စောင်နီလေးတစ်ထည် (A RED BLANKET) ရုပ်ရှင်ဇာတ်ကား RED CARPET SHOW ပြသ

 

ရန်ကုန်    မတ်     ၁၈


ပြည်သူ့တပ်မတော်သားတို့၏ စွန့်လွှတ်စွန့်စားသော စိတ်ထား၊     ချစ်ခြင်းမေတ္တာနှင့်   ငြိမ်းချမ်းရေးကို အခြေခံရိုက်ကူးထားသည့်  စောင်နီလေးတစ်ထည် (A RED BLANKET) ရုပ်ရှင်ဇာတ်ကား  RED CARPET SHOW ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲက  ရန်ကုန်မြို့ ရန်ကင်းမြို့နယ် မိုးကောင်းလမ်းရှိ STAR CINEMA (MYAWADI MEDIA CENTER) တွင် ပြသသည်။

 


အဆိုပါ RED CARPET SHOW ပြပွဲသို့ ရန်ကုန် တိုင်းဒေသကြီး     ဝန်ကြီးချုပ်     ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး   ဝန်ကြီးများ၊   မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး   ဥက္ကဋ္ဌနှင့်   အဖွဲ့ဝင်များ၊   MYAWADI MEDIA CENTER မှတာဝန်ရှိသူများ၊  ဒါရိုက်တာနှင့် ရုပ်ရှင်သရုပ်ဆောင်များ၊  အနုပညာရှင်များ၊ ရုပ်ရှင် ရိုက်ကူးရေး        အဖွဲ့ဝင်များ၊       ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်   မီဒီယာများ  တက်ရောက် ကြသည်။

 


စောင်နီလေးတစ်ထည်ဇာတ်ကားတွင် ရန်အောင်၊   စိုးမြတ်သူဇာ၊  စိုးမြတ်နန္ဒာ၊ ကျော်ဇောဟိန်း၊ နက္ခတ်၊ အယ်လ်နေနော်၊ အယ်လ်ဆိုင်းဇီ၊ နေရောင်၊ သီဟနိုင်၊ သားထွေးနှင့်  ဇီဇီတို့ အဓိကသရုပ်ဆောင်ထားကြပြီး ရုပ်ရှင်မပြသမီ      ရုပ်ရှင်ဇာတ်ကားအား   ဖန်တီးမှု၊  ဇာတ်ကားရိုက်ကူးမှုအတွေ့အကြုံများနှင့် ကျေးဇူး တင်စကားတို့ကို ဒါရိုက်တာနှင့် သရုပ်ဆောင်များက ရှင်းလင်းပြောကြားကြကာ     မုဒိတာစကားများ ပြောကြားကြသည်။

 


စောင်နီလေးတစ်ထည်  ရုပ်ရှင်ဇာတ်ကားသည် ဖြစ်ရပ်မှန်အပေါ်     အခြေခံရိုက်ကူးထားခြင်းဖြစ်ပြီး ဝတ္ထုဇာတ်လမ်းကို     တင်သန်းဦး၊   တင်အောင်စိုး (ပန်းမြို့တော်)တို့က   ရေးသား၍   မျိုးမြင့်ရန်နောင် က ဇာတ်ညွှန်းရေးဖွဲ့၍    ဒါရိုက်တာ   တင်အောင်စိုး (ပန်းမြို့တော်)က ရိုက်ကူးတင်ပြထားကာ ပြသချိန် မှာ ၂ နာရီ မိနစ် ၄၀ ဖြစ်သည်။   အဆိုပါဇာတ်ကားကို ကချင်ပြည်နယ်တွင် အခြေခံရိုက်ကူးထားခြင်းဖြစ်ပြီး ငြိမ်းချမ်းရေးနှင့်    ချစ်ခြင်းမေတ္တာကို   အခြေခံ၍ မေတ္တာတရားကို     ပေါ်လွင်အောင်ရိုက်ထားသော ဇာတ်ကားကောင်းတစ်ကားဖြစ်ကာ (၇၈)နှစ်မြောက်  တပ်မတော်နေ့ကိုဂုဏ်ပြုသည့်  ဇာတ်ကားတစ်ကား ဖြစ်သည်။

 


မြဝတီမီဒီယာစင်တာကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ       တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်    ဗိုလ်ချုပ်မှူးကြီး    မဟာသရေစည်သူ မင်းအောင်လှိုင်က   ၂၀၂၁   ခုနှစ်   မေ ၂ ရက်တွင်  ဖွင့်လှစ်ပေးခဲ့သည်။ စင်တာအတွင်းရှိ  လူ ၂၀၀ ဆံ့ STAR Cinema  ရုပ်ရှင်ရုံတွင် Screen ၂၀ x ၄၀ ပေ၊ 4K,3D Sound System 11.1 စနစ်နှင့် စတုရန်းပေ ၃၅၉၈ ပေအကျယ်အဝန်း၌  အလျား ၅၈ ပေ ၉ လက်မ၊ အနံ ၆၁  ပေ ၃ လက်မ၊  အမြင့် ၂၈ ပေ ရုပ်ရှင်ရုံနှင့် လူ ၃၀၀ ဆံ့ STAR Theatre  ရုပ်ရှင်ရုံတွင် Screen ၃၆ ပေ ၃ လက်မx ၂၂ ပေ ၃ လက်မ ဖြင့် ကြည့်ရှုခံစားနိုင်ပြီး   ၅၈၀၂ စတုရန်းပေ  အကျယ် အဝန်း၌ အလျား ၅၈ ပေ ၉ လက်မ၊  အနံ ၉၁ ပေ ၉  လက်မနှင့် အမြင့် ၂၈ ပေ ကျယ်ဝန်းကာ Reception နှစ်ခုဖြင့်  ကြည့်ရှုအားပေးကြသည့်  ပရိသတ်တို့ကို ဝန်ဆောင်မှုများ ပေးထားသည်။

 


ထို့အပြင်   မြဝတီမီဒီယာစင်တာ၌ Make Up  Room Lobby နှစ်ခန်းနှင့် Gangway, မြက်ခင်းပြင်၊ Office Room, Training Room, Meeting Room များ၊  လူ ၁၈၀ နှင့် လူ၄၅၀ ဆံ့ ခန်းမများ၊ ရုပ်ရှင်ရုံ၊ ကဇာတ်ရုံနှင့် အင်ဒိုးစတူဒီယို၊ အောက်ဒိုးစတူဒီယိုများ  စသည်တို့ကိုငှားရမ်းလိုပါက ဖုန်း ၀၁-၄၇၀၅၉၉၁ သို့ဆက်သွယ်နိုင်ပြီး   ဝန်ဆောင်မှုကောင်းများဖြင့် ကြိုဆိုလျက်ရှိကာ   STAR    CINEMA    ရုပ်ရှင်ရုံမှ ဝန်ထမ်းများက  ကြည့်ရှုအပန်းဖြေသော   ပြည်သူ များ   စိတ်နှလုံးအေးချမ်းစွာ   ကြည့်ရှုခံစားနိုင်ရန်  ဝန်ဆောင်မှုကောင်းများဖြင့် ကြိုဆိုလျက်ရှိသည်။

 


စောင်နီလေးတစ်ထည်    (A RED BLANKET)ရုပ်ရှင်ဇာတ်ကားကို (၇၈)နှစ်မြောက် တပ်မတော် နေ့ကို ဂုဏ်ပြုသောအားဖြင့် ပြသသွားမည်ဖြစ်ပြီး တပ်မတော်သားတို့၏        စွန့်လွှတ်စွန့်စားသော စိတ်ဓာတ်၊ မေတ္တာတရားနှင့်  ထာဝရငြိမ်းချမ်းရေးကို အစဉ်တန်ဖိုးထားသော  စိတ်ထားတို့ကို  ရုပ်ရှင်ချစ် ပြည်သူတို့ထံ ချပြသွားမည်ဖြစ်ကြောင်း  သိရသည်။


ညိမ်းသူ(သတင်းစဉ်) ၊ ဓာတ်ပုံ-ကနူး