
မြစ်ကြီးနား မေ ၉
ကချင်ပြည်နယ်အတွင်းရှိ ယာယီ ခိုလှုံရာစခန်းများမှ နေရပ်စွန့်ခွာ ပြည်သူများအား ၎င်းတို့၏ မူလ နေရပ် ကျေးရွာသို့ ရွှေ့ပြောင်း နေထိုင်နိုင်ရေး တရုတ်နိုင်ငံမှ ထောက်ပံ့ငွေ ယွမ်လေးသန်းဖြင့် အိမ်ထောင်စုများ၏ နေအိမ်များ ပြုပြင်ဆောက်လုပ်ခြင်း၊ အသစ် တည်ဆောက်ပေးခဲ့ခြင်းများ စီမံ ဆောင်ရွက်ပေးခဲ့ရာ ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးကျော်မင်းခိုင်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေးသံမှူး မစ္စတာ တန်ရှူဖူနှင့် အဖွဲ့ဝင်များ မေ ၈ ရက်က ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးနှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနား နှင့် ဝိုင်းမော်မြို့နယ်များအတွင်းရှိ ယာယီခိုလှုံရာစခန်းများမှ ၎င်းတို့ ၏ နေရပ်ကျေးရွာများဖြစ်သည့် ဂါးရာယန်၊ ကဇူးနှင့် ဒဘတ်ယန် ကျေးရွာများတွင် ရွှေ့ပြောင်း နေထိုင်ကြရာ တရုတ်နိုင်ငံမှ လွှဲပြောင်းထောက်ပံ့ငွေများအား ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ် မှုဖြင့် ဒဘတ်ယန်ကျေးရွာအတွင်း အိမ်ထောင်စု ၃၀ အတွက် နေအိမ် တစ်လုံးလျှင် ကုန်ကျငွေကျပ် ၇ ဒသမ ၄၅ သန်းတန်ဖိုးရှိ စတီး နှင့် အုပ်ညှပ်အမျိုးအစား နေအိမ် အသစ် ၃၀ တည်ဆောက်ပေး ထားမှုနှင့် နေအိမ်ဝင်းအတွင်း ရေဘုံဘိုင် တူးဖော်ပေးထားမှု၊ နေအိမ် ငါးလုံး ပြင်ဆင်ခြင်း အတွက် တစ်အိမ်လျှင် ငွေကျပ် နှစ်သန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၀ သန်းဖြင့် ပြုပြင်ပေးထားမှု အခြေအနေကို ကြည့်ရှုစစ်ဆေး ကြသည်။
ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း ခန်းမ ဆောင်၌ နေရပ်ပြန်အိမ်ထောင်စု များနှင့် တွေ့ဆုံရာ ကျေးရွာများ အတွင်း လိုအပ်ချက်ရှိသည့် မီးလင်း ရေး၊ စိုက်ပျိုးရေးနည်းပညာနှင့် စိုက်ပျိုးရေရရှိရေး၊ ဈေးကွက် ဖော်ဆောင်ပေးနိုင်ရေး၊ ပညာရေး အတွက် ကျောင်းဆောင်များ ပြုပြင် ဆောက်လုပ်ပေးနိုင်ရေး တင်ပြမှုအပေါ် သံမှူးက အိမ်ထောင်စုများ၏ လိုအပ်ချက် များ ထပ်မံကူညီပံ့ပိုးပေးနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့နှင့် ဆွေးနွေး တိုင်ပင်သွားမည့် ကိစ္စရပ်များ ကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြည်နယ်တိုင်းရင်း သားရေးရာဝန်ကြီးက အိမ်ထောင်စု များအတွက် ထောက်ပံ့ငွေကျပ် ငါးသိန်းကို ထောက်ပံ့ပေးအပ် သည်။
ဆက်လက်၍ ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး၊ သံမှူး နှင့် အဖွဲ့ဝင်များသည် ဒဘတ်ယန် ကျေးရွာအတွင်းရှိ အခြေခံပညာ မူလတန်းကျောင်းဆောင် ပျက်စီး ယိုယွင်းနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြ သည်။
ကချင်ပြည်နယ် အစိုးရအဖွဲ့ အနေဖြင့် နေရပ်စွန့်ခွာပြည်သူများ အား ၎င်းတို့၏ နေရပ်ပြန်လည် နေထိုင်နိုင်ရေး၊ ပြန်လည် ထူထောင်ရေးအတွက် တရုတ် နိုင်ငံက ထောက်ပံ့ငွေယွမ် လေးသန်းဖြင့် အဆိုပါ ဒဘတ်ယန် ကျေးရွာအပါအဝင် နန်ဆန်ယန် ကျေးရွာတွင် နေအိမ်အသစ် ၃၉ လုံး၊ ပြင်ဆင်ပေးသည့် နေအိမ် ၁၂ လုံးနှင့် မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာတွင် နေအိမ် အသစ် ၁၉ လုံး၊ ပြင်ဆင်စရိတ်ဖြင့် နေအိမ် ရှစ်လုံးတို့အတွက် ထောက်ပံ့ပေးထားကြောင်း သိရ သည်။
ပြည်နယ်(ပြန်/ဆက်)