
နေပြည်တော် မတ် ၁၇
ဧရာဝတီတိုင်းဒေသကြီး မအူပင် ခရိုင် ပန်းတနော်မြို့နယ် ဆုတောင်းပြည့် ကျေးရွာအုပ်စု ဆုတောင်းပြည့်ဘုရားစုကျေးရွာရှိ ဘုရားကုန်းကျောင်းတိုက်အတွင်း တည်ထားသော ရှေးဟောင်း ဆုတောင်းပြည့် စေတီတော် မြတ်ကြီး ရွှေထီးတော်တင်လှူပွဲ မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါစေတီတော် ၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင် တက်ရောက် ကြည်ညိုသည်။
အခမ်းအနားသို့ ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ အလှူရှင် ဒါယကာ၊ ဒါယိကာမ များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြည်ညိုကြသည်။
ရှေးဦးစွာ သံဃာတော် အရှင်သူမြတ်များက ရွှေထီးတော် ကို မဟာပဏာမ နမောတဿ ဂါထာတော်မြတ်နှင့် မေတ္တသုတ် ပရိတ်တော်မြတ်များ ရွတ်ပွား ပူဇော်ပြီး အမွှေးနံ့သာရည်ဖြင့် ပူဇော်ကာ ဒါယကာ၊ ဒါယိကာမ များက ဒေဝါဝင်း၊ ရာဇာဝင်းများ ခြံရံလျက် ဆုတောင်းပြည့်စေတီတော်မြတ်ကြီးကို လက်ယာရစ် လှည့်လည်ပူဇော်သည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အနောက်တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ အလှူရှင်များက ရွှေထီးတော် ဘုံအဆင့်နှင့် ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့ကို စေတီတော် အထွတ်သို့ မင်္ဂလာပန်းရထားဖြင့် တင်လှူပူဇော်ကြသည်။
ယင်းနောက် ဆရာတော် သံဃာတော်များက ဗုဒ္ဓါဘိသေက ဥဒါနမင်္ဂလာ ဂါထာတော်များ ရွတ်ပွားပူဇော်ကြပြီး ရွှေမိုး၊ ငွေမိုး များ ရွာသွန်းဖြိုးကြသည်။
ဆက်လက်၍ ရေစက်ချ မင်္ဂလာအခမ်းအနား ကျင်းပရာ ဧည့်သည်တော်များက နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် ပခန်း ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာ တော်များ ရွတ်ပွားချီးမြှင့်တော် မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ထို့နောက် ဆရာတော် သံဃာတော်များထံ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လှူဖွယ်ဝတ္ထု တို့ကို ဆက်ကပ်လှူဒါန်းကြပြီး အနုမောဒနာတရား နာကြားကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေ၍ အခမ်းအနားကို ရုပ်သိမ်းလိုက် ကြောင်း သိရသည်။
သတင်းစဉ်