ကျွန်းစုမြို့နယ် မင်းကြီးကျွန်း၌ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၁၅ သန်းခန့်ဖြင့် ပုစွန်မွေးမြူခြင်း၊ အေးခဲခြင်းနှင့် တင်ပို့ရောင်းချခြင်းစီမံကိန်း ဆောင်ရွက်လျက်ရှိ

 

မြိတ်   မတ်    ၁၈


တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်  မင်းကြီးကျွန်း ရှိ ကျားကြီးအော်ကျေးရွာအနီးမှ မြေဧရိယာ ၅၂၇ ဒသမ ၉၄ ဧကပေါ်တွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁၁၅ သန်းခန့်ဖြင့် ပုစွန်မွေးမြူခြင်း၊ အေးခဲ ခြင်းနှင့် တင်ပို့ရောင်းချခြင်းစီမံကိန်းကို South Asia Qichang Seafood Trade Group ကုမ္ပဏီလီမိတက် က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။


“ပုစွန်မွေးမြူရေးစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမှု အနေနဲ့ အမေရိကန် ဒေါ်လာ ၁၁၅ သန်း ရင်းနှီးမြှုပ်နှံ မှာ    ဖြစ်ပါတယ်။   လက်ရှိလုပ်ငန်းပြီးစီးမှုအနေနဲ့ တည်ဆောက်ရေးလုပ်ငန်း ၇၀  ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ပါတယ်။ စီမံကိန်းကာလ သုံးနှစ် သတ်မှတ်ထားပါ တယ်။ စီမံကိန်းကာလပြည့်ပြီးရင် ပုစွန်မွေးမြူတာနဲ့ အအေးခန်းစက်ရုံလည်ပတ်ဖို့            ပြင်ဆင်ထား ပါတယ်” ဟု    အဆိုပါကုမ္ပဏီမှ     စီမံကိန်းမန်နေဂျာ ဦးမိုးကျော်ဟန်က ပြောသည်။ 


ပုစွန်မွေးမြူရေး          စီမံကိန်းကာလအတွင်း  စုစုပေါင်း ပုစွန်ကန် ၇၇  ကန်တူးဖော်မည်ဖြစ်ပြီး ပထမနှစ်တွင် ကန် ၃၂ ကန်ကို အနည်းဆုံး ၁ ဒသမ ၅ ဧက အကျယ်အဝန်းမှစ၍ တူးဖော်မည်ဖြစ်ကြောင်း၊ ပုစွန်သားပေါက်များကို ထိုင်းနိုင်ငံမှ မှာယူတင်သွင်း ပြီး နိုင်ငံတကာဈေးကွက်ဝင် အရည်အသွေး ပြည့်မီ သော သန့်ရှင်းလတ်ဆတ်သည့် ပုစွန်များကို  GAqP Guideline နှင့်အညီ  မွေးမြူထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။


 “ စီမံကိန်းနှင့်ပတ်သက်ပြီး အဓိကတော့ ဒေသခံ တွေ   အလုပ်အကိုင်ရရှိဖို့အတွက်    ရည်ရွယ်ထားပါ တယ်။   လုပ်ငန်းလည်ပတ်ပြီဆိုတာနဲ့    လုပ်သား အင်အား ၁၀၀၀ ကျော် အသုံးပြုသွားမှာဖြစ်ပါတယ်။ အနီးပတ်ဝန်းကျင်ကျေးရွာတွေ   ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် လုပ်ငန်းလည်ပတ်ပြီဆိုတာနဲ့ ကျေးရွာများ မီးရရှိရေး၊    သောက်သုံးရေရရှိရေးတွေကို    စီစဉ် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်”   ဟု   စီမံကိန်း မန်နေဂျာက ဆက်ပြောသည်။


ရေငန်ပုစွန်မွေးမြူခြင်းနှင့်    အအေးခန်းစက်ရုံ တည်ဆောက်၍ ရေငန်ပုစွန်များအား အေးခဲပြုပြင် ထုတ်လုပ်ခြင်းစီမံကိန်း၏     ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း(Environmental Impact Assessment- EIA) နှင့်    လုပ်ငန်းစဉ်၏    နယ်ပယ်အတိုင်းအတာ သတ်မှတ်ခြင်း  (Scoping)    လုပ်ငန်းကို    E Guard Environmental Services က တာဝန်ယူဆောင်ရွက် လျက်ရှိပြီး  လုပ်ငန်းဆိုင်ရာများ၊ စီမံကိန်းဆိုင်ရာ အချက်အလက်များ   ရှင်းလင်းတင်ပြခြင်း၊   အများ ပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်းနှင့်  သဘောထား ရယူဆွေးနွေးခြင်းကို မတ် ၁၇ ရက်က  မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး၌ ပြုလုပ်ခဲ့ကာ  တက်ရောက် လာကြသည့်   ဌာနဆိုင်ရာများနှင့်  ဒေသခံများက သိလိုသည်များကို မေးမြန်းဆွေးနွေး၍  တာဝန်ရှိသူ များက   ပြန်လည်ရှင်းလင်း  ဖြေကြားခဲ့ကြသည်။ ဆွေးနွေးပွဲသို့ ကျွန်းစုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။      

ခိုင်ထူး (ပြန်/ဆက်)