
နေပြည်တော် မေ ၂
ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကိုကို၊ ဒေါက်တာပွင့်ဆန်း၊ ဒေါက်တာ ညွန့်ဖေ၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီးများ၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိ သူများ တက်ရောက်ကြသည်။
ကူးစက်မှုအနည်းငယ်မြင့်တက်
ဦးစွာ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ်က အမှာစကားပြောကြားရာတွင် ဧပြီ ၁ ရက် မှစ၍ မြန်မာနိုင်ငံအတွင်း၌ အိမ်နီးချင်းနိုင်ငံများ တွင်ဖြစ်ပွားနေသော အိုမီခရွန်မျိုးကွဲ (Arcturus)(အာတူးရပ်စ်) XBB.1.16 စတင်ကူးစက်မှုရှိသည် ကို စောင့်ကြည့်မှုအရ တွေ့ရှိရပြီး သင်္ကြန်ကာလ နောက်ပိုင်းတွင် ပိုမိုကူးစက်မှု အနည်းငယ်မြင့်တက် လာသည်ကို တွေ့ရှိရကြောင်း၊ သို့သော်လည်း ယခင် ဖြစ်ပေါ်ခဲ့သည့် အိုမီခရွန် ကူးစက်မှုအနေအထား များနှင့် နှိုင်းယှဉ်ပါက စိုးရိမ်ဖွယ်ရာမရှိသည်ကို တွေ့ရှိရပြီး ဧပြီလ တစ်လအတွင်း ဧပြီ ၂၉ ရက်တွင် ရောဂါပိုး တွေ့ရှိသူ ၁၃၀ ၊ ကူးစက်မှုနှုန်း ၁ ဒသမ ၁၄ ရာခိုင်နှုန်းအထိ အမြင့်မားဆုံး ကူးစက်မှု ဖြစ်ပေါ် ခဲ့သည်ကို တွေ့ရှိခဲ့ရကာ ကျန်သည့်ရက်များ၌ ကူးစက်မှုနှုန်းသည် တစ်ရာခိုင်နှုန်းအောက်သာ ရှိသည်ကို တွေ့ရှိရကြောင်း၊ ကူးစက်ခံရသူများအနက် သေဆုံးမှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် နှစ်ဦး ရှိခဲ့ကြောင်း၊ ဧပြီ ၁ ရက်မှ မေ ၁ ရက်အထိ အိုမီခရွန် ဗီဇပြောင်းမျိုးကွဲအသစ်ကူးစက်ခံရသူ ၉၀၃ ဦးခန့် ကူးစက်ခံခဲ့ရသည်ကို တွေ့ရှိရကြောင်း၊ အိုမီခရွန် ဗီဇပြောင်းမျိုးကွဲအသစ်ဖြစ်သည့် (Arcturus) သည် သက်ဆိုင်ရာပညာရှင်များ၏ သုံးသပ်ချက်များအရ ယခင်ဖြစ်ပေါ်ခဲ့သည့် ကိုဗစ်မျိုးကွဲများလောက် ပြင်းထန်မှုမရှိဟု သုံးသပ်ထားကြကြောင်း၊ ထူးခြား ချက်အနေဖြင့် ရောဂါပိုးတွေ့ရှိသူအများစုတွင် မျက်စိ နာခြင်း၊ နားကိုက်ခြင်းများ ဖြစ်ပေါ်ကြသည်ကို ထူးခြားချက်တစ်ခုအဖြစ် မှတ်သားတွေ့ရှိရပြီး ဆက်လက်လေ့လာ ဆန်းစစ်၍ အသိပညာပေး မှုများ ဆောင်ရွက်ရာတွင် ထည့်သွင်းဖော်ပြသွားရန် လိုကြောင်း။
စိုးရိမ်ဖွယ်ရာမရှိ
ယနေ့ မိမိတို့ ကော်မတီအစည်းအဝေးပြုလုပ် ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အိုမီခရွန်ဗီဇ ပြောင်း မျိုးကွဲအသစ် (Arcturus) ဖြစ်ပွားလျက် ရှိသည်ဖြစ်သော်လည်း ဖြစ်ပွားမှုနှုန်း မြင့်တက်မှု မရှိစေရေး စောင့်ကြည့်ရန်၊ ထိန်းချုပ်ရန်၊ အသိပညာ ပေးရန်၊ ရောဂါဖြစ်ပေါ်မှုများနှင့်ပတ်သက်၍ လိုအပ် သည်များကို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်သွား ရန်အတွက် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ယခုတွေ့ရှိရ သည့် အိုမီခရွန် ဗီဇပြောင်းမျိုးကွဲအား ကုသရာတွင် လည်း ယခင်ကိုဗစ် - ၁၉ မျိုးကွဲများကုသရာတွင် အသုံးပြုသည့် ဆေးဝါးများဖြင့် ဆက်လက်ကုသ နိုင်ကြောင်း သိရသဖြင့် စိုးရိမ်ဖွယ်ရာမရှိကြောင်း၊ ကာကွယ်ဆေးများကို မှန်မှန်ကန်ကန် ဆက်လက် ထိုးနှံသွားရန်၊ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ယခင်အတိုင်း ဆက်လက်ဆောင်ရွက်သွားရန်ဖြစ် ကြောင်း၊ စိုးရိမ်ရခြင်းမရှိဟု ဆိုရာတွင်လည်း ပေါ့ဆ ၍ ရမည်မဟုတ်ကြောင်း၊ စတင်ဖြစ်ပေါ်ကတည်းက ပင် နိုင်နိုင်နင်းနင်း ဖိဖိစီးစီး ဆောင်ရွက်သွားကြရ မည်ဖြစ်ကြောင်း၊ ရောဂါကာကွယ် ထိန်းချုပ်ကုသ ရေးနှင့် ပတ်သက်၍ Test Kit လိုအပ်ချက်များ၊ အောက်ဆီဂျင် လိုအပ်ချက်များ ပြည့်စုံမှု ရှိ၊ မရှိ၊ Quarantine စင်တာများ အသင့်ဖြစ်မှု စသည်တို့ကို စစ်ဆေးဆောင်ရွက်၍ အသင့်ပြင်ထားကြရမည် ဖြစ်ကြောင်း၊ လိုအပ်သည့်ဆေးဝါးများ လုံလောက်မှု ရှိစေရေးနှင့် ကာကွယ်ဆေးထိုးနှံမှု အကြိမ်ရေ ပြည့်မီမှုရှိစေရေး စသည်တို့ကို ဆွေးနွေး၍ မိမိတို့ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းများကို ပြန်လည် စတင်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက လွန်ခဲ့သည့် ၂၈ ရက်အတွင်း ကမ္ဘာတစ်ဝန်း၊ ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံအလိုက် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှု၊ သေဆုံးမှု အခြေအနေများအား နှိုင်းယှဉ် တင်ပြချက်၊ အိုမီခရွန်ဗီဇပြောင်းမျိုးကွဲ အသစ် XBB.1.16 (Arcturus) ကူးစက်မှု၊ မြန်မာ နိုင်ငံတွင် လတ်တလောဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (Variants) စစ်ဆေးတွေ့ရှိရမှု၊ ပြည်တွင်း ကူးစက်ဖြစ်ပွားသူများနှင့် ပြည်ပပြန်များ တွင် ရောဂါပိုးတွေ့ရှိရမှု၊ လွန်ခဲ့သည့် ၁၄ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရမှု၊ ၂၀၂၃ ဧပြီလအတွင်း ကိုဗစ်-၁၉ ရောဂါ အစုလိုက်ဖြစ်ပွားကူးစက်မှု၊ ရောဂါပိုးတွေ့ရှိ ရသူများအား သီးခြားထားရှိမည့် အစီအစဉ်များ၊ ဦးတည်အသက်အုပ်စုအလိုက် ကာကွယ်ဆေး ထိုးနှံ ပြီးစီးမှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး သိုလှောင်ထားရှိသည့် အခြေအနေများ၊ မြန်မာ နိုင်ငံတွင် လက်ရှိကိုဗစ် - ၁၉ ရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေများကို သုံးသပ်ချက်များနှင့် ဆောင်ရွက် ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ၊ ပြည်သူလူထုသို့ ကိုဗစ်-၁၉ ရောဂါ နှင့်ပတ်သက်၍ အသိပေး တိုက်တွန်းနှိုးဆော်ချက် များတွင် ပါရှိသင့်သည့် လိုက်နာဆောင်ရွက်ရန် အချက်များကို Powerpoint presentation ဖြင့် ရှင်းလင်းတင်ပြသည်။
ဆောင်ရွက်မှုအခြေအနေများ တင်ပြဆွေးနွေး
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက် လာကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများနှင့် တာဝန် ရှိသူများက သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဆက်စပ်ကဏ္ဍများအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင် ရွက်ထားရှိမှု၊ လိုအပ်သည့် ဆေးဝါးများ၊ အောက်ဆီ ဂျင်နှင့် ကာကွယ်ရေးပစ္စည်းများ ပြည့်မီမှုရှိစေရေး၊ ကာကွယ်ဆေးထိုးနှံမှု အကြိမ်ရေ ပြည့်မီမှုရှိစေရေး နှင့် လတ်တလောဖြစ်ပွားလျက်ရှိသည့် အိုမီခရွန်ဗီဇ ပြောင်း မျိုးကွဲအသစ်နှင့်ပတ်သက်၍ အသိပညာ ရရှိစေရေးတို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိမှု၊ ကိုဗစ် - ၁၉ တတိယလှိုင်းကာလအတွင်း စေတနာ့ဝန်ထမ်းများ နှင့် ပရဟိတ အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ခဲ့မှုနှင့် လက်ရှိ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ တွင်လည်း ပါဝင်နိုင်ရေး နှိုးဆော်ထားရှိမှု၊ မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်းမှ စက်ရုံအလုပ်ရုံများ၊ ပုဂ္ဂလိကစက်ရုံများမှ အောက်ဆီဂျင် ထုတ်လုပ်နိုင် မှုနှင့် အောက်ဆီဂျင်လိုအပ်ချက်အား ကျန်းမာရေး ဝန်ကြီးဌာန၏ လိုအပ်ချက်အတိုင်း ပြည့်မီအောင် ထုတ်လုပ်နိုင်ရေး အသင့်ပြင်ဆင်ထားရှိမှု၊ လက်ရှိ အချိန်အထိ ကမ္ဘာ့နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် မြန်မာနိုင်ငံတို့၌ အိုမီခရွန် ဗီဇပြောင်းမျိုးကွဲအသစ် (Arcturus) ကူးစက်ခံရမှုများနှင့် သုံးသပ်တွေ့ရှိရမှု၊ ကာကွယ် ထိန်းချုပ်ကုသနိုင်ရေးအတွက် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အသီးသီးတွင် ကုသရေး ဆေးရုံများ၊ Quarantine Center များ ကြိုတင်ပြင်ဆင်ထားရှိမှု၊ နယ်စပ် ဝင်၊ ထွက် ဂိတ်များမှ ဝင်ထွက်သွားလာမှု များကို ကိုဗစ်-၁၉ ကန့်သတ်ချက်များအညီဖြစ်စေရေး ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ အိုမီခရွန်ဗီဇပြောင်းမျိုးကွဲအသစ် XBB.1.16 (Arcturus) သည် ယခင် ကူးစက်ဖြစ်ပွားလျက်ရှိသည့် XBB.1 နှင့် XBB.1.15 တို့ထက် ကူးစက်မှုနှုန်း မြန်ဆန်သည်ဖြစ်သော်လည်း ရောဂါလက္ခဏာ ပိုမိုပြင်းထန်မှုမရှိသည်ကို လေ့လာ သုံးသပ်ချက်များအရ တွေ့ရှိရမှု၊ ထိုသို့ တွေ့ရှိရမှု များအရ ခရီးသွားလာမှုများ၊ လူစုလူဝေး ဆောင်ရွက် မှုများကို ကန့်သတ်ဆောင်ရွက်ရန်အထိ တင်းကျပ် ဆောင်ရွက်ရန်မလိုဘဲ လူတစ်ဦးချင်းစီ၏ အသိ စိတ်ဓာတ်ဖြင့်သာ ကာကွယ်ဆောင်ရွက်နိုင်ကြောင်း ကို သုံးသပ်တွေ့ရှိရမှု၊ လူတစ်ဦးချင်းစီ၏ ကာကွယ် ဆေးထိုးနှံမှုမှတ်တမ်းများကို လွယ်ကူစွာ သိရှိနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက် လျက်ရှိမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် မှုများ စနစ်တကျရှိစေရေး ကြပ်မတ်ဆောင်ရွက် လျက်ရှိမှု စသည့်အခြေအနေများကို တင်ပြဆွေးနွေး ကြသည်။
ရောဂါစစ်ဆေးမှုများကို
မပျက်မကွက်ဆောင်ရွက်
ထို့နောက် ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ်က စိစစ်ချက်အရ ရန်ကုန်တိုင်းဒေသကြီး သည် တစ်လအတွင်း ၅၃၉ ဦးဖြင့် ကူးစက်မှုနှုန်း အများဆုံးဖြစ်ပြီး ကရင်ပြည်နယ်တွင် ၁၉၆ ဦးဖြင့် ဒုတိယ အများဆုံးဖြစ်သဖြင့် ကူးစက်မှုနှုန်းထပ်မံ တိုးမြင့်မလာစေရေး စနစ်တကျ ထိန်းချုပ်ကြပ်မတ် ဆောင်ရွက်ရန်လိုကြောင်း၊ နယ်စပ်ဝင်ပေါက်များ တွင် ဝင်ရောက်လာသူမှန်သမျှကို ကိုဗစ် - ၁၉ ရောဂါ စစ်ဆေးမှုများကို မပျက်မကွက် ဆောင်ရွက်ရန်လိုပြီး ရောဂါပိုးတွေ့ရှိရသူများကို သတ်မှတ်နေရာများသို့ ပို့ဆောင်၍ ကုသမှုများ ဆက်လက်ဆောင်ရွက်သွား ရန်လိုကြောင်း၊ ယခင်ဖြစ်စဉ်များတွင် အစုအဖွဲ့ အများဆုံးဖြစ်ပြီး ရောဂါပိုးတွေ့ရှိပါက ကူးစက်မှု အများဆုံးဖြစ်သည့် ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ စာသင်တိုက်များ စသည်ကဲ့သို့ အစုအဖွဲ့များရှိသည့် နေရာများ၌ ကူးစက်မှုများ ဖြစ်ပေါ်ပါက ဆက်နွှယ်နေသူများ အားလုံးကို ကြပ်ကြပ်မတ်မတ် စစ်ဆေးဆောင်ရွက်ရန်လို ကြောင်း၊ ကာကွယ်ထိန်းချုပ်ကုသရေးပစ္စည်း လိုအပ် ချက်များကိုလည်း အမြဲမပြတ် စစ်ဆေးဆောင်ရွက် ရမည်ဖြစ်ကြောင်းနှင့် တက်ရောက်လာကြသူများ၏ ဆွေးနွေးချက်များအပေါ် ပြန်လည်သုံးသပ်ဆွေးနွေး ပြီး ဆောင်ရွက်သင့်သည့် လုပ်ငန်းများကို ညှိနှိုင်း ပေါင်းစပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်