
ပျဉ်းမနား မတ် ၂၅
နေပြည်တော် ပျဉ်းမနားမြို့နယ်မှ နွေစပါး ဧက ၁၀၀ တင်း ၁၂၀ နှင့် အထက် ထွက်ရှိရေး စံပြကွက်၌ မျိုးနှင့် မြေဩဇာများကို ဇီးဖြူပင် ကျေးရွာ ပေါစံခေါ KC ခန်းမ၌ မတ် ၂၂ ရက်က ထောက်ပံ့ပေးအပ်ရာ ပျဉ်းမနားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးဦးထွန်းထွန်းလင်းက နွေစပါး ဧက ၁၀၀ တင်း ၁၂၀ နှင့်အထက် ထွက်ရှိရေးအတွက် စံပြကွက်များ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန နေပြည်တော် တိုင်းဦးစီးမှူး ဦးဝင်းထိန်က တောင်သူများ စိုက်ပျိုးနေသော လယ်မြေ များတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးကောင်းမျိုးသန့် သုံးစွဲ နိုင်စေရန်၊ ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက် စေလိုကြောင်း၊ ဓာတ်မြေဩဇာ/ သဘာဝမြေဩဇာများကို အချိန်ကိုက် အချိုးကျ စနစ်တကျ ထည့်သွင်းအသုံးပြုစေလိုကြောင်း၊ တစ်ဧကလျှင် စပါးအထွက်နှုန်း အမြင့်ဆုံးထိ ထွက်ရှိနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍သော်လည်းကောင်း၊ တောင်သူအချင်းချင်း နည်းပညာများဖလှယ်၍ သော်လည်းကောင်း စိုက်ပျိုးထုတ်လုပ်ရန်လိုကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနကလည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားပြီး တာဝန်ရှိသူများက ဒေသခံတောင်သူများအား မျိုးစေ့များ၊ ကွန်ပေါင်းမြေဩဇာများ၊ ပုလဲမြေဩဇာများနှင့် စံပြကွက်ကြီးကြပ်မည့် ဝန်ထမ်းများအား စရိတ် နှင့် စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးခဲ့သည်။
မျိုးသီဟ(ပြန်/ဆက်)