုင်ဆောင်ခြင်း မပြုရ။
၁၇။    မည်သူမျှ ပုဒ်မ ၂၊ ပုဒ်မခွဲ (င)၊ (စ)၊ (ဆ)နှင့် (ဇ)တို့တွင် ပါဝင်သည့် လက်နက်တစ်ခုခုကို ပုဒ်မ ၁၆ ပါ ပြုမူမှုတစ်ခုခုနှင့်စပ်လျဉ်း၍ တာဝန် ရှိသူတစ်ဦးဦးကရှာဖွေနေစဉ် ရှာဖွေမတွေ့ရှိစေရန် ဝှက်သိမ်းထား ခြင်း မပြုရ။
၁၈။    မည်သူမျှ    နိုင်ငံတော်ပုန်ကန်မှုကို    ကျူးလွန်ရန်အကြံဖြင့် ပုဒ်မ ၂၊ ပုဒ်မခွဲ (င)၊ (စ)၊ (ဆ)နှင့် (ဇ)တို့တွင် ပါဝင်သည့် လက်နက် တစ်ခုခုကို  သယ်ယူခြင်း၊   လက်ဝယ်ထားခြင်း၊   ကိုင်ဆောင်ခြင်း သို့မဟုတ် မိမိ၏စီမံကြီးကြပ်မှုအောက်တွင်ထားရှိခြင်း မပြုရ။
၁၉။    မည်သူမျှ-
    (က)    နိုင်ငံတော်ပိုင်     လက်နက်    သို့မဟုတ်      ဥပဒေအရ ကိုင်ဆောင်ခွင့်ရှိသူပိုင် သေနတ်ကိုဖြစ်စေ၊ ခဲယမ်းကို ဖြစ်စေ ခိုးယူခြင်း သို့မဟုတ် ခိုးမှုကျူးလွန်ရန် အားထုတ် ခြင်း မပြုရ။
    ( ခ )    နိုင်ငံတော်ပိုင်    လက်နက်   သို့မဟုတ်     ဥပဒေအရ ကိုင်ဆောင်ခွင့်ရှိသူပိုင် သေနတ်ကိုဖြစ်စေ၊ ခဲယမ်းကို ဖြစ်စေ ရောင်းချခြင်း သို့မဟုတ် ရောင်းချရန် အားထုတ် ခြင်း မပြုရ။
    ( ဂ )    နိုင်ငံတော်ပိုင်    လက်နက်    သို့မဟုတ်     ဥပဒေအရ ကိုင်ဆောင်ခွင့်ရှိသူပိုင် သေနတ်ကိုဖြစ်စေ၊ ခဲယမ်းကို ဖြစ်စေ ဤဥပဒေအရ ကိုင်ဆောင်ခွင့်မရှိသော အခြားသူ တစ်ဦးအား တစ်နည်းနည်းဖြင့် လွှဲပြောင်းပေးအပ်ခြင်း သို့မဟုတ် ပေးအပ်ရန်အားထုတ်ခြင်း မပြုရ။
    (ဃ)    နိုင်ငံတော်ပိုင်    လက်နက်   သို့မဟုတ်     ဥပဒေအရ ကိုင်ဆောင်ခွင့်ရှိသူပိုင် သေနတ်ကိုဖြစ်စေ၊ ခဲယမ်းကို ဖြစ်စေ လုယူခြင်း သို့မဟုတ် လုယူရန်အားထုတ်ခြင်း  မပြုရ။
    ( င )    နိုင်ငံတော်    နစ်နာဆုံးရှုံးစေရန်     ကြံရွယ်ချက်ဖြင့် နိုင်ငံတော်ပိုင်လက်နက်ကို    ဖျက်ဆီးခြင်း     သို့မဟုတ် ပျက်စီးစေခြင်း မပြုရ။
၂၀။    လိုင်စင်  သို့မဟုတ်  ခွင့်ပြုမိန့်ဖြင့်  လက်နက်ကိုင်ဆောင်သူ မည်သူမျှ-
    (က)    လိုင်စင်ဖြစ်စေ၊ ခွင့်ပြုမိန့်ဖြစ်စေ သတ်မှတ်သက်တမ်း ကုန်ဆုံးပြီးနောက် သေနတ်နှင့် ခဲယမ်းများကို ကိုင်ဆောင် ခြင်း သို့မဟုတ် လက်ဝယ်ထားခြင်း မပြုရ။


    ( ခ )    တာဝန်ရှိသူက စစ်ဆေးရန်တောင်းဆိုသည့်အခါ လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်နှင့်အတူ သေနတ်နှင့်ခဲယမ်းတို့ကို ပြသရန်ပျက်ကွက်ခြင်း မရှိစေရ။
    ( ဂ )    နေရပ်မှ   ပြောင်းရွှေ့နေထိုင်ပါက  လိုင်စင်  သို့မဟုတ် ခွင့်ပြုမိန့်ထုတ်ပေးခဲ့သည့် ဒေသဆိုင်ရာ စိစစ်ခွင့်ပြုရေး အဖွဲ့သို့ သတ်မှတ်ထားသည့်ပုံစံဖြင့် တင်ပြရန် ပျက်ကွက် ခြင်း မရှိစေရ။
၂၁။    မည်သူမျှ-
    (က)    လိုင်စင်   သို့မဟုတ်   ခွင့်ပြုမိန့်ဖြင့်  ကိုင်ဆောင်သည့် လက်နက်ကို    စည်းကမ်း  ဖောက်ဖျက်ခြင်းကြောင့် ပြန်လည်အပ်နှံရန်    ညွှန်ကြားသည့်   အခါတွင်ဖြစ်စေ၊ အမိန့်ကြော်ငြာစာတစ်ခုခုအရ   အပ်နှံရန်     ညွှန်ကြား သည့်အခါတွင်ဖြစ်စေ မိမိလက်ဝယ်ရှိ သေနတ်နှင့် ခဲယမ်း များကို လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်နှင့်အတူ အနီးဆုံး ရဲစခန်းသို့ ချက်ချင်းလာရောက်အပ်နှံရမည်။
    ( ခ )    လိုင်စင်   သို့မဟုတ်  ခွင့်ပြုမိန့်   သက်တမ်းတိုးခြင်းကို ခွင့်မပြုသည့်အခါဖြစ်စေ၊ လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်ကို ရုပ်သိမ်းသည့်အခါ သို့မဟုတ် ပယ်ဖျက်သည့်အခါဖြစ်စေ မိမိလက်ဝယ်ရှိ   သေနတ်နှင့်   ခဲယမ်းများကို   လိုင်စင် သို့မဟုတ်     ခွင့်ပြုမိန့်နှင့်အတူ    အနီးဆုံးရဲစခန်းသို့ ချက်ချင်းလာရောက်အပ်နှံရမည်။
၂၂။    မည်သူမျှ အောက်ဖော်ပြပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ သတင်း မပေးရန်   လုံလောက်သော  အကြောင်းမရှိလျှင်   အနီးဆုံးရဲစခန်း သို့မဟုတ် အုပ်ချုပ်ရေးမှူးတစ်ဦးဦးထံသို့ အမြန်ဆုံးသတင်းပေးရန် ပျက်ကွက်ခြင်း မရှိစေရ-
    (က)    ဤဥပဒေပါ    ပြစ်မှုတစ်ရပ်ရပ်ကို     ကျူးလွန်ကြောင်း သိရှိခြင်း၊
    ( ခ )    ပုဒ်မ   ၂၊  ပုဒ်မခွဲ  (ခ)၊  (ဂ)၊  (ဃ)၊  (င)၊  (စ)၊  (ဆ) နှင့် (ဇ)  တို့တွင်  ဖော်ပြထားသည့်  လက်နက်တစ်ခုခုကို တွေ့ရှိခြင်း။
အခန်း(၇)
ပြစ်ဒဏ်များ
၂၃။    မည်သူမဆို-
    (က)    ပုဒ်မ ၁၅၊ ပုဒ်မခွဲ (က)နှင့် ပုဒ်မခွဲ (ခ) ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို    ဖောက်ဖျက်ကျူးလွန်ကြောင်း   ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးခြောက်လ မှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည်။
    ( ခ )    ပုဒ်မ ၁၅၊ ပုဒ်မခွဲ (ဂ) ပါ  တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း  ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်   ထိုသူကို  အနည်းဆုံးတစ်နှစ်မှ  အများဆုံး သုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည်။
၂၄။    မည်သူမဆို ပုဒ်မ ၁၆ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံးငါးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည်။
၂၅။    မည်သူမဆို ပုဒ်မ ၁၇ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးသုံးနှစ်မှ အများဆုံးခုနစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည်။
၂၆။    မည်သူမဆို ပုဒ်မ ၁၈ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးငါးနှစ်မှ အများဆုံးဆယ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည်။
၂၇။    မည်သူမဆို ပုဒ်မ ၁၉ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်း ဆုံး တစ်ဆယ်နှစ်မှ အများဆုံး ထောင်ဒဏ်တစ်သက်အထိဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်ရမည်။
၂၈။    မည်သူမဆို ပုဒ်မ ၂၀ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်  ထိုသူကို သုံးလ ထက်မပိုသော    ထောင်ဒဏ်ဖြစ်စေ၊    အနည်းဆုံးကျပ်တစ်သိန်းမှ အများဆုံးကျပ်သုံးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၂၉။    မည်သူမဆို ပုဒ်မ ၂၁ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကိုအနည်းဆုံး သုံးလမှ အများဆုံးတစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည်။
၃၀။    မည်သူမဆို ပုဒ်မ ၂၂ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို သုံးလ ထက်မပိုသော    ထောင်ဒဏ်ဖြစ်စေ၊   အနည်းဆုံး  ကျပ်တစ်သိန်းမှ အများဆုံး ကျပ်သုံးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
၃၁။    မည်သူမဆို    ဤဥပဒေပါ   တားမြစ်ချက်     တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ရာတွင်  အားပေးကူညီခြင်း၊  ပူးပေါင်းကြံစည် ခြင်း၊  အားထုတ်ခြင်းပြုကြောင်း  ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ယင်းပြစ်မှုအတွက် ဤဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ် ချမှတ်ခြင်းခံရမည်။
၃၂။    လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်ရရှိသူ မည်သူမဆို ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ၊  စည်းမျဉ်းနှင့်စည်းကမ်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက် နှင့်  လုပ်ထုံးလုပ်နည်းများပါ  သတ်မှတ်ချက်တစ်ရပ်ရပ်ကိုဖြစ်စေ လိုက်နာရန်   ပျက်ကွက်ပါက   ထိုသူကို    ခြောက်လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊  အနည်းဆုံးကျပ်   သုံးသိန်းမှ   အများဆုံးကျပ် ငါးသိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
အခန်း (၈)
သက်ဆိုင်မှုမရှိခြင်း
၃၃။    ဤဥပဒေအရ အရေးယူရာတွင် အောက်ပါတို့နှင့် သက်ဆိုင်ခြင်း မရှိစေရ-
    (က)    အိမ်သုံး၊  လယ်ယာသုံး၊  စက်မှုလုပ်ငန်းသုံး  သို့မဟုတ် အခြားလုပ်ငန်းသုံးအဖြစ် ပုဒ်မ ၂၊ ပုဒ်မခွဲ (ဂ)နှင့် (ဃ)တို့အရ အကျုံးဝင်သောလက်နက်များကို ဤဥပဒေနှင့် မဆန့်ကျင်ဘဲ     ကိုင်ဆောင်သွားလာခြင်း     သို့မဟုတ် လက်ဝယ်ထားခြင်း သို့မဟုတ် အသုံးပြုခြင်း။
    ( ခ )    ပုဒ်မ  ၃၉  အရ  ကိုင်ဆောင်ခွင့်ပြုသည့်  လက်နက်ကို သတ်မှတ်ထားသည့်     စည်းကမ်းချက်များနှင့်   အညီ သယ်ယူခြင်း၊ လက်ဝယ်ထားခြင်း၊ ကိုင်ဆောင်ခြင်းနှင့် အသုံးပြုခြင်း။
    ( ဂ )    နိုင်ငံတော်ပိုင်   လက်နက်နှင့်    နိုင်ငံတော်ပိုင်အဖြစ် သတ်မှတ်ထားသည့်     လက်နက်ကို      ဥပဒေနှင့်အညီ သိုလှောင်ခြင်း၊ လက်ဝယ်ထားခြင်း၊ မိမိ၏စီမံကြီးကြပ်မှု အောက်တွင်ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်း ခြင်း၊ လက်ခံခြင်းနှင့် အသုံးပြုခြင်း။
    (ဃ)    နိုင်ငံတော်ပိုင်   လက်နက်များ  ထုတ်လုပ်ခြင်း၊  သုံးစွဲ ခြင်း၊ အသွင်ပြောင်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ ထောက်ပံ့ခြင်း၊ ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ပြည်တွင်း သို့ တင်သွင်းခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊ သယ်ယူပို့ဆောင် ခြင်း၊ လွှဲပြောင်းခြင်း၊ လက်ခံခြင်းနှင့် အခြားနည်းဖြင့် စီမံခန့်ခွဲခြင်း။
    ( င )    တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ ဝန်ထမ်းများက နိုင်ငံတော်ပိုင် လက်နက်နှင့် ဤဥပဒေ အရ လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်ဖြင့် ကိုင်ဆောင်ခွင့်ပြု သော  လက်နက်ကို  ဥပဒေနှင့်အညီ  ကိုင်ဆောင်ခြင်း၊ လက်ဝယ်ထားခြင်း၊ မိမိ၏ စီမံကြီးကြပ်မှုအောက်တွင် ထားခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ လက်ခံ ခြင်းနှင့် အသုံးပြုခြင်း။
    ( စ )    ပြည်ထောင်စုအစိုးရ၏   ခွင့်ပြုချက်ဖြင့်    လက်နက် ကိုင်ဆောင်သည့်   အဖွဲ့အစည်းများက   သော်လည်း ကောင်း၊ ပုဂ္ဂိုလ်တစ်ဦးဦးကသော်လည်းကောင်း၊ အစိုးရ ဌာန၊ အစိုးရအဖွဲ့အစည်းတစ်ခုခုက သော်လည်းကောင်း ဤဥပဒေအရ     လိုင်စင်    သို့မဟုတ်     ခွင့်ပြုမိန့်ဖြင့် ကိုင်ဆောင်ခွင့်ပြုသည့်  လက်နက်ကို  ဥပဒေနှင့်အညီ ကိုင်ဆောင်ခြင်း၊ လက်ဝယ်ထားခြင်း၊ မိမိ၏ စီမံကြီးကြပ် မှုအောက်တွင်     ထားခြင်း၊      သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ လက်ခံခြင်းနှင့် အသုံးပြုခြင်း။
အခန်း(၉)
အထွေထွေ
၃၄။    ပုဒ်မ  ၂၃  အရ  အရေးယူ   ဆောင်ရွက်ရာတွင်   တွေ့ရှိသည့် လက်နက်များနှင့် စပ်လျဉ်း၍ အိမ်သုံး သို့မဟုတ် လယ်ယာလုပ်ငန်းသုံး သို့မဟုတ် စက်မှုလက်မှုလုပ်ငန်းသုံး သို့မဟုတ် အခြားလုပ်ငန်းသုံး တစ်ခုခုအတွက်အသုံးပြုရန် ရည်ရွယ်ကြောင်း သို့မဟုတ် ပုဒ်မ ၃၉ အရ  ကိုင်ဆောင်ခွင့်ပြုသော  လက်နက်နှင့်စပ်လျဉ်း၍ သတ်မှတ် ထားသော စည်းကမ်းချက်များနှင့်အညီ ကိုင်ဆောင်ခြင်း၊ လက်ဝယ် ထားခြင်း၊ သယ်ဆောင်ခြင်း သို့မဟုတ် အသုံးပြုခြင်းဖြစ်ကြောင်း သက်သေထင်ရှားပြရန် တာဝန်သည် စွပ်စွဲခံရသူအပေါ်တွင် ကျရောက် စေရမည်။
၃၅။    တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ ပုဒ်မ ၂၆  အရ  စွဲဆိုသောပြစ်မှုတွင်  နိုင်ငံတော်  ပုန်ကန်မှုကျူးလွန်ရန် အကြံမရှိကြောင်း သက်သေထင်ရှားမပြနိုင်သူကို နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ရန်အကြံရှိသည်ဟု မှတ်ယူရမည်။
၃၆။    ဇီဝလက်နက်၊   ဓာတုလက်နက်နှင့်   နျူကလီးယားလက်နက် များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ တည်ဆဲဥပဒေများနှင့် အရေးယူ ရမည်။
၃၇။    ဤဥပဒေပါ ပြစ်မှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများ အဖြစ် သတ်မှတ်သည်။
၃၈။    ပုဒ်မ ၂၃ အရ တရားစွဲဆိုရာ၌ ခရိုင်ရဲတပ်ဖွဲ့မှူး၏ ကြိုတင် ခွင့်ပြုချက်ရယူရမည်။
၃၉။    ပုဒ်မ ၈ အရ    ကိုင်ဆောင်ခွင့်ပြုထားသည့်     လက်နက်ကို သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်မညီဘဲ ကိုင်ဆောင်ခြင်း၊ လက်ဝယ်ထားခြင်း၊  သယ်ဆောင်ခြင်း၊  သို့မဟုတ်  အသုံးပြုခြင်း ဖြစ်ကြောင်းပေါ်ပေါက်ပါက ဤဥပဒေအရ အရေးယူခြင်းခံရမည်။
၄၀။    တရားရုံးသည် -
    (က)    ပြစ်မှုနှင့်သက်ဆိုင်သည့် လက်နက်များကို နိုင်ငံ့ဘဏ္ဍာ အဖြစ်သိမ်းဆည်းပြီး သက်ဆိုင်ရာသို့ အပ်နှံစေရမည်။
    ( ခ )    ပြစ်မှုနှင့်   သက်ဆိုင်သည့်   သက်သေခံပစ္စည်းများကို နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်။
၄၁။    ဤဥပဒေအရ   တရားစွဲဆိုတင်ပို့သော   ပြစ်မှုတစ်ရပ်ရပ်နှင့် စပ်လျဉ်းသည့် သက်သေခံပစ္စည်းသည် တရားရုံးရှေ့သို့ တင်ပို့ရန် မလွယ်ကူသော ပစ္စည်းဖြစ်ပါက ယင်းပစ္စည်းကို မည်ကဲ့သို့ထိန်းသိမ်း ထားကြောင်း အစီရင်ခံစာ သို့မဟုတ် သက်ဆိုင်ရာ စာရွက်စာတမ်း အထောက်အထားများဖြင့် တင်ပြနိုင်သည်။ ယင်းသို့ တင်ပြခြင်းကို တရားရုံးရှေ့သို့   သက်သေခံပစ္စည်း   တင်ပြသကဲ့သို့   မှတ်ယူကာ သက်ဆိုင်ရာ တရားရုံးက ဥပဒေနှင့်အညီ စီမံခန့်ခွဲသည့် အမိန့်ချမှတ် ရမည်။
၄၂။    (က)    ဤဥပဒေအာဏာမတည်မီက ထုတ်ပေးခဲ့သော လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့်နှင့် မှတ်ပုံတင်ခြင်းတို့ကို ဤဥပဒေ အရထုတ်ပေးထားသော လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့် ထုတ်ပေးခြင်းဖြစ်သည်ဟု မှတ်ယူရမည်။
    ( ခ )    ပုဒ်မခွဲ (က) အရ သေနတ်နှင့် ခဲယမ်းများ ကိုင်ဆောင် သူသည် လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့် သို့မဟုတ် မှတ်ပုံ တင်ခြင်းသက်တမ်းကုန်ဆုံးလျှင် ဆက်လက်ကိုင်ဆောင် လိုပါက ဤဥပဒေနှင့်အညီ လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့် လျှောက်ထားခြင်းနှင့်       သက်တမ်းတိုးခြင်း      တို့ကို ဆောင်ရွက်ရမည်။
၄၃။    ဤဥပဒေပါ    ပြဋ္ဌာန်းချက်များကို   အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်-
    (က)    ဝန်ကြီးဌာနသည်    နည်းဥပဒေများ၊     စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
    ( ခ )    ဝန်ကြီးဌာန၊ ကြီးကြပ်မှုကော်မတီနှင့် လိုင်စင် သို့မဟုတ် ခွင့်ပြုမိန့် စိစစ်ခွင့်ပြုရေး ဗဟိုအဖွဲ့တို့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံး  လုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
၄၄။    ဤဥပဒေဖြင့်-
    (က)    အောက်ပါအက်ဥပဒေများကို ရုပ်သိမ်းလိုက်သည်-
    (၁)    The Arms Act(India Act XI,1878)၊
    (၂)    ၁၉၄၉ ခုနှစ်၊ လက်နက်(အရေးပေါ် ပြစ်ဒဏ်စီရင် မှု) (ယာယီ)အက်ဥပဒေ၊
    (၃)    ၁၉၄၉ ခုနှစ်၊  လက်နက်  (အရေးပေါ် ပြစ်ဒဏ် စီရင်မှု) တချက်လွှတ်ဥပဒေ။
    (၄)    The Arms (Temporary Amendment) Act (Act LI, 1951) ။
    ( ခ )    The Shan States Arms Order, 1924 အမိန့်ကို ပယ်ဖျက် လိုက်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်-    

    (ပုံ)မင်းအောင်လှိုင်
    ဗိုလ်ချုပ်မှူးကြီး
    ဥက္ကဋ္ဌ
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ