
ညောင်ရွှေ မတ် ၂၅
ရှမ်းပြည်နယ် ညောင်ရွှေမြို့ရှိ ညောင်ရွှေဟော်နန်း ယဉ်ကျေးမှု ပြတိုက်သည် ပြည်တွင်း ပြည်ပ ခရီးသွား ဧည့်သည်များ စိတ်ဝင်တစား လာရောက် လေ့လာလည်ပတ်ရာ နေရာ တစ်ခုဖြစ်သည်။ လွန်ခဲ့သော နှစ်အနည်းငယ်က ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများကြောင့် အဆိုပါ ပြတိုက်ကို ဝင်ရောက် လေ့လာလည်ပတ်ခွင့် ယာယီ ပိတ်ထားခဲ့ရာမှ မတ် ၂၃ ရက် တွင် ခရီးသွားဧည့်သည်များ ဝင်ရောက်လေ့လာ လည်ပတ် ခွင့် ပြန်လည်ခွင့်ပြုပြီ ဖြစ်သည်။
အဆိုပါ ညောင်ရွှေဟော်နန်း ယဉ်ကျေးမှုပြတိုက်တွင် အတွင်း ညီလာခံဆောင်၊ အပြင်ညီလာခံ ဆောင်၊ ကန်တော့ခံဆောင်၊ တောင်နန်းဆောင်၊ မြောက်နန်း ဆောင်၊ သားတော်ကြီးဆောင်နှင့် အခြားအဆောင်များတွင် ရှေး ခေတ် ရှမ်းစော်ဘွားကြီးများ၏ အသုံးအဆောင် ပစ္စည်းများ၊ အဝတ်အစားများ၊ ဓာတ်ပုံများ၊ ရုပ်တုများ၊ ဟော်နန်းသုံးပစ္စည်း များနှင့် ရှေးဟောင်းပစ္စည်းများ၊ ရှမ်းတိုင်းရင်းသားတို့၏ အသုံး အဆောင်ပစ္စည်းများကို ခင်းကျင်း ပြသထားပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့ မှ တနင်္ဂနွေနေ့အထိ နေ့စဉ်နံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် ပြတိုက်မှူးအပါအဝင် ပြတိုက်ဝန်ထမ်း ခုနစ်ဦးဖြင့် ပြတိုက်လုပ်ငန်း တာဝန်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြတိုက်တာဝန်ရှိသူ ဒေါ်ခင် ငြိမ်းငြိမ်းကျော်က ပြောသည်။
စိုင်းအယ်ဘဲ