
အောင်လံ ဧပြီ ၂၉
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် စကား တောင်ကိုးကွေ့အနီး ဧရာဝတီမြစ်ရေ တိုက်စားမှုကာကွယ်ရေးလုပ်ငန်းနှင့် ပြလို့ရေနံအစမ်းတွင်း တူးဖော်သည့်နေရာများကို တိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ဧပြီ ၂၇ ရက် တွင် ကွင်းဆင်းစစ်ဆေးသည်။
စကားတောင်ကိုးကွေ့အနီး ဧရာဝတီမြစ်ရေ တိုက်စားမှု ကာကွယ်ရေးလုပ်ငန်းနှင့်ပတ်သက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ရှင်းလင်းဆောင်တွင် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာန တိုင်းဦးစီးမှူးဦးဌေးအောင်က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြပြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို မှာကြား၍ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက် နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စွမ်းအင် ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း ပြလို့ရေနံအစမ်းတွင်းဒေသ တူးဖော်သည့် နေရာသို့ရောက်ရှိရာ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း ဒုတိယဦးဆောင်ညွှန်ကြားရေးမှူး က တွင်းတူးဖော်ရသည့် အကြောင်းအရင်းများ၊ ပြလို့အစမ်းတွင်းအမှတ် NW 3-1 ကို ZJ 50D Sr-2 တွင်းတူးစက်ဖြင့် တူးဖော်နေမှု။ တွင်းတူးဖော်ရာတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်း သဘာဝအရဖြစ်နိုင်သည့် အန္တရာယ်အခက်အခဲများကင်းရှင်းရေးအတွက် ကြိုတင်စီမံချက်များ ရေးဆွဲ ထားကြောင်း၊ နည်းပညာဆွေးနွေးခြင်းနှင့် နည်းပညာ မျှဝေခြင်းတို့ကို ရုံးချုပ်ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ကာ တူးဖော်ရာတွင် တရုတ်ပညာရှင် များဖြင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ရှင်းလင်း ပြောကြားသည်။
ယခုတွင်း၏ ထူးခြားချက်မှာအနက်ပေ ၂၇၅၀ မှစ၍ ၆၈၅၀ ပေသို့ စောင်းထောင့် ၄၆ ဒီဂရီ၊ Directional ၅၈ ဒီဂရီဖြင့် တူးဖော်သွားမည် ဖြစ်ကြောင်း၊ ပြလို့အစမ်းတွင်းအမှတ် NW 3-1 ကို တွင်းတူးရက်ပေါင်း ၇၅ ရက်အတွင်း ခန့်မှန်းအနက် ပေ ၆၈၅၀ ရောက်အောင် တူးဖော်မည်ဖြစ်ပြီး တစ်နေ့ချင်း တူးဖော်ရာတွင် အနည်းဆုံးပေ ၁၀၀ နှင့်အထက်တူးဖော်နိုင်ကြောင်း စသည်တို့ကိုလည်း ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေနံအစမ်းတွင်းတူးဖော်မှု လုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ရေနံတွင်းတူးဖော်မှုလုပ်ငန်း အောင်မြင် ပါစေကြောင်းပြောကြား၍ ဝန်ထမ်းများအား သစ်သီး ခြင်းနှင့် ဆန်၊ ဆီများပေးခဲ့ပြီး လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြား ခဲ့သည်။
မျိုးသိန်း(ပြန်/ဆက်)