
နေပြည်တော် မေ ၃
ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ၁၂ လရာသီပွဲတော် တွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်ဗုဒ္ဓနေ့ဖြစ်သော ယနေ့ ကျရောက်သည့် ကဆုန်ညောင်ရေသွန်းပွဲတော်တွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်တော် မြောက်ဘက်အရပ်ရှိ မဟာဗောဓိ ညောင်ပင်တော်များအား (၁၅)ကြိမ်မြောက် ကဆုန် ညောင်ရေ သွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်း အနားကို ယနေ့ညနေပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့က မဟာဗောဓိညောင်ပင် တော်များကို ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များ နှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး (ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မောင်မောင် အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဝတ်အသင်း အဖွဲ့များ တက်ရောက်ကြသည်။
လက်ယာရစ်လှည့်လည်ပူဇော်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များ နှင့်ဇနီးများ၊ အခမ်းအနားတက်ရောက်လာကြသူများ သည် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ပရိဝုဏ်တော် အတွင်းရှိ မဟာဗောဓိညောင်ပင်များအား ညောင်ရေ သွန်းလောင်းပူဇော်ရန် နေရာယူကြရာ အခမ်းအနား မှူးက မဟာဗောဓိရုက္ခသိဉ္စန ပူဇာ ဂါထာတော်ကို ရွတ်ဖတ်ပူဇော်၍ သာဓုသုံးကြိမ်ခေါ်ဆိုပြီး သတ်မှတ် ထားသည့်နေရာများအလိုက် မဟာဗောဓိညောင်ပင် တော်များအား ညောင်ရေသွန်းလောင်းပူဇော်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြကာ မဟာ ဗောဓိညောင်ပင်များအား လက်ယာရစ် လှည့်လည် ပူဇော်ကြသည်။
ညောင်ရေသွန်းလောင်းပူဇော်
ထို့ပြင် ဇေယျာသီရိမြို့နယ် လောကချမ်းသာဆုတောင်းပြည့်အသင်းဘုရားကြီးရှိ မဟာဗောဓိ ညောင်ပင်များကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူ လှ တို့ အမှူးပြု၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်မိသားစုများက ကဆုန် ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြသည်။
နေ့ထူးနေ့မြတ်အဖြစ် အထွတ်အမြတ်ထား
အဆိုပါ ကဆုန်လပြည့်နေ့သည် ဒီပင်္ကရာ မြတ်စွာဘုရားက ဂေါတမဘုရား အလောင်းတော် သုမေဓာရှင်ရသေ့အား “ဘဒ္ဒကမ္ဘာတွင် ဘုရားအဖြစ် ကိုရလိမ့်မည်” ဟု ဗျာဒိတ်တော်စကား မိန့်ကြား တော်မူသောနေ့၊ ဘုရားအလောင်းတော် သိဒ္ဓတ္ထ မင်းသား ဖွားမြင်သောနေ့၊ သဗ္ဗညုဘုရားရှင်အဖြစ်သို့ ရောက်တော်မူသောနေ့၊ ပရိနိဗ္ဗာန်စံတော်မူသောနေ့ ယင်းနေ့များသည် ကဆုန်လပြည့်နေ့များတွင်ပင် ဖြစ်သဖြင့် “ဗျာဒိတ်ဖွားမြင် ဗောဓိပင်၊ စံဝင်နိဗ္ဗာန် နန်း” ဟု မှတ်တမ်းပြုကြပြီး ကဆုန်လပြည့် ဗုဒ္ဓနေ့ ဟူ၍ ဗုဒ္ဓဘာသာဝင်များက နေ့ထူးနေ့မြတ်အဖြစ် အထွတ်အမြတ်ထား၍ ကျင်းပပူဇော်လေ့ရှိကြောင်း၊ ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ ဂေါတမ မြတ်စွာဘုရားသာလျှင်မကဘဲ သဗ္ဗညုမြတ်စွာ ဘုရားရှင်တို့၏ ဖွားမြင်တော်မူသောနေ့၊ ဘုရား ဖြစ်တော်မူသောနေ့၊ ပရိနိဗ္ဗာန်ပြုသောနေ့များမှာ လည်း ကဆုန်လပြည့်နေ့ပင်ဖြစ်၍ ကဆုန်လပြည့်နေ့ ကို “ဗုဒ္ဓနေ့”ဟု သတ်မှတ်ခြင်းဖြစ်ကြောင်း၊ ကဆုန် ညောင်ရေသွန်းပွဲတော်သည် ကုသိုလ်ယူဖွယ်ရာ၊ ဝမ်းသာကြည်နူးဖွယ်ရာ ဘာသာရေးဆိုင်ရာပွဲတော် တစ်ခုဖြစ်သည့်အပြင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် တစ်ရပ်အဖြစ် ကျင်းပပြုလုပ်သည့် ပွဲတော်ဖြစ် ကြောင်းနှင့် ကဆုန်လပြည့်နေ့မတိုင်မီ တစ်ရက်အလို တွင် ညောင်ရေသွန်းလောင်းကြမည့် ညောင်ပင်များ ကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခြင်း၊ မဟာ ဗောဓိပင်ပလ္လင်တော်အား ကြည်ညိုစဖွယ်ဖြစ်အောင် ပြင်ဆင်ခြင်း စသည့်ကုသိုလ်ယူဖွယ်များကို ပြုလုပ် လေ့ရှိကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်