
နေပြည်တော် မတ် ၂၈
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၇)ဖွဲ့၏ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တို့ ၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ လုပ်ငန်းကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား)၊ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ် ကြီး မင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း၊ ဦးလှမောင်ရွှေ၊ ဗိုလ်မှူးကြီး ဝဏ္ဏအောင်နှင့် အထောက်အကူပြု အဖွဲ့ဝင် ဗိုလ်မှူးကြီး အောင်ကျော်ထွန်း၊ NCA-S-EAO အလွတ်သဘောဆွေးနွေးညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် စဝ်စိုင်းငင်း(RCSS)၊ ဒုတိယအဖွဲ့ခေါင်းဆောင်များဖြစ်ကြသည့် စောမြရာဇာလင်း (ALP)နှင့် နိုင်အောင်မငေး (NMSP)၊ အဖွဲ့ဝင်များဖြစ်ကြသည့် စောကျော်သန်းဌေး (DKBA)၊ စောကျော်ညွန့် (KNU/KNLA-PC)၊ ကျာဖူး(LDU)၊ ခွန်မင်းသိန်း(PNLO)နှင့် အထောက်အကူပြု ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှု အခင်းအကျင်းတစ်ရပ် ပေါ်ပေါက်ရေးကိစ္စ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဆင့်ဆင့်ဆိုင်ရာကိစ္စနှင့် ဖက်ဒရယ်အခြေခံမူများကိစ္စတို့ကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ဆွေးနွေးပွဲ ပထမနေ့ကို ရပ်နားခဲ့သည်။ ဆွေးနွေးပွဲ ဒုတိယနေ့ကို မတ် ၂၉ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်