
ရန်ကုန် မတ် ၂၄
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာနာယကကျောင်းတော်ကြီးသို့ သွားရောက် ၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ ဗန်းမော်ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသအား ဖူးမြော်ကြည်ညို၍ ထိုင်းနိုင်ငံ ဘန်ကောက် မြို့သို့ ကျန်းမာရေးဆေးစစ်ရန်ကြွရောက်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ လျှောက်ထားပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲကျင်းပလျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စမ်းချောင်းမြို့နယ် စာဖြေဌာနဖြစ်သည့် အ.ထ.က (၂) သို့ လည်းကောင်း၊ အင်းစိန်မြို့နယ် စာဖြေဌာနဖြစ်သည့် သီရိမင်္ဂလာ သာသနာ့ဗိမာန်တော် သို့လည်းကောင်း သီလက္ခန္ဓဝဂ္ဂပါဠိအဋ္ဌကထာ (ဒုတိယနေ့) ဖြေဆိုနေကြသည့် စာဖြေသံဃာတော်/ သီလရှင်တို့အား ဖူးမြော်ကြည်ညိုကာ စာဖြေဌာနများအတွက် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။ ယနေ့ စမ်းချောင်းစာဖြေဌာနတွင် ရဟန်း အပါး ၉၇၀၊ သီလရှင် ၁၉၃ ပါး၊ လူပုဂ္ဂိုလ် နှစ်ဦးနှင့် အင်းစိန်စာဖြေဌာန တွင် ရဟန်း ၁၉၆ ပါး၊ သီလရှင် ၁၉ ပါးတို့ ဖြေဆိုတော်မူကြကြောင်း သိရသည်။
သတင်းစဉ်