ပြည်သူများသို့အသိပေးတင်ပြချက် ထုတ်ပြန်

ပြည်သူများသို့အသိပေးတင်ပြချက် ထုတ်ပြန်

========================

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

“ ပြည်သူများသို့အသိပေးတင်ပြချက်”

၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက်

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်)

 

 

၁။ မြန်မာ့တပ်မတော်သည် ပြည်သူနှင့်ပတ်သက်လာလျှင် “ ပြည်သူသာ အမိ၊ ပြည်သူသာ အဖ ” ဟူသော ဆောင်ပုဒ်ကို ခေတ်အဆက်ဆက် ဦးထိပ် ထား ဆောင်ရွက်ခဲ့ပါသည်။ ပြည်သူတို့ လိုလားတောင်းဆိုသော “ပါတီစုံ ဒီမိုကရေစီစနစ်” ကို ဆွေးနွေးညှိနှိုင်းခြင်းနည်းလမ်းများ၊ ဥပဒေလုပ်ထုံး လုပ်နည်းများအရ ဆောင်ရွက်ခြင်းနည်းလမ်းတည်းဟူသော နိုင်ငံရေး ယဉ်ကျေးမှုများဖြင့် တည်ငြိမ်အေးချမ်းစွာ အသွင်ကူးပြောင်းပေးခဲ့ပါသည်။

၂။ ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၊ ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲနှင့် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတို့ကို အောင်မြင်စွာ ကျင်းပပေးခဲ့ပါသည်။ ၎င်းရွေးကောက်ပွဲများ၌ ကြီးမားသည့် ရွေးကောက်ပွဲ ဆိုင်ရာအငြင်းပွားမှုများမရှိခဲ့ဘဲ သာမန်အငြင်းပွားမှုများကိုသာ တွေ့ရှိခဲ့ရပြီး အဆိုပါ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကိုလည်း သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်နှင့် တာဝန်ရှိသူများက ဥပဒေနှင့်အညီ ဖြေရှင်းပေး ခဲ့ပါသည်။

၃။ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးရာတွင် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲသည် ၎င်းစနစ်၏ အသက်ပင်ဖြစ်ပါသည်။ လွတ်လပ်၍ တရား မျှတသော ရွေးကောက်ပွဲဖြစ်မှသာလျှင် ပြည်သူ့ဆန္ဒအစစ်အမှန်ကို ထင်ဟပ် ပေါ်လွင်စေမည် ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄ အရ “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက် ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည် ” ဟု ပြဋ္ဌာန်းထားပါသည်။ နိုင်ငံတော် ၏ အချုပ်အခြာအာဏာကို ကိုင်တွယ်ကျင့်သုံးမည့် အစိုးရအဖွဲ့၊ သက်ဆိုင်ရာ လွှတ်တော်အသီးသီး၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် အဖွဲ့အစည်းအသီးသီးတို့ကို ရွေးကောက်ပွဲဖြင့် တိုက်ရိုက်၍သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပြည်သူက ရွေးချယ်ရခြင်းဖြစ်ပါသည်။ ၎င်း ရွေးကောက်ပွဲသည် လွတ်လပ်၊ သန့်ရှင်း၊ တရားမျှတမှသာ ပြည်သူ့ဆန္ဒအစစ် အမှန်ကို ထင်ဟပ်ပေါ်လွင်လျက် အချုပ်အခြာအာဏာသည် ပြည်သူ/ နိုင်ငံသားများထံမှ စစ်မှန်သည့် ဆင်းသက်ခြင်းမျိုးဖြစ်ပါမည်။

၄။ ယခုကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင်မူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တရားဝင် ထုတ်ပြန်ခဲ့သော မဲစာရင်းအပေါ် စိစစ်ချက်များအရ မဲမသမာမှုပြုနိုင်သည့် မဲစာရင်းပေါင်း ၁၀၄၈၂၁၁၆ (တစ်ဆယ်သန်းလေးသိန်းကျော်) ရှိခဲ့ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တရားဝင်ထုတ်ပြန်ချက်အရ မဲပေး ပိုင်ခွင့်ရှိသူဦးရေ ၃၈ သန်းရှိပြီး ၎င်းအနက် ၁၀ သန်းကျော် မဲမသမာမှုဖြစ်နိုင် ကြောင်း စိစစ်တွေ့ရှိချက်မှာ မဲပေးပိုင်ခွင့်ရှိသူ လူပမာဏ၏ လေးပုံတစ်ပုံကျော် ( ၂၅ % ကျော် ) မဲမသမာမှုဖြစ်နိုင်နေခြင်း ဖြစ်ပါသည်။ ၎င်းကိစ္စသည် သာမန် မှားယွင်းမှု၊ သာမန်အငြင်းပွားနိုင်မှုမဟုတ်ကြောင်း ပြည်သူလူထုတစ်ရပ်လုံး တွေ့မြင်နိုင်ပါသည်။ ထိုသို့ တွေ့မြင်နိုင်အောင်လည်း တပ်မတော်အနေဖြင့် ပွင့်လင်းမြင်သာစွာ စိစစ်တွေ့ရှိချက် စာရင်းဇယားများ ထုတ်ပြန်ခြင်း ၃၀ ကြိမ်၊ သဘောထားထုတ်ပြန်ချက်များ ထုတ်ပြန်ခြင်းအား ရွေးကောက်ပွဲမတိုင်မီ ၂ ကြိမ်၊ ရွေးကောက်ပွဲအပြီး ၄ ကြိမ်၊ စုစုပေါင်း ၆ ကြိမ်၊ တရားဝင်ထုတ်ပြန်ခဲ့ပါ သည်။ တပ်မတော်သတင်းစာရှင်းလင်းပွဲများ၌လည်း ပြည်တွင်း၊ ပြည်ပမီဒီယာ ၅၀ ကျော်ရှေ့တွင် သက်သေအထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ပွင့်လင်း မြင်သာစွာလည်း ရှင်းလင်းပြသခဲ့ပြီးဖြစ်ပါသည်။

၅။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်၏ အုတ်မြစ်ဖြစ်သော ရွေးကောက်ပွဲအား လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေး၊ ရိုးသားသည့်နိုင်ငံရေးဖြစ်စေရေး ရွေးကောက်ပွဲ မတိုင်မီကပင် အကြိမ်ကြိမ် ပြောကြားခဲ့ပါသည်။ “လွတ်လပ်၍ တရားမျှတ သောရွေးကောက်ပွဲ” ဖြစ်ခဲ့ခြင်း ရှိ/ မရှိကို ရွေးကောက်ပွဲကျင်းပသည့်ရက် ၁ ရက်တည်းကြည့်ပြီး ဆုံးဖြတ်၍မရနိုင်ပါ။ ရွေးကောက်ပွဲမတိုင်မီ မဲဆွယ် စည်းရုံးရေးကာလ၊ ရွေးကောက်ပွဲရက်ကာလ၊ ရွေးကောက်ပွဲအပြီးကာလ အနည်းဆုံးကာလ ၃ ခု၌ လွတ်လပ်၍ တရားမျှတမှု ရှိ/ မရှိ၊ သံသယ ကင်းကင်း၊ သန့်သန့်ရှင်းရှင်း ရှိ/မရှိ သုံးသပ်စိစစ်ရမည်ဖြစ်ပါသည်။ ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲတွင် ၎င်းအချိန်ကာလ ၃ ခုလုံး၌ လွတ်လပ်မှု၊ တရားမျှတမှု၊ သန့်ရှင်းမှုများအပေါ် အငြင်းပွားဖွယ်ဖြစ်ပါသည်။ ထို့ကြောင့်လည်း ယနေ့ အထိ ရွေးကောက်ပွဲနှင့်ပတ်သက်၍ နိုင်ငံရေးပါတီ ၂၀ ပါတီမှ ကြေညာချက် ၂၆ စောင်ထုတ်ပြန်၍ ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုပြုနိုင်သည့် စာရင်းများကို ရှင်းလင်းပြီးစီးမှုမပြီးမချင်း တတိယအကြိမ်လွှတ်တော်ကို ဆိုင်းငံ့ထားရန် တောင်းဆိုခဲ့ပြီးဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍လည်း ၁၀.၁၁.၂၀၂၀ ရက်နေ့မှ ၂၉.၁.၂၀၂၁ ရက်နေ့အထိ မြို့နယ် ၉၉ မြို့နယ်၌ ဆန္ဒဖော်ထုတ်မှု ၁၂၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရပါသည်။

၆။ တပ်မတော်အနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာလျက် “ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ” ဖြစ်စေရေး ဥပဒေပြဋ္ဌာန်းချက်များကို မကျော်လွန်စေဘဲ အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်-

(က) ၂-၁၁-၂၀၂၀ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအကြိုကာလ၌ ဖြစ်ပေါ်နေသည့် အခြေအနေများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တည်ဆဲဥပဒေများကို ကျော်လွန်၍ ညွှန်ကြားချက်အမျိုးမျိုးထုတ်နေမှုများ၊ ကြိုတင် မဲပေးချိန်၌ ကြုံတွေ့နေရသည့် ဥပဒေနှင့် မညီညွတ်မှုများအား ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့အား သဘောထားထုတ်ပြန်ကြေညာခြင်း။

( ခ ) ၂-၁၁-၂၀၂၀ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းအသီးသီးအား လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရေးအတွက် ဒေသခံတိုင်းရင်းသားပြည်သူများအား ခြိမ်းခြောက်မှုမပြုစေရေးနှင့် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံး လှုပ်ရှားခွင့်ရရှိစေရေး ဆောင်ရွက်ပေးရန် သဘောထားထုတ်ပြန် ကြေညာခြင်း။

( ဂ ) ၃၀-၁၁-၂၀၂၀ ရက်နေ့တွင် ရွေးကောက်ပွဲအငြင်းပွားမှုများ ဖြေရှင်းနိုင်ရန်နှင့် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲ အဖြစ် အများပြည်သူ သံသယကင်းရှင်းစွာ အသိအမှတ်ပြုနိုင်ရေး သက်သေခံဥပဒေပုဒ်မ ၇၄ နှင့် ၇၆ တို့အရ စာရွက်စာတမ်းများ ကူးယူခွင့် တောင်းခံသည့် သဘောထားထုတ်ပြန်ချက် ထုတ်ပြန် ခြင်း။

(ဃ) ၁၀-၁၂-၂၀၂၀ ရက်နေ့တွင် ရွေးကောက်ပွဲကော်မရှင်မှ စာရွက် စာတမ်း ကူးယူခွင့်များကို ခွင့်မပြုသဖြင့် ၎င်းစာရွက်စာတမ်းများ အား ကူးယူခွင့်တောင်းခံခြင်းမှာ နိုင်ငံသားတစ်ဦး၏ ဥပဒေနှင့်အညီ ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေးနှင့် ကန့်ကွက်ပိုင်ခွင့် အခွင့်အရေး တို့အရ တောင်းခံခြင်းဖြစ်သည့်အတွက် ဆောင်ရွက်ပေးနိုင်ပါရန် တိုက်တွန်းသည့် သဘောထားထုတ်ပြန်ခြင်း။

( င ) ၁၄-၁-၂၀၂၁ ရက်နေ့တွင် တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ်များနှင့် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ် ၂၀၃ ဦးတို့က ၁၁-၁-၂၀၂၁ ရက်နေ့၌ အခြေခံဥပဒေနှင့်အညီ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးခေါ်ယူရန် တင်ပြချက်အား ငြင်းဆန်မှုအပေါ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်ခြင်း ရှိ/မရှိ ပြန်လည်ဆန်းစစ်ပေးရန် သဘောထား ထုတ်ပြန်ခြင်း။

( စ ) ၂၀-၁-၂၀၂၁ ရက်နေ့တွင် တပ်မတော်၏ ရွေးကောက်ပွဲအပေါ် စိစစ်တွေ့ရှိချက်များ၊ မဲမသမာမှုဖြစ်စေနိုင်သည့်စာရင်းများ ထုတ်ပြန်နေရခြင်းမှာ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာ သည့် အထွေထွေရွေးကောက်ပွဲရလဒ်ကို သံသယကင်းရှင်းစွာ အသိအမှတ်ပြုလိုခြင်းကြောင့်ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဖြေရှင်းပေးရန်နှင့် လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲရလဒ် ဖြစ်ကြောင်း ထုတ်ဖော်ပြသနိုင်မည်ဆိုလျှင် ပြည်သူ့ဆန္ဒအစစ် အမှန်ကို ထင်ဟပ်မည်ဖြစ်၍ တပ်မတော်နှင့် အခြားသော နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူ့ဆန္ဒနှင့်အညီ လက်ခံသွား မည်ဖြစ်၍ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေ့ရှု၍ ပြည်ထောင်စုလွှတ်တော်ကသော် လည်းကောင်း၊ နိုင်ငံတော်အစိုးရကသော် လည်းကောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကသော် လည်းကောင်း နည်းလမ်းရှာ ဖြေရှင်းပေးပါရန် သဘောထားထုတ်ပြန်ခြင်း။

၇။ တပ်မတော်အနေဖြင့် ၎င်းထုတ်ပြန်ချက်များအား ထုတ်ပြန်ခဲ့သည့် အပြင် အစိုးရအဖွဲ့ထံ အထက်ပါကိစ္စများကို ဖြေရှင်းပေးနိုင်ရေးအတွက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးအား ခေါ်ယူ ပေးပါရန် တင်ပြခဲ့ပါသည်။ တပ်မတော်အနေဖြင့် ကြေညာချက်များ ထုတ်ပြန် ၍ ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း ရွေးကောက်ပွဲနှင့်တိုက်ရိုက် သက်ဆိုင်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ဖြေရှင်းပေးရန် ပထမအဆင့် ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖြေရှင်းပေးရန် ငြင်းဆန်သည့်အခါ ပြည်ထောင်စုလွှတ်တော်မှ တစ်ဆင့် ဖြေရှင်းပေးနိုင်ပါရန် ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စု လွှတ်တော်အနေဖြင့် ဥပဒေနှင့်အညီ တောင်းဆိုသည့် ပြည်ထောင်စု လွှတ်တော်အထူးအစည်းအဝေး ခေါ်ယူပေးရန် ငြင်းဆန်သည့်အခါ လက်ရှိ ကြုံတွေ့နေရသော အခြေအနေများကို နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စု လွှတ်တော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တစ်ခုခုက နည်းလမ်းရှာ ဖြေရှင်းပေးပါရန် တောင်းဆိုခဲ့ပါသည်။ ၎င်းအဆင့်အားလုံး ငြင်းပယ်ခံရ သည့်အခါ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် အဓိကတာဝန် ရှိသော သမ္မတဦးစီးသည့် အရပ်ဘက်၊ စစ်ဘက်အားလုံးကိုကိုယ်စားပြုသော “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ” အစည်းအဝေးခေါ်ယူ၍ တွေ့ဆုံဆွေးနွေးကြရန် ၂ ကြိမ် တင်ပြခဲ့ပါသည်။ တပ်မတော်အနေဖြင့် ဤသို့ လုပ်ထုံး၊ လုပ်နည်း၊ ဥပဒေများနှင့်အညီ အဆင့်ဆင့်ဆောင်ရွက်ခဲ့ပါသည်။

၈။ တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄ အရ “ နိုင်ငံတော်၏အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်စေရန် ” ကိုလည်းကောင်း၊ ပုဒ်မ ၆ (ဃ)နှင့် ပုဒ်မ ၇ တို့အရ “စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေး” ကိုလည်းကောင်း၊ ပုဒ်မ ၆ (စ)အရ “ နိုင်ငံတော်၏ အမျိုးသား နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်ကပါဝင်ထမ်းဆောင်နိုင်ရေး တို့ကို အစဉ်တစိုက်ဦးတည်သည်” အား လိုက်နာဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ၌ ဖြစ်ပွားခဲ့သော မဲမသမာမှုဖြစ်နိုင် သည့်စာရင်း ၁၀၄၈၂၁၁၆ (တစ်ဆယ်သန်းလေးသိန်းကျော်)အား တာဝန်ရှိသူ အဆင့်ဆင့်က ဖြေရှင်းပေးမှုမရှိဘဲ လွှတ်တော်အသီးသီးအားခေါ်ယူခြင်း၊ အစိုးရဖွဲ့ရန် ကြိုးစားခြင်းတို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ပုဒ်မ ၄၀ (ဂ)နှင့် ပုဒ်မ ၄၁၇ ပါ “နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူ ရန် ဆောင်ရွက်ခြင်း ” ဖြစ်ပါသည်။

၉။ ထို့ကြောင့် တပ်မတော်အနေဖြင့် အထက်အပိုဒ် ၈ ပါ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များအား လေးစားလိုက်နာလျက် နိုင်ငံတော်၏ တာဝန်အရပ်ရပ်အား ယာယီသမ္မတမှ လွှဲပြောင်းတာဝန်ပေးထား သည့် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါသည်။ တပ်မတော်အနေဖြင့် ယခုဆောင်ရွက်နေဆဲ ကိစ္စရပ်များကို ဥပဒေနှင့်အညီ သာ ဆောင်ရွက်သွားပါမည်။ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကို တရားမျှတမှုအပြည့်ဖြင့် တည်ဆောက်သွားမည်ဖြစ်ပြီး အရေးပေါ် ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်၍ တရားမျှတသော အထွေထွေရွေးကောက်ပွဲအား ပြုလုပ်ကျင်းပပေးသွားမည် ဖြစ်ပြီး ရွေးကောက်ပွဲတွင် အနိုင်ရနိုင်ငံရေးပါတီအား နိုင်ငံတော်တာဝန်ကို လွှဲပြောင်းပေးသွားမည် ဖြစ်ပါသည်။ ပြည်သူလူထုတစ်ရပ်လုံးက တပ်မတော် နှင့် လက်တွဲ၍ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှုအပြည့်ဖြင့် တည်ဆောက်သွားနိုင်ရေး တင်ပြနှိုးဆော်အပ်ပါ သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး