ပူတာအိုဒေသ ခရီးစဉ်များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေ

 

ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း သဘာဝအခြေခံ ခရီးသွားလုပ်ငန်းစဉ်မှာ ထင်ပေါ်ကျော်ကြားသည့်   ခရီးစဉ်တစ်ခုဖြစ်ပြီး    ပြည်တွင်းပြည်ပ ခရီးသွားများ   နှစ်စဉ်လာရောက်လည်ပတ်လျက်ရှိသည်။  ပူတာအို ဒေသအတွင်း   ခရီးသွားများ   ဘေးကင်းလုံခြုံစွာ  လည်ပတ်နိုင်ရေး၊    ကျန်းမာရေးစောင့်ရှောက်မှုနှင့်  လိုအပ်သည့်   အကူအညီများ ပေးအပ်နိုင်ရေးအတွက် ဆက်စပ်ဌာနများ စုပေါင်း၍လည်း ပူတာအိုခရိုင် ခရီး စဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီကိုဖွဲ့စည်း၍ စီမံချက်ရေးဆွဲ အကောင်အထည်ဖော်နေပြီဖြစ်သည်။
၂၀၁၇   ခုနှစ်   ဖေဖော်ဝါရီလမှ  ၂၀၁၉  ခုနှစ် နိုဝင်ဘာလအထိ ပူတာအိုဒေသသို့ ကမ္ဘာ့နိုင်ငံပေါင်း ၄၈ နိုင်ငံမှ ခရီးသွား ဧည့်သည် ၁၀၄၉ ဦး လာရောက် လည်ပတ်ခဲ့ကြပြီး  အမေရိကန်၊ ထိုင်းနှင့် တရုတ် နိုင်ငံတို့က ခရီးသွားများအများဆုံး လာရောက်ကြ သည်။ ၂၀၁၈ ခုနှစ်အတွင်း ၆၄၂ ဦး လာရောက်ခဲ့ ခြင်းကြောင့် တစ်နှစ်အတွင်း ခရီးသွား ၆၂ ရာခိုင်နှုန်း အထိ တိုးတက်ခဲ့သည်။  သို့သော် ၂၀၂၀ ပြည့်နှစ်မှ စ၍ ခရီးသွားများလာရောက်မှု နှောင့်နှေးခဲ့သည်။
ပူတာအိုလွင်ပြင်ပတ်လမ်း
ပူတာအိုမြို့နယ်အတွင်း  ရေခဲတောင်များသို့ သွားရာလမ်းအထက် ဆန်ဂေါင်- လုံနဒမ်း- ဇီယာဒမ်း ရေခဲတောင်သွားလမ်းမှာ    အရှည်   ၂၄   မိုင်ရှိပြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက   တောင်ပေါ် မြေသားလမ်း ၁၈ ပေအကျယ်  လမ်း ၁၂၃ မိုင်ကို ဖောက်လုပ်ပြီးစီးခဲ့ပြီး    ကျန်လမ်းအပိုင်းအတွက် ယခုဘဏ္ဍာနှစ်အတွင်း  ဆောင်ရွက်နေပြီဖြစ်ရာ အဆိုပါလမ်းပိုင်းပြီးစီးပါက   ခရီးစဉ်များ    ပိုမို ဖော်ဆောင်နိုင်တော့မည်ဖြစ်သည်။ ယခုလက်ရှိတွင် ပူတာအိုလွင်ပြင်ပတ်လမ်းကို  အကောင်အထည်ဖော် လျက်ရှိရာ ပြီးစီးသွားပါက  ခရီးစဉ်သစ်များလည်း ပိုမိုထွက်ပေါ်လာတော့မည်ဖြစ်သည်။
ခေါင်လန်ဖူးနှင့် ရေခဲဖုံးလွှမ်းရာ ရှိန်ခေါင်ဒေသ
ပူတာအိုခရိုင်အတွင်း အခြားခရီးသွားလုပ်ငန်း အသစ်တစ်ရပ်မှာ  ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ သဘာဝတောတောင်ရေမြေများနှင့်   အရှေ့ဘက် ရေခဲဖုံးလွှမ်းရာ ရှိန်ခေါင်ဒေသ ခရီးသွားလုပ်ငန်း ဖြစ်ပါသည်။  လက်ရှိတွင်  မဂွေဇ  -  ခေါင်လန်ဖူး လမ်းကို နှစ်အလိုက်ရန်ပုံငွေများအရ ဖောက်လုပ်နေ ကြပြီဖြစ်ရာ    လမ်းပန်းဆက်သွယ်ရေး လွယ်ကူလာ သည့်အချိန်တွင်     ခေါင်လန်ဖူးမြို့နယ်သည်လည်း    ပြည်တွင်း    ပြည်ပခရီးသွားများကို စိတ်ဝင်စားမှုများ ပေးစွမ်းနိုင်မည်ဟု ယူဆမိသည်။
ရေခဲတောင်နှင့် ဘေးကင်းလုံခြုံမှု
ပူတာအိုဒေသတွင် ယခုအခါ ရေခဲတောင်ခရီးစဉ် များ         ပြန်လည်ဖော်ဆောင်နေကြပြီဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ စိတ်ဝင်စားသည့်  ခရီးသွား များ စတင်လည်ပတ်နေကြပြီဖြစ်သည်။  ပူတာအို ဒေသ ခရီးသွားလုပ်ငန်းဆိုင်ရာ စောင့်ရှောက်မှုတွင် ခရီးသွားလုပ်ငန်း၌     ပါဝင်ပတ်သက်နေကြသူများ၊ ကိုယ်တိုင်လုပ်ဆောင်နေသူများသည်     ခရီးသွား များ၏      ဘေးကင်းလုံခြုံရေး၊       ကျန်းမာရေးနှင့်  စိတ်ကျေနပ်မှုရရှိစေရေးတို့ကို    ပိုမိုဖြည့်ဆည်းပေး နိုင်ရန်အတွက် ဆောင်ရွက်ပေးရန်   အထူးလိုအပ် ကြောင်းသိရှိရပြီး    ခရီးစဉ်ဘေးကင်းလုံခြုံရေး အတွက်   မီဒီယာများမှတစ်ဆင့်   အသိပေးခြင်း၊ ကန့်သတ်နယ်မြေနှင့် ဝေးလံခေါင်းပါးသော (ဥပမာ ရေခဲတောင်ခရီးစဉ်) များ၌  မတော်တဆမှုများနှင့် ကျန်းမာရေးလိုအပ်ချက်များအတွက်     အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်ရမည့်  အစီအမံများလည်း ထားရှိမည်ဆိုပါက ပိုမိုကောင်းမွန်မည်ဖြစ်သည်။
ပူတာအိုခရိုင်အတွင်း    ခရီးသွားလုပ်ငန်းဖွံ့ဖြိုး စေရေးအတွက်      အခြေခံအဆောက်အအုံများ ဖြစ်သည့် လေကြောင်းနှင့် မော်တော်ကားလမ်းများ ယခုထက်ပိုမိုအဆင့်မြှင့်တင်ခြင်း၊ ခရီးသွားများ၏ သွားလာတည်းခိုနေထိုင်မှုများ       သက်သောင့် သက်သာ ရှိလာစေခြင်းဖြင့်   ခရီးသွားများကို   ပိုမို ဆွဲဆောင်နိုင်မည်ဖြစ်သည်။   ယခုအခါ    ပူတာအို မြို့နယ်အတွင်း   ဟိုတယ်လေးခုနှင့်   တည်းခိုခန်း ရှစ်ခုဖွင့်လှစ်ထားပြီး  ခန့်မှန်းလူဦးရေ ၂၀၀ ခန့်နှင့် ဆွမ်ပရာဘွမ်မြို့နယ်၌         တည်းခိုခန်းနှစ်ခုတွင် ခန့်မှန်းလူဦးရေ ၂၀ ခန့်သာ တည်းခိုနိုင်သေးပြီး အခြားမြို့နယ်များတွင်လည်း          ခရီးသွားများ သက်သောင့်သက်သာ တည်းခိုစရာများ လိုအပ်နေ သေးသည်ကို တင်ပြလိုက်ရပါသည်။  
ဖုန်ကန်(ပူတာအို)၊ ဓာတ်ပုံ-ကိုရဲ(ပူတာအို)