နေပြည်တော်   ဖေဖော်ဝါရီ   ၁၉
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တ ဒေါက်တာ ကုမာရာဘိဝံသ နှင့် နိုင်ငံတော်သြဝါဒါစရိယ မဟာဝိဇိတာရုံ ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာန နာယက ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု  ဘဒ္ဒန္တ ဝိစာရိန္ဒာဘိဝံသတို့  အမှူးပြုသော မန္တလေးမြို့ပေါ်ရှိ ကျောင်းတိုက်များမှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး ၂၇ ပါးကို ယနေ့ နေ့လယ်ပိုင်းတွင် အောင်မြေသာစံမြို့နယ်ရှိ  နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(မန္တလေး) ၌   အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဆေးအဖွဲ့က ကျန်းမာရေးစစ်ဆေးပေးပြီး ပထမအကြိမ် အဖြစ် COVID - 19 ရောဂါကာကွယ်ဆေးထိုးနှံပေးသည်။
ယင်းသို့ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအား COVID - 19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူး  ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များက သွားရောက်ဖူးမြော်ကြည်ညို ကြသည်။
အလားတူ  နိုင်ငံတော်သြဝါဒါစရိယ၊  အင်းစိန်ရွာမ ကျောင်းတိုက်   ဆရာတော်  အဂ္ဂမဟာပဏ္ဍိတ  ဘဒ္ဒန္တ တိလောကာဘိဝံသနှင့် နိုင်ငံတော်သြဝါဒါစရိယ ဆရာ တော်ကြီးများ၊    နိုင်ငံတော်သံဃမဟာနာယကအဖွဲ့    အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ သန်လျင်မင်းကျောင်းဆရာတော်  ဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့် နာယကအဖွဲ့ဝင် ဆရာတော်ကြီးများနှင့် ပင့်သံဃာတော် ၄၇ ပါးတို့ကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်   သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဘုရားခန်း၌   ရန်ကုန်တိုင်းစစ်ဌာနချုပ်  ဆေးအဖွဲ့က ကျန်းမာရေးစစ်ဆေးပေးပြီး ပထမအကြိမ်အဖြစ် COVID- 19 ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည်။
ထိုသို့ ဆရာတော်ကြီးများအား COVID - 19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုများကို တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုး၊ တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်    အဖွဲ့ဝင်များက   သွားရောက်ဖူးမြော် ကြည်ညိုပြီး   လှူဖွယ်ပစ္စည်းများ   ဆက်ကပ်လှူဒါန်းခဲ့ ကြောင်း သတင်းရရှိသည်။                         
 သတင်းစဉ်
      
  
      


