
နေပြည်တော် မတ် ၂၃
မတ် ၂၃ ရက်တွင် ကျရောက်သော မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု တည်ထောင်ခြင်း (၇) နှစ်မြောက် နှစ်ပတ်လည်နေ့ ကို ဂုဏ်ပြုသော အထိမ်းအမှတ် အခမ်းအနားအဖြစ် မြန်မာနိုင်ငံ တွင် ဆောင်ရွက်ခဲ့သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်းများ၏ အောင်မြင်မှုပြပွဲနှင့် ဧည့်ခံပွဲ အခမ်းအနားကို နေပြည်တော်ရှိ M-Gallery ဟိုတယ်၌ ကျင်းပ သည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ နှင့် မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အထူးစီမံကိန်း များ အကောင်အထည်ဖော်ခဲ့သည့် ဝန်ကြီးဌာနများမှ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံ သံရုံး များမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာန များမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
အစီအစဉ်အရ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေနှင့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံ သံရုံးများမှ သံအမတ်ကြီးများက မြန်မာနိုင်ငံ တွင် ဆောင်ရွက်ခဲ့သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်းများ၏ အောင်မြင်မှုပြပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ဧည့်သည်တော်များ သည် ပြပွဲအတွင်း မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေဖြင့် ဝန်ကြီးဌာန ၁၇ ခု က ပူးပေါင်းဆောင်ရွက်မှုဧရိယာ ၃၄ ခု၌ အကောင်အထည်ဖော် ခဲ့သည့် စီမံကိန်း ၉၂ ခုမှ ရလဒ် များ ပြသထားမှုကို လိုက်လံ ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ (၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဧည့်ခံပွဲကို အဆိုပါဟိုတယ်၌ ဆက်လက် ကျင်းပသည်။ အဆိုပါ အခမ်း အနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မိန့်ခွန်းပြောကြား ရာ ဒေသတွင်း အလုံးစုံပါဝင်ဖွံ့ဖြိုး တိုးတက်မှုအတွက် ဆောင်ရွက် ရာတွင် မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုမှ ရရှိသည့် အကျိုး ကျေးဇူးများ၊ မြန်မာပြည်သူများ အတွက် အထူးရန်ပုံငွေ စီမံကိန်း များမှတစ်ဆင့် အထောက်အကူပြု မှုများ၊ ဒေသတွင်း ငြိမ်းချမ်းမှု ထိန်းသိမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်မှုအတွက် ပူးပေါင်း ဆောင်ရွက်ရာတွင် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ မူဝါဒများ၏ အရေးပါမှုတို့ကို ထည့်သွင်းပြောကြားခဲ့ပြီး အထူး ရန်ပုံငွေ ထောက်ပံ့သည့် တရုတ် ပြည်သူ့သမ္မတနိုင်ငံအား ကျေးဇူး တင်ကြောင်း ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က အထိမ်းအမှတ်မိန့်ခွန်း ပြောကြားသည်။
ထို့နောက် ဧည့်ခံပွဲအခမ်း အနားသို့ တက်ရောက်လာကြ သည့် ဧည့်သည်တော်များ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု (၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဗီဒီယိုမှတ်တမ်းတို ပြသသည်။ ဆက်လက်၍ ညစာစားပွဲ ကျင်းပ ရာ အနုပညာဦးစီးဌာနမှ အနုပညာ ရှင်များက ဖျော်ဖြေတင်ဆက်ကြ ပြီး ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ပြည်ထောင်စု ဝန်ကြီး ဦးသန်းဆွေနှင့် တရုတ် သံအမတ်ကြီး မစ္စတာ ချန်းဟိုင် တို့က ဂုဏ်ပြုလက်ဆောင် ပန်းခြင်းများ ပေးအပ်ချီးမြှင့်ကြ သည်။
မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှုကို ၂၀၁၆ ခုနှစ် မတ် ၂၃ ရက်တွင် ဒေသတွင်း ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းများအား ပူးပေါင်း ဆောင်ရွက်သွားရန် ရည်ရွယ်၍ စတင်တည်ထောင် ခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည်။ လက်ရှိတွင် မြန်မာနိုင်ငံ နှင့် တရုတ်နိုင်ငံတို့သည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု၏ ပူးတွဲဥက္ကဋ္ဌများအဖြစ် ပူးတွဲ ထမ်းဆောင်လျက်ရှိသည်။
သတင်းစဉ်