
ရန်ကုန် မေ ၄
စက်မှုဇုန်များအတွက် စက်သုံးဆီဝယ်ယူရာတွင် အဆင်ပြေချောမွေ့ စေရေး ညှိနှိုင်းဆွေးနွေးပွဲကို ဧပြီ နောက်ဆုံးရက်က ကုန်သည်စက်မှု အသင်းချုပ်၌ ကျင်းပခဲ့ရာ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးညွန့်အောင်က အမှာ စကား ပြောကြားခဲ့ပြီး ကော်မတီအတွင်းရေးမှူး ဦးမိုးမြင့်က စက်မှုဇုန် များ၏ စက်သုံးဆီလိုအပ်ချက်ဆိုင်ရာ ဆောင်ရွက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆွေးနွေးပွဲတွင် ကုန်သည်စက်မှုအသင်းချုပ် အထွေထွေအတွင်း ရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်က အသင်းချုပ်အနေဖြင့် စက်မှုဇုန်များ စက်သုံးဆီများ အဆင်ပြေစွာဝယ်ယူရရှိနိုင်ရေးအတွက် အသင်းချုပ် တွင် စက်သုံးဆီလွယ်ကူ ချောမွေ့စွာဝယ်ယူရရှိနိုင်ရေးအဖွဲ့ကို ဖွဲ့စည်းထားရှိကာ အသင်းချုပ်၏ ဒုတိယဥက္ကဋ္ဌဦးအေးထွန်းက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်းပြောကြား သည်။
Google Sheet အသုံးပြု၍ စက်သုံးဆီ ဝယ်ယူလျှောက်ထားရန် သတ်မှတ်ထားရှိပြီး နှစ်ပတ်တာကာလအတွင်း စက်မှုဇုန်တွင်းနှင့် ဇုန်ပြင်ပလုပ်ငန်းများတွင် စက်သုံးဆီရရှိမှုမှာ ပိုမိုအဆင်ပြေလာ သည်ဟု ကြားသိရပါကြောင်း၊ ဇုန်ပြင်ပမှ လုပ်ငန်းများအနေဖြင့်လည်း မိမိတို့၏ သက်ဆိုင်ရာအသင်းအဖွဲ့ ထောက်ခံချက်ရယူ ၍ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း (MIA) တွင် လျှောက်ထားပြီး ကုန်သည်စက်မှုအသင်းချုပ်မှ အချက်အလက်များ စုစည်းတင်ပြခြင်း ဖြင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ဒေါ်ခိုင်ခိုင်နွယ်က ဆက်လက်ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စက်မှုဇုန်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိကိုယ်စားလှယ် များက စက်သုံးဆီဝယ်ယူရာ၌ ကြုံတွေ့ရသည့် အခြေအနေ၊ အခက် အခဲများနှင့် အကြံပြုချက်များကိုလည်း တင်ပြဆွေးနွေးခဲ့ကြသည်။
ကိုရိုး